Thu, 24th April, 2014
Thursday, 18 July 2013 12:39

အမေကလေးများဘဝ ကယ်တင်ကြပါ

Written by  အယ်ဒီတာတစ်ဦး

 

အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်ပြီး အသက် ၂၀ အောက် အရွယ်ဟု အမျိုးသမီးများကို သတ်မှတ်ပါသည်။ အသက် ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်အရွယ် မိန်းကလေးများသည် ဖွံ့ဖြိုးစအရွယ် ရာသီ စလာချိန် ဖြစ်သဖြင့် ကျန်းမာရန် အရှိန်ယူနေရချိန်လည်း ဖြစ်သည်။ ထိုသို့သော အရွယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကလေး အမေများ ဖြစ်ခဲ့ရသည့် အမျိုးသမီးငယ်များ ကမ္ဘာတွင် မြောက်မြားစွာ ဖြစ်ပေါ်လျက် ရှိသည်။

ကမ္ဘာတစ်လွှား အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်နေရသည့် နှုန်းသည် အာဖရိကတိုက် တောင်ပိုင်းနိုင်ငံ များအတွင်း အမြင့်မားဆုံးဖြစ်ပြီး လူ ၁၀၀၀ တွင် ၁၄၃ ဦးခန့် အမေကလေးများ ဘဝ ရောက်နေကြရ ကြောင်း၊ တောင်ကိုရီးယားနိုင်ငံတွင် လူ ၁၀၀၀ လျှင် ၂ ဒသမ ၉ ဦးနှုန်းဖြစ်ကြောင်း UNICEF အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်း မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိသွားသည့် ဦးရေမှာ အရွယ်မရောက်မီ အမျိုးသမီးလေးများ၏ ၈၂ ရာခိုင်နှုန်း ဖြစ်သည်ဟု Mayo Clinic အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂကလည်း ၂၀၁၃ ခုနှစ် ဇူလိုင်လ ကမ္ဘာ့ လူဦးရေများနေ့တွင် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင် နေရသူများအတွက် အစိုးရတိုင်းတွင် တာဝန်ရှိသည်ဟု ထောက်ပြထားသည်။ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ကလည်း နှစ်စဉ် အသက် ၁၈ နှစ် မပြည့်မီ ကလေး မွေးနေရသော အမျိုးသမီးလေးပေါင်း ၁၆ သန်း ခန့် ရှိသည်ဟု ထုတ်ပြန်ထားသည်။ ထို့ပြင် မိန်းကလေး ၃ ဒသမ ၂ သန်းခန့်သည် တရားမဝင် တိတ်တိတ်ပုန်း ကလေး ဖျက်ချရသည့် ကိစ္စများကို လုပ်ဆောင်နေကြရသည် ဟူ၍လည်း ယင်းအဖွဲ့က ဖော်ပြထားသည်။

ဖွံဖြိုးဆဲ နိုင်ငံများတွင် အမျိုးသမီး ၉၀ ရာခိုင်နှုန်းခန့်သည် အရွယ်မတိုင်မီ ထိမ်းမြား လက်ထပ်မှုများ ပြုလုပ်နေကြသည်။ သူတို့အတွက် အရွယ်မရောက်ဘဲ အိမ်ထောင်ပြုရခြင်း၊ ကလေးမွေးရခြင်း များသည် သိပ်မထူးဆန်းသည့် အစဉ်အလာကဲ့သို့ သဘောထားနေမှုများလည်း ရှိနေသည်။ ထိုနိုင်ငံ များတွင် ငယ်ရွယ်စွာ ကိုယ်ဝန်ဆောင်နေရမှုများသည် လူမှုရေး ပြဿနာများနှင့် များစွာ ဆက်စပ် နေသည်။ အထူးသဖြင့် ပညာမတတ်မှု၊ ဆင်းရဲမှုနှုန်း မြင့်မားခြင်း၊ ငယ်ရွယ်စွာ အိမ်ထောင်ကျပြီး ဝင်ငွေနည်းသည့် အနေအထားများနှင့် ရပ်တည်နေရခြင်းများကလည်း နှုန်းကို ပိုမြင့်စေသည့် အချက်များ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မှ အဖြစ်အပျက်လေး တစ်ခုကို ပြောပြချင်ပါသည်။
သူမအမည်က မီးမီး ဖြစ်သည်။ ယခု အသက် ၁၅ နှစ်တွင် ကိုယ်ဝန်ရှိသွားပြီး သမီးလေး တစ်ယောက် မွေးဖွားခဲ့ရသည်။ တစ်နေ့ မီးမီး ရထားစီးရန် မြေအောက်ဘူတာသို့ ဆင်းလာစဉ် နံရံတွင် ပိုစတာတစ်ခု ကပ်ထားသည်ကို တွေ့လိုက်ရသည်။ ပုံတွင် ကိုယ်ဝန်သည် ကလေး တစ်ယောက်သည် ငိုလျက် “ငါနင့်ကြောင့် ကျောင်း မတက်ရတော့ဘူး” ဟူ၍ ပြောနေသည့် စကားကို ဦးစားပေး ဖော်ပြထားသည်။ မီးမီးက ထိုပိုစတာကို ကြည့်ပြီး ထိတ်လန့်သွားခဲ့သည်။ အဖြစ်အပျက်တို့က သူ့ကို ခြောက်လှန့် နေသည့်ပမာ ဖြစ်သွားခဲ့သည်။

မီးမီးတွင် ကိုယ်ဝန်ရှိနေသည်ဟု သိလိုက်ချိန်တွင် ကောလိပ်တက်ရန်လည်း ပြင်ဆင်နေချိန် ဖြစ်သည်။ သို့သော် သူ့တွင် ကိုယ်ဝန်ရှိနေကြောင်း သိလိုက်သည့် ကျောင်းအုပ်ကြီးက ကောလိပ်ဝင်ခွင့် လျှောက်လွှာကို လက်ခံရန် ငြင်းပယ်ခဲ့သည်။ ထို့ပြင် “ ဒီပုံနဲ့ ဘွဲ့ရမှာလည်း မဟုတ်ပါဘူး။ လုပ်မနေ ပါနဲ့” ဟု ပြောလိုက်သည့် စကားက ပိုပြီး ခံပြင်းစရာ ကောင်းလှသည်။

သို့သော် မီးမီးသည် ဇွဲမလျှော့။ မနက် မိုးမလင်းမီ အိပ်ယာက ထရသည်။ ယောက်ျားကို အလုပ်သွား ရန် ချက်ပြုတ် ပြင်ဆင်ပေးရသည်။ ပြီးလျှင် သမီးကို နေ့ကလေးထိန်းထံ ပို့သည်။ ၇ နာရီ ၅၀ တွင် ကျောင်းရောက်ရန် အပြေးသွားရသည်။ ဆဲလ်ဖုန်း ရောင်းသည့် စတိုးဆိုင်တွင် တစ်ပတ် ၃၅ နာရီ အလုပ် ဝင်လုပ်ရသည်။ အလုပ်နှင့် ကျောင်းကို အသက်ပင် မရှူနိုင် ပြေးလွှားရင်း ပိုက်ဆံလည်းရှာ၊ ပညာလည်း ရှာခဲ့ရသည်။ အလုပ်ပြီးလျှင် ကလေးကို ဝင်ခေါ်၊ အိမ်ပြန်၊ ချက်ပြုတ် စားသောက်နှင့် ဘဝကို ရုန်းကန်ခဲ့ရမှုများကို ပြန်ပြီး အမှတ်ရနေမိသည်။ သူရုန်းကန် လှုပ်ရှားနိုင်လွန်းသဖြင့် ကလေးရော သူ့ဘဝပါ အသက်ရှင် ရပ်တည်နိုင်ခဲ့သည်။ ကိုယ်ဝန်သည် ဘဝနှင့် အိမ်ထောင်သည် ဘဝတို့တွင် သူတို့ကို ကူညီ စောင့်ရှောက်ပေးမည့်သူ မရှိ။ မိဘများကလည်း ပစ်ပယ်ထားသည်။ သို့ဖြင့် သမီးလေးကို ငဲ့ကွက်ပြီး ရုန်းကန်ခဲ့ရသည်။

အမေရိကန် မြို့ကြီးများတွင် အရွယ်မတိုင်မီ ကလေးမွေးဖွားနှုန်း ကျဆင်းလာသည် ဆိုသော်လည်း ကျေးလက် ဒေသများတွင် မြို့ပြထက် ၃၃ ရာခိုင်နှုန်း မြင့်မားလာသည်။ ပြည်နယ် အစိုးရများ၏ အစီရင်ခံစာအရ ကျေးလက်နေ မိန်းကလေးများသည် အသက်အရွယ်ကြီးသူများနှင့် အတွဲများပြီး ကိုယ်ဝန် ရှိလာသည်က များကြောင်း ဖော်ထုတ်ထားသည်။

ဇူလိုင်လ ၁၁ ရက်နေ့ ကုလသမဂ္ဂ၌ ကျင်းပခဲ့သည့် ကမ္ဘာ့ လူဦးရေနေ့တွင် အရွယ်မရောက်မီ ကိုယ်ဝန် ဆောင်ခြင်းနှင့် ပတ်သက်ပြီး အလေးထား တင်ပြကြသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အရွယ်မရောက်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေး မွေးဖွားခြင်းဖြင့် မသန်စွမ်းသူများ မွေးဖွားလာနိုင်သလို အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားပြီး သေဆုံးမှုများ ဖြစ်နိုင်သဖြင့် တန်ဖိုးရှိလှသည့် အမျိုးသမီးတို့ ဘဝပေါင်းများစွာ ဆုံးရှုံးနေရကြောင်း ထောက်ပြထားသည်။ ထို့ပြင် သူက အရွယ်မရောက်သေးသည့် မိန်းကလေးများသည် တိတ်တိတ်ပုန်း ကိုယ်ဝန်ဖျက်ချ နေကြခြင်းကြောင့် နာမကျန်းမှုများ၊ ထိုခိုက်ဒဏ်ရာ ရမှုများနှင့် သေဆုံးမှုများ ရှိနေကြောင်း ဖွင့်ပြောလာသည်။

“ဒီပြဿနာတွေကို ရင်ဆိုင်ဖို့ဆိုတာ မိန်းကလေးတွေကို ကျောင်းလွှတ်ရမယ်။ ပညာ ကောင်းကောင်း သင်ခိုင်းရမယ်။ သူတို့ ပညာတတ်မှ အိမ်ထောင်စောစော မပြုဖို့ စဉ်းစားနိုင်မယ်။ ကိုယ့်ခန္ဓာကိုယ်က အသင့် မဖြစ်သေးမီ ကိုယ်ဝန် မဆောင်သင့်ဘူးဆိုတာ ပညာရှိမှ ဆင်ခြင်နိုင်မယ်။ ကလေး တစ်ယောက် ယူနိုင်ဖို့ ကိုယ်တိုင်က အရွယ်ရောက်ရမယ်၊ ကျန်းမာရမယ်၊ ဝင်ငွေကောင်းကောင်း ရှိရမယ်ဆိုတာ ပညာတတ်မှ ဆင်ခြင်နိုင်မယ်” ဆိုသည့် အတွင်းရေးမှူးချုပ်၏ ထောက်ပြသော စကား များသည် မိဘများနှင့် ဆရာ ဆရာမများ စဉ်းစား ဆင်ခြင်စရာ ဖြစ်သည်။

၂၀၀၁ ခုနှစ် UNICEF စစ်တမ်း တစ်ခုတွင် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံကြီး ၁၂ နိုင်ငံအနက် နိုင်ငံ ၁၀ နိုင်ငံတွင် အရွယ်မရောက်မီ လိင်ဆက်ဆံသည့် အတွေ့အကြုံ ရှိသူများမှာ သုံးပုံ နှစ်ပုံခန့်ဖြစ်ကြောင်း သိရသည်။ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ နော်ဝေး၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အသက် ၁၅ နှစ်အရွယ် ၂၅ ရာခိုင်နှုန်းနှင့် အသက် ၁၇ အရွယ် ၅၀ ရာခိုင်နှုန်းတို့သည့် လိင် အတွေ့အကြုံများ ရှိနေကြကြောင်း ယင်း စစ်တမ်းက ဆိုသည်။

Save the Children အဖွဲ့၏ အဆိုအရ ကမ္ဘာတစ်ဝန်းတွင် အသက် ၂၀ အောက် မိန်းကလေးများ ကလေး မွေးဖွားမှုနှုန်းမှာ ၁၃ သန်းခန့် ဖြစ်နေပြီး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မိန်းကလေး ၉၀ ရာခိုင်နှုန်း ကျော်သည် အရွယ်မတိုင်မီ လင်ယူသားမွေး အလုပ်များ လုပ်နေကြရသည်ဟုဆိုသည်။ အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်း သားဖွားခြင်းကြောင့် သေဆုံးနှုန်းများမှာလည်း ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပိုပြီး ဖြစ်ပွားသည်။ အာဖရိက၊ နိုင်ဂျာတွင် လက်ထပ် ထိန်းမြားသည့် အမျိုးသမီး ၈၇ ရာခိုင်နှုန်းခန့်တွင် ၅၃ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်မတိုင်မီ ကလေး မွေးဖွားရသည့်သူများ ဖြစ်နေသည်။

အရွယ် မတိုင်မီ အိမ်ထောင်ကျခြင်း၊ သားဖွားရခြင်းကြောင့် မိန်းကလေးများတွင် လူမှုစီးပွား ပြဿနာ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများစွာ တက်နိုင်ပါသည်။ အထူးသဖြင့် အိမ်ထောင်တစ်ခု ထူထောင်ပြီး ရပ်တည်နိုင်ရန် ခက်ခဲခြင်းကြောင့် ဒုက္ခ ရောက်ကြရခြင်း ဖြစ်သည်။

ကျေးလက်တွင် ထူထောင်ထားသည့် အနောက်ဘန်ဂေါ ဆေးရုံ၌ အရွယ်မရောက်မီ ကလေး မွေးဖွား သည့် မိန်းကလေးများကို စစ်ဆေး မှတ်တမ်းတင်ထားရာတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်း ကလေး မွေးဖွားသူများသည် သွေးအားနည်းခြင်း ရောဂါ၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် မွေးဖွားလာသည့် ကလေးများမှာလည်း အလေးချိန် ပုံမှန်မဟုတ်ဘဲ မွေးဖွားခြင်းများဖြစ်ကြောင်း လေ့လာ တွေ့ရှိရသည်။

အမေ ကလေးများ ဖြစ်နေသဖြင့် မသိနားမလည်မှုများခြင်း၊ ကိုယ်ဝန်နှင့် ရင်သွေးကို ပြုစုစောင့်ရှောက် နိုင်ရန် အသိဉာဏ် နည်းခြင်းတို့ကြောင့်လည်း မိခင်ရော ကလေးပါ ပျက်စီးမှုနှုန်း ပိုများသည်။ Guttmacher တက္ကသိုလ်၏ အစီရင်ခံစာတွင် အမေကလေး ဖြစ်ကြရသူ သုံးပုံ နှစ်ပုံခန့်သည် မိခင်ဘဝကို လုံးဝ နားမလည်သည့်အတွက် ကျန်းမာရေး ချို့တဲ့ပြီး ဆေးရုံသို့ အရောက်များသည်ဟု ဆိုထားသည်။ ဥပမာ - အသက် ၂၀ မှ ၂၉ နှစ် အတွင်း မွေးဖွားနှုန်းထက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်း မွေးဖွားသူများက ပိုပြီး ဆုံးရှုံးမှုများကြောင်း ယင်း တက္ကသိုလ်က ဆိုသည်။

မိန်းကလေးငယ်များ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ရခြင်းသည် အလိုတူသောကြောင့် ဖြစ်နိုင်သလို၊ အလိုမတူသောကြောင့်လည်း ဖြစ်နိုင်သည်။ တောင်အာဖရိက နိုင်ငံများတွင် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ရသည့် မိန်းကလေး ၁၁ မှ ၂၀ ရာခိုင်နှုန်းခန့်သည် အလိုမတူဘဲ အဓမ္မ အကျင့်ခံရခြင်း ကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ အရွယ်မတိုင်မီ မိန်းကလေး ၆၀ ရာခိုင်နှုန်းသည် အဓမ္မ အကျင့်ခံနေရ သည့်သဘော ဖြစ်ကြောင်း Guttmacher အစီရင်ခံစာတွင် ဖော်ပြထားသည်။

အရွယ်မတိုင်မီ ကိုယ်ဝန်ရှိခြင်းကို တားဆီးနိုင်သည့်နည်းမှာ ကျောင်းများတွင် လိင်ပညာပေး အစီအစဉ်များကို ထည့်သွင်း သင်ကြားပေးသင့်ကြောင်း အကြံပြုကြသည်။ လိင်ပညာရေးသည် အရေးကြီးသည် မှန်သော်လည်း ထိုသို့ သွားပြောပြလိုက်မှ ထိန်းမနိုင် သိမ်းမရ စမ်းသပ်ကုန်ကြလျှင် အခက်တွေ့မည်ဟု ကန့်ကွက် ဝေဖန်မှုများကလည်း ရှိနေသည်။ အထူးသဖြင့် လိင်ကိစ္စကို ရှက်စရာ ဟု သဘောထားနေသည့် လူ့ဘောင် လောကများတွင် လိင်ပညာရေး အကောင်အထည်ဖော်ရန်မှာ အလွန် မလွယ်ကူသည့်ကိစ္စ ဖြစ်သည်။

နယ်သာလန်နိုင်ငံသည် အခြားနိုင်ငံများထက် လိင်ပညာပေး လုပ်ငန်းများကို အလုပ်ဆုံး နိုင်ငံဟု ဆိုနိုင်သည်။ သူတို့ သင်ရိုး ညွှန်းတမ်းများတွင် အမျိုးသမီးတို့၏ ဘဝတန်ဖိုး၊ ထားသင့်သည့် စိတ်ထား၊ အချင်းချင်း ဆက်သွယ်နေထိုင်သင့်သည့် ပုံစံ၊ ပေါင်းသင်း ဆက်ဆံရေး၊ အမျိုးသမီးဆိုင်ရာ ဇီဝ သဘောတရား စသည့် အကြောင်းအရာများကို ထည့်သွင်း ဖော်ပြထားပြီး စနစ်တကျ သင်ကြားကြ သည်။ မီဒီယာကလည်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ကလေးများ နားလည် သဘောပေါက်စေမည့် အစီအစဉ်များ ထည့်သွင်းပေးကာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးသည်။ သူတို့က ကလေးများကို အဆုံးအဖြတ်ပေး၊ အမိန့်ပေးသည့် သဘောမျိုး မဟုတ်ဘဲ၊ ကလေးများ ကိုယ်တိုင် ဆုံးဖြတ်နိုင်စေမည့် အစီအစဉ်များစွာကို တင်ဆက်ပေးလေ့ ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် လိင်ပညာရေး အစီအစဉ်နှင့် ပတ်သက်ပြီး ခေတ်အဆက်ဆက် ဆွေးနွေး ငြင်းခုန်နေကြဆဲ ဖြစ်သည်။ ကျောင်းများတွင် ‘အပျော်အပါး ရှောင်ရှားရေး’ နှင့် ‘အပျိုရည် ထိန်းသိမ်းရေး’ ပညာပေး အစီအစဉ်များသည် အလွန် ရေပန်းစားသည့် ခေါင်းစဉ်များ ဖြစ်နေသည်။

အမေရိကန် ယေးလ်နှင့် ကိုလမ်ဘီယာ တက္ကသိုလ်များ၌ သုတေသန ပြုကြည့်ရာတွင် အရွယ်မတိုင်မီ လိင်ဆက်ဆံမှုများသည် အပျော်အပါး မက်ခြင်း၊ ပါတီပွဲများ တက်ခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရသည်။ အချို့ ကျောင်းများတွင် အပျော်အပါး နောက်ဆက်တွဲ ဖြည့်စွက် သင်ကြားခြင်း အစီအစဉ်များကို သင်ကြားကြ သည်။ ထိုအစီအစဉ်တွင် သန္ဓေတားခြင်းနှင့် ပတ်သက်ပြီး အကြံပေးမှု များကို ထည့်သွင်း သင်ကြားပေးသည်။ အမေရိကန် ကာလီဖိုးနီးယား တက္ကသိုလ်မှ သုတေသနအဖွဲ့ တစ်ဖွဲ့ကမူ “အနာဂတ်ကို ယုံကြည်မှု ရှိစေရန် သွတ်သွင်း သင်ကြားပေးခြင်း” က ပိုပြီး ထိရောက် စေသည်ဟု ဆိုသည်။

၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်နေ့မှ စတင်ပြီး အမေရိကန် ကျန်းမာရေးနှင့် ဝန်ဆောင်မှုပေးရေး အဖွဲ့က ဒေါ်လာ ၁၅၅ သန်း အကုန်အကျခံပြီး လူငယ်များ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်မှု တားဆီး ရေး၊ ပညာပေး အစီအစဉ်များကို ဆောင်ရွက်ခဲ့သည်။ ထိုငွေများကို နိုင်ငံတော်၊ NGO အဖွဲ့များ၊ ဒေသဆိုင်ရာ ကျောင်းများ၊ တက္ကသိုလ်နှင့် အခြား လူမှုရေး အဖွဲ့အစည်းများသို့ ခွဲဝေပေးပြီး စီမံချက်ဖြင့် လုပ်ဆောင်ခဲ့သည်။ ထိုလုပ်ဆောင်ချက်များသည် အောင်မြင်သည်ဟု ဆိုရမည်။

အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်ပြီး http://www.dosomething.org/ တွင် ဖော်ပြထားသည့် အချက်များကို နှိုင်းယှဉ် ကြည့်နိုင်ရန် ဖော်ပြပါသည်။

၁။ အမေရိကန် မိန်းကလေး ၁၀ ဦးတွင် သုံးဦးသည် အသက် ၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်နေကြရ သည်။ နှစ်စဉ် အမေကလေး ဖြစ်သွားပြီး ကိုယ်ဝန်ဆောင်နေရသူပေါင်း ၇၅၀,၀၀၀ ဦးခန့် ရှိသည်။
၂။ ကိုယ်ဝန်ဆောင်နေရခြင်းကြောင့် ပညာ တစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်သွားရမှုများ ဖြစ်ခဲ့ရ သည်။ ကိုယ်ဝန်ဆောင်သွားရသည့် ကလေး မိခင် ထက်ဝက်ခန့်သည် ကျောင်းပညာရေးနှင့် ကင်းဝေး သွားကြသည်။
၃။ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ကာ ကလေး မွေးဖွားခဲ့ရသည့် မိခင်များထဲမှ ၂ ရာခိုင်နှုန်းခန့်သာ အသက် ၃၀ ခန့်တွင် ဘွဲ့တစ်ခုခုကို ရယူနိုင်စွမ်း ရှိသည်။
၎။ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ပြီး ကလေး မွေးခဲ့ရသည့် မိခင် လေးပုံ တစ်ပုံသည် နောက်ထပ် ကလေး တစ်ယောက်ကို ပထမ ကလေး မွေးပြီး ၂၄ လအတွင်း ထပ်ယူကြသည်။
၅။ အနောက် ဖွံ့ဖြိုးသည့် နိုင်ငံများအတွင်း အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်သည့် မိန်းကလေးနှုန်း သည် အမေရိကန်တွင် အမြင့်မားဆုံး ဖြစ်သည်။
၆။ ၁၉၉၀ မှ ၂၀၀၈ ခုနှစ်အတွင်း ကလေး ကိုယ်ဝန်ဆောင်မှု နှုန်းသည် ၄၂ ရာခိုင်နှုန်းအထိ ကျဆင်း သွားခဲ့သည်။ မိန်းကလေး ၁၀၀၀ လျှင် ယခင် ၁၁၇ ဦးမှ ၆၈ ဦးသို့ ကျဆင်းသွားခြင်း ဖြစ်သည်။
၇။ အရွယ်မရောက်မီ လွန်ကျူးမိပြီး ကိုယ်ဝန်ရှိစေသူ ယောက်ျားလေးဘက်မှ ၁၀ ဦးတွင် ၈ ဦးသည် ထိုမိန်းကလေးကို လက်မထပ်ကြပေ။
၈။ လိင်မှုကိစ္စ ကျူးလွန်စဉ် အတားအဆီးများကို မပြုလုပ်ခြင်းကြောင့် တစ်နှစ်အတွင်း ကိုယ်ဝန် ရလာသူပေါင်း ၉၀ ရာခိုင်နှုန်းခန့် ရှိသည်။
၉။ လွန်ကျူးမိသူ ကလေး ၅၀ ရာခိုင်နှုန်းခန့်သည် ကိုယ်ဝန်ဆောင်ခြင်း၊ ကလေး မွေးဖွားလာခြင်း ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို နားမလည်ကြပေ။
၁၀။ ၁၉၄၀ နှစ်လွန် ကာလများထက် ၂၀၁၀ နောက်ပိုင်းတွင် ငယ်ငယ်ရွယ်ရွယ်ဖြင့် ကလေးယူမှုနှုန်း နည်းပါလာသည်။

ကလေးဘဝတွင် အမေ ဖြစ်သွားခဲ့ရသည့် မိန်းကလေးများ ဘဝသည် အလွန် သနားဖွယ်ရာဖြစ်သည်။ သိခြင်းကြောင့်ဖြစ်စေ မသိခြင်းကြောင့်ဖြစ်စေ ရရှိ ခံစားကြရသည့် ဘဝနှင့် အနာဂတ်ကို မမျှအောင် ခံစားပြီး ဒုက္ခရောက်ကြရသည်။ သို့ဖြစ်ရာ မီးကို မလောင်မီ တားမည်လော၊ လောင်ပြီးမှ ဒုက္ခကို မျှဝေ ခံစားမည်လော၊ ကိုယ့်အရေး မဟုတ်လျှင် လျစ်လျူရှုလိုက်မည်လော ဆိုခြင်းကို ကလေးများအတွက် အလေးထား စဉ်းစားသင့်ပြီ ဖြစ်သည်။

(UNICEFနှင့် NUFPA အစီရင်ခံစာများ၊ Wikipedia နှင့် အင်တာနက် Website များမှ အချက်အလက် များကို ရယူပါသည်။)

Copyright © 2013 The Voice
All rights reserved
Powered by The Voice