Wed, 16th April, 2014
Monday, 07 January 2013 07:16

လွတ်လပ်ရေး၏သဘော

Written by 


လွတ်လပ်ရေးသည် လူတို့ အလိုချင်ဆုံး၊ အတောင့်တဆုံး အခြေခံ အခွင့်အရေးဖြစ်သည့် နည်းတူ နိုင်ငံတစ်နိုင်ငံဟု ပီပီပြင်ပြင် ဖြစ်ထွန်းလာရန် အဓိက လိုအပ်ချက်မှာလည်း လွတ်လပ်ရေးပင်ဖြစ်သည်။ နိုင်ငံဆိုသည်မှာ အကြမ်းဖျင်းအားဖြင့် နယ်နိမိတ် တစ်ခု အတွင်း မှီတင်း နေထိုင်ကြသော လူအစုအဝေးကို ဆိုလို သောကြောင့် နိုင်ငံ လွတ်လပ်ရေးသည် နိုင်ငံတွင်း မှီတင်းနေထိုင်ကြသော လူတို့၏ လွတ်လပ်ရေးဖြစ်သည်။

သို့သော် လွတ်လပ်ရေးဆိုသည်မှာ အဘယ်နည်း။ နိုင်ငံတိုင်း၊ လူတိုင်း အမှန်တကယ် လွတ်လပ်ကြပါ၏လော။ သို့မဟုတ် လွတ်လပ်ရေး၏ အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားရပါ၏လော။ လွတ်လပ်ရေးသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ခြင်းကို ဆိုလိုသည်။ မိမိအား မိမိကိုးပြီး မိမိကြမ္မာ မိမိဖန်တီး နိုင်သူသည် လွတ်လပ်သူဖြစ်သည်။ သူတစ်ပါးကို မှီခိုပြီးမှ ဘဝလမ်းကြောင်း လျှောက်လှမ်း နိုင်သူသည် လွတ်လပ်သူ မဟုတ်။ နိုင်ငံတို့၏ လွတ်လပ်ရေးသည်လည်း ထိုသဘော အတိုင်းပင်။ မိမိနိုင်ငံ၊ နိုင်ငံသားတို့၏ ကိုယ်အား၊ ဉာဏ်အားဖြင့် ရှင်သန်နိုင်ခြင်းသည် လွတ်လပ်သော နိုင်ငံတို့၏ စရိုက် လက္ခဏာပင်ဖြစ်သည်။

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ခြင်းသည် မိမိဘာသာ စီးပွားရှာပြီး ရှင်သန် နေထိုင်နိုင်စွမ်းကိုလည်း ဆိုလိုသည်။ အချို့ နိုင်ငံများတွင် မိဘမည်မျှ ချမ်းသာချမ်းသာ သားသမီး အသက် ၁၈ နှစ် ပြည့်သည်နှင့် ကိုယ့်ဝမ်းကိုယ်ကျောင်း၊ ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာ ကြခြင်းမှာ ထိုသို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်စွမ်းကို ပျိုးထောင် ခြင်းဖြစ်သည်။ နိုင်ငံအဆင့်တွင်လည်း စီးပွားရေးအရ ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်နိုင်စွမ်းသည် အရေးကြီးလှသည်။ ယေဘုယျအားဖြင့် နိုင်ငံဆင်းရဲလေလေ၊ လွတ်လပ်ရေး အားနည်းလေ ဖြစ်သောကြောင့် နိုင်ငံ့ စီးပွားမြင့်မားအောင် ဆောင်ရွက်နိုင်သည့် နိုင်ငံများသည် လွတ်လပ်သည်ချင်း အတူတူ ပိုမို လွတ်လပ်သော နိုင်ငံများဟု ပြောဆို နိုင်ကြသည်။

လွတ်လပ်ရေးသည် မိမိဘာသာ ဆုံးဖြတ်ချက်ချနိုင်စွမ်းလည်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံများတွင် အသက် ၂၁ အောက် သို့မဟုတ် အသက် ၁၈ နှစ်အောက် အရက်ဝယ်ခွင့်မရှိ ခြင်းမှာ လွတ်လပ်ရေးသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းပေါ် မူတည် သတ်မှတ်သောကြောင့်။ အရွယ်မရောက်သေးသောသူကို နှစ်ဦး နှစ်ဖက် အလိုတူသည်ဟု ကျူးလွန်လျှင် တရားဥပဒေအရအရေးယူ ခံရနိုင်ခြင်းမှာ ကိုယ်ကာယအားဖြင့် အရွယ်ရောက်၊ မရောက်ကို မဆိုလိုဘဲ လိင်ကိစ္စနှင့်ပတ်သက်လျှင် စဉ်းစားဆုံးဖြတ်နိုင်သည့် အသက်အရွယ် မရောက်သေးဟု သတ်မှတ်ခြင်းသာ။ နိုင်ငံတကာတွင်အသက် ၁၈ နှစ်ပြည့်မှ မဲပေးနိုင်ခြင်း၊ အသက်အပိုင်းအခြားအလိုက် ကြည့်ရမည့် ရုပ်ရှင်ကားများသတ်မှတ်ထားခြင်း (Rating) တို့သည် လွတ်လပ်ရေးကို ကန့်သတ်ထားခြင်း မဟုတ်ဘဲ မိမိဘဝအတွက် စဉ်းစား ဆုံးဖြတ်နိုင်စွမ်း အလိုက် သတ်မှတ်ထားခြင်းသာဖြစ်သည်။

မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်ခြင်းမရှိလျှင် အခြားသူတို့က ဝင်ပြီး ဆုံးဖြတ်ပေးကြရမည်။ ယာဉ်တိုက်မှုကြောင့် ခွဲစိတ်ခံရတော့မည့် သူသည် စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိတော့သဖြင့် ခွဲစိတ်ခွင့်ကို သူ၏ မိသားစုဝင်က ဆုံးဖြတ်ပေးရသည်။ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူ (Mentally ill) သည်လည်း ဆုံးဖြတ်ချက် ချနိုင်စွမ်း မရှိသောကြောင့် သူ့အစား အုပ်ထိန်းသူ၊ မိသားစုဝင်တို့က ဆုံးဖြတ်ပေးရသည်။ သို့သော် မိမိဘဝအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များကို အခြားသူတို့က ဝင်ပြီး ဆုံးဖြတ်ပေးရခြင်းသည် အထက်ပါကဲ့သို့သော ထူးခြားဖြစ်ရပ် များတွင်သာ ရှိသင့်သည်။ မည်သည့်အလုပ်ကို လုပ်ကိုင်မည်နည်း၊ မည်သည့် အိမ်ထောင်ဘက်ကို ရွေးချယ် မည်နည်း စသည့် မိမိဘဝကို အဆုံးအဖြတ်ပေးမည့် ဆုံးဖြတ်ချက်များကို အခြားသူများနှင့် တိုင်ပင် လိုက တိုင်ပင်နိုင်သည်။ သို့သော် အကျိုးသင့်အကြောင်းသင့်စဉ်းစားပြီး မိမိကသာ အပြီးသတ်ဆုံးဖြတ်ရမည်။ ထိုသို့မဟုတ်ဘဲ အခြားသူ များ၏ ဆုံးဖြတ်ချက်အတိုင်းသာ ဘဝကို ဖြတ်ကျော်နေရလျှင် ထိုသူသည် အမည်ခံအားဖြင့်သာ လွတ်လပ်ပြီး သူ့စိတ်နှင့် ကိုယ့်ကိုယ် အသက်ရှင် နေရသူသာဖြစ်သည်။ လွတ်လပ်ရေး ရသော်လည်း မိမိ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစား ဆုံးဖြတ်နိုင်စွမ်း အားနည်းပါက မိမိဘဝ အတွက် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်မည် မဟုတ်သဖြင့် တကယ့် လက်တွေ့တွင် လွတ်လပ်ရေး ရနေခြင်းမဟုတ်။

နိုင်ငံအဆင့်တွင် လွတ်လပ်ရေးသည် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခြင်း (Sovereignty) ဖြစ်သည်။ အချုပ်အခြာအာဏာပိုင်ဆိုင် ခြင်းဆိုသည်မှာ အနှစ်သာရ အားဖြင့် မိမိကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်စွမ်းရှိခြင်း (Capability to make decisions) နှင့် ဆုံးဖြတ်ချက် ချနိုင်ခွင့်ရှိခြင်းဖြစ်သည်။ မိမိနိုင်ငံအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များကို ကိုယ်တိုင်ချနိုင်စွမ်းမရှိ၊ သို့မဟုတ် ချနိုင်ခွင့်မရှိဘဲ တစ်ပါး နိုင်ငံ အလိုကျသာ ချနေရခြင်းသည် အချုပ်အခြာ အာဏာ ဆုံးရှုံးခြင်းပင်ဖြစ်သည်။

တစ်ပါးနိုင်ငံက ကြိုးကိုင်ခြယ်လှယ်နေမှသာ အချုပ်အခြာ အာဏာ ဆုံးရှုံးခြင်းမဟုတ်ဘဲ တိုင်းပြည်တွင် ပညာရေးစနစ် ယိုယွင်းခြင်းကြောင့် ပြည်သူလူထုနှင့်တကွ အစိုးရ၊ နိုင်ငံရေးပါတီ၊ စီးပွားရေးနယ်ပယ်၊ နယ်ပယ်စုံတို့တွင် စဉ်းစားဆင်ခြင်နိုင်စွမ်း အားနည်း သည့်အတွက် မိမိတိုင်းပြည်အတွက် အကျိုးရှိမည့်ဆုံးဖြတ်ချက်များ ကို ချနိုင်စွမ်းမရှိလျှင်လည်း အချုပ်အခြာအာဏာ ဆုံးရှုံးခြင်း ဖြစ်သည်။

လွတ်လပ်ရေးဆိုသည်မှာ လူတို့၏ လုပ်နိုင်ကိုင်နိုင်စွမ်းကို ဖွင့်ပေးထားခြင်းဖြစ်သည်။ ဖွင့်ပေးထားသော်လည်း မလုပ်နိုင် မကိုင် နိုင်လျှင် လွတ်လပ်ရေး၏အရသာကို အပြည့်အဝမခံစားနိုင်။ အိမ်တံခါးဖွင့်ထားသည်၊ ပိတ်လှောင်မထား၊ သွားလိုရာသွားနိုင်သည်ဆိုသော်လည်း ကျန်းမာရေး ယိုယွင်းပြီး မိမိကိုယ်ကိုယ် မသယ်နိုင်လျှင် အိမ်တွင်းသာ အောင်းနေရမည်။ လွတ်လပ်စွာ စာပေဖတ်ရှုခွင့်ပေးထားသော်လည်း မဖတ်နိုင်လျှင်၊ မဖတ်လျှင် လွတ်လပ်ရေးကို ကောင်းစွာအသုံးမချနိုင်သေး။ နိုင်ငံအဆင့်တွင်လည်း အလားတူ။ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိသော်လည်း အရည်အသွေးမီ ကုန်များ မတင်ပို့ မရောင်းချနိုင်လျှင် မည်သူမျှ မိမိနိုင်ငံကုန်ကို ဝယ်မည်မဟုတ်။ နိုင်ငံတကာစနစ်တွင် နိုင်ငံတိုင်း လွတ်လပ်စွာ ပါဝင် ဆောင်ရွက် နိုင်သော်လည်း မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေး အားနည်းနေလျှင် မိမိ နိုင်ငံအရေး ထိရောက်အောင် ဆောင်ရွက်နိုင်မည်မဟုတ်။

လွတ်လပ်ရေးတွင် သတိထားစရာမှာ လူတိုင်း မိမိကဲ့သို့ လွတ်လပ်ခြင်းကိုပင်။ ကိုယ်ပိုင်လွတ်လပ်ရေးနှင့်အညီ မိမိလုပ်ချင်သည်ကို လုပ်ခွင့်ရှိသလို အခြားသူများသည်လည်း သူတို့လုပ်ချင် သည်ကို လုပ်ခွင့်ရှိသည်။ သို့သော် မိမိ၏လွတ်လပ်ရေးသည် အခြားသူ၏ လွတ်လပ်ရေးနှင့် ထိချိန်တွင် ရပ်တန့်သွားသည်။ မိမိကြိုက်သော ဖုန်းခေါ်သံ ဖုန်းတွင်း လွတ်လပ်စွာ ထည့်သွင်းထားနိုင်သော်လည်း အစည်းအဝေးခန်း၊ တရားပွဲ၊ ဟောပြောပွဲတို့တွင် တစ်ပါးသူအနှောင့်အယှက်မဖြစ်အောင် ဖုန်းသံပိတ် သို့မဟုတ် ဖုန်းပိတ်ထားရမည်။

စာသင်ခန်း၊ ဟောပြောပွဲတို့တွင် လွတ်လပ်စွာ နားမထောင်ခွင့်၊ ငိုက်ခွင့်ရှိသော်လည်း မိမိအနီးအနားရှိ နားထောင်လိုသူတို့ လွတ်လပ်စွာ နားထောင်ခွင့်၊ သင်ယူခွင့်ကို ထိခိုက်စေမည့် ဖုန်းပြောခြင်း၊ စကားပြော ခြင်းမပြုသင့်။ ဂျပန်နိုင်ငံတွင် မြေအောက်ရထားတွင်း ဖုန်းပြောလေ့ မရှိကြ၊ တစ်ပါးသူကို ထိခိုက်မည် စိုးသောကြောင့်။ လွတ်လပ်စွာ မိမိ သဘောထားကိုပြောဆိုပိုင်ခွင့် (Freedom of expression) ရှိသော် လည်း သူတစ်ပါး အိမ်ရှေ့ သွားပြီး အကြောင်းမဲ့ ဆဲရေး တိုင်းထွာမရနိုင်။ မိမိအိမ်တွင် လွတ်လပ်စွာ ခွေးမွေးခွင့်ရှိသော်လည်း လမ်းသွားလမ်းလာ များကို မိမိခွေးက မကိုက်အောင် ထိန်းသိမ်းနိုင်ရမည်။

လွတ်လပ်ရေးသည် အခွင့်အရေး (Right) ဖြစ်သည်။ အခွင့်အရေးတိုင်းတွင် တာဝန်ယူမှု တွဲပါနေသည်ဖြစ်ရာ လွတ်လပ်သူတို့ သည်လည်း တာဝန်ယူရသူတို့ဖြစ်သည်။ မန်နေဂျာသည် မိမိအဖွဲ့သား များကို တာဝန်ယူရမည်။ စာရေးသူသည် မိမိရေးသောစာများအတွက် တာဝန်ယူရမည်။ လွတ်လပ်သူသည် မိမိ၏ ဆောင်ရွက်မှု၊ ပြောဆိုမှု တို့သည် မိမိ၏တာဝန်သာဟု တာဝန်ခံနိုင်သူဖြစ်သည်။

မိမိကြောင့် ဖြစ်ပေါ်လာသမျှ နောက်ဆက်တွဲအကြောင်းအရာတို့သည် မိမိနှင့်သာ ဆိုင်သည်ဟု တာဝန်ခံနိုင်မှသာ လွတ်လပ်သူဖြစ်မည်။ အခြားသူတို့ ကြောင့် လုပ်ကိုင်ဆောင်ရွက်ရခြင်းမဟုတ် မိမိသဘောထားနှင့် လုပ်ကိုင်ခြင်းဖြစ်သောကြောင့် အဆိုးဖြစ်လျှင် သူများကြောင့်၊ အကျိုးဖြစ် လျှင် မိမိကြောင့်ဟု အလျဉ်းသင့်သလို ခေါင်းရှောင်လိုက်၊ နာမည်ယူ
လိုက် မရနိုင်။

လွတ်လပ်ရေးနေ့ကို ကြိုဆိုသည့် ယခုဆောင်းပါးကို လွတ်လပ်ရေး မရမီ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင် နောက်ဆုံးမိန့်ကြားသည့် မိန့်ခွန်းမှ လွတ်လပ် ရေးဆိုင်ရာ ပြောကြားချက်ဖြင့် နိဂုံးချုပ်လိုပါသည်။

"ဟာ လွတ်လပ်ရေးရပြီကွ ဆိုပြီးတော့ လူတကာသွားတဲ့ လမ်းမ ပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲသည်တော့ လမ်းသွားလမ်းလာ လုပ်တဲ့လူတွေ အတော်ခွကျသွားတယ်။ အဲဒါဟာ လွတ်လပ်ရေး မဟုတ်ဘူး။"


ထိုမိန့်ခွန်းကိုပြောကြားအပြီး တစ်ပတ်ခန့်အကြာတွင်ပင် ဗိုလ်ချုပ် ဆုံးပါးခဲ့သည်။ နောက် ခြောက်လခန့်အကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျွန်တော်တို့နိုင်ငံ ဗြိတိသျှတို့ လက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။ ယခုဆိုလျှင် လွတ်လပ်ရေးရသည် မှာ ၆၅ နှစ် ကြာခဲ့ပြီ။ ၆၅ နှစ်သက်တမ်း မြန်မာ့လွတ်လပ်ရေး၏ စရိုက်လက္ခဏာ တို့သည်ကား။

ဇေယျသူ

Copyright © 2013 The Voice
All rights reserved
Powered by The Voice