Sun, 20th April, 2014
Saturday, 06 July 2013 13:07

အိပ်မက်ဆိုးမှ နိုးထစေသော် . . .

Written by  ကျော်ဆန်းမင်း၊ ဉာဏ်မျိုးအောင်

 

၁၉၆၂ ဇူလိုင်လ ၈ ရက် နံနက် ၆နာရီ ဝန်းကျင်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားအပြီး နာရီပိုင်းအကြာ ရန်ကုန်မြို့တော်တစ်ဝန်း သတင်းပျံ့လာသည်က ‘ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံ မိုင်းခွဲခံလိုက်ရပြီ’ ဆိုသည့်သတင်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံ ဆိုသည်က နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး သမိုင်းမှတ်တိုင်ကြီးလည်း ဖြစ်သည်။ ယင်းသမိုင်းမှတ်တိုင်ကြီး မည်သည့်အတွက် ဖြိုချခံလိုက်ရသနည်း။

၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့တွင် စတင်ခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုကို အကြောင်းပြုပြီး အာဏာသိမ်းပြီးစ ဦးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီက ဖြိုချလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၀၃ ခုနှစ်က ပထမဆုံး စတင်ဖြစ်ပွားသည့် ကျောင်းသားလှုပ်ရှားမှု သမိုင်းမှစကာ သမိုင်းတစ်လျှောက် ပြန်ကြည့်ပါက ကျောင်းသားလှုပ်ရှားမှု အားလုံးမှာ အာဏာပိုင်တို့၏ အကြမ်းဖက်ဝါဒနှင့် ကျူးကျော်သူများကြောင့် ဖြစ်ရပ်ဆိုးများ ပေါက်ဖွားစေခဲ့သည်ကို အထင်အရှား တွေ့ရကြောင်း၊ အာဏာပိုင်တို့၏ ကျူးကျော်မှု၊ အကြမ်းဖက်မှု၊ ကျောင်းသားထုနှင့် ပြည်သူ့ဆန္ဒ ပစ်ပယ်မှုများကြောင့် ကျောင်းသားတိုက်ပွဲများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ကို တွေ့ရကြောင်း ‘မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း’ ပြုစုရေးသားသူ ဦးအောင်ထွန်းက အဆိုပါစာအုပ်တွင် ထည့်သွင်း သုံးသပ်ထားသည်။

၁၉၆၂ ဇူလိုင်လ ၇ရက်နေ့တွင် စတင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှုမှာလည်း တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး များမကြာမီ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းလိုက်ခြင်း၊ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းပြီး တပ်မတော် ခေါင်းဆောင်များနှင့် အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်း၊ မေးခွန်းပေါက်ကြားမှုဖြင့် တန်းမြင့်စာမေးပွဲကို ပယ်ဖျက်ခြင်းတို့အပြင် ရန်ကုန်တက္ကသိုလ်တွင် စည်းကမ်းများ တိုးမြှင့်ခြင်းတို့ ပြုလုပ်ရာမှ စတင်ခဲ့သည်။
ယင်းကိုမကျေနပ်၍ ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသားများကို အကြမ်းဖက် နှိမ်နင်းရာမှ ဇူလိုင် ၇ဟု လူသိများသည့် ကျောင်းသားလှုပ်ရှားမှုကြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အတိတ်တစ္ဆေ


ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂများ၏ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်းများကို အစွဲပြု၍ ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခြင်းသည် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများဟု ယူဆသည့် အမြင်များမှာ ယခုခေတ်အထိ တက္ကသိုလ် ဆရာဆရာမများ၏ စိတ်တွင် ကိန်းအောင်းနေဆဲ ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ် ဗြိတိသျှအစိုးရ လက်ထက်မှ ခေတ်အဆက် အာဏာရှင် အစိုးရများဖြစ်သည့် တော်လှန်ရေးကောင်စီအစိုးရ၊ တစ်ပါတီအာဏာရှင်စနစ် ကျင့်သုံးသော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရနှင့် တပ်မတော်အစိုးရတို့ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ကျောင်းသားသမဂ္ဂများ၏ ဦးဆောင်မှုနှင့် ကျောင်းသားများက အဓိကနေရာမှ ပါဝင်ခဲ့ကြသည်။
သားသုံးသား (ဘုရားသား၊ ကျောင်းသား၊ တပ်မတော်သား) ပါရင် လူထု အုံကြွမှု ဖြစ်ပြီဆိုသည့် အယူအဆမှာ တပ်မတော်က အာဏာရယူထားစဉ် တစ်လျှောက်လုံး ခေတ်စားခဲ့သည်။
ယင်းကြောင့်ပင် သားသုံးသားတွင် တစ်သားအပါအဝင်ဖြစ်သော ကျောင်းသားများအပေါ် အာဏာရှင် အစိုးရများက အကဲဆတ်လွန်းနေခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုသည်။

ကျောင်းသားများကို သံသယဖြင့် အလွန်အကျွံ ထိန်းကျောင်းမှုများကြောင့်ပင် ကျောင်းသားများ၏ ကျောင်းပရဝဏ်တွင်း လှုပ်ရှားမှုများ ပျောက်ကွယ်ခဲ့ရ သကဲ့သို့ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်လည်း ပိတ်ပင်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ပင် ခေတ်အဆက်ဆက် အာဏာရှင်အစိုးရများက ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရန် အခွင့်အရေး မရစေရေးအတွက် ကျောင်းအုပ်ချုပ်သူများ၊ ဆရာ၊ဆရာမများ ပြင်းထန်သည့် ထိန်းချုပ်မှုများနှင့် တင်းကျပ်စွာ အရေးယူမှုများရှိရာ ကျောင်းအုပ်ချုပ်သူများ၊ ဆရာ၊ ဆရာမများကလည်း ကျောင်းသား အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများမှာ အန္တရာယ်များဟု မြင်လာကြသည်။

ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်းကို ထောက်ခံသည့်ဆရာများ ရှိသော်လည်း ကျောင်းသားသမဂ္ဂအပေါ် သံသယစိတ်ဖြင့် စိုးရိမ်ထိတ်လန့်နေသော ဆရာဆရာမများလည်း ရှိကြောင်း ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) ဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ပြောပြသည်။
“ကျောင်းသားသမဂ္ဂဖွဲ့ဖို့ လုပ်တော့ ဆရာမတွေရဲ့ လိုက်လံစောင့်ကြည့် သတိပေးတာတွေ၊ ပါမောက္ခချုပ်က ခေါ်ယူ သတိပေးတားမြစ်တာတွေ ခံကြရတယ်။ အရပ်ဘက်မှာ ဆိုရင်လည်း အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ နောက်ယောင်ခံ လိုက်ကြည့်မှုတွေ ခံရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းနှင့်ပတ်သက်သည့် အစိုးရ၏ သဘောထားကို သိရှိနိုင်စေရန် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်ကို မေးမြန်းရာ တစ်စုံတစ်ရာ မှတ်ချက် မပေးလိုကြောင်းသာ ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံကို ဖက်ဆစ်နိုင်ငံ ဖြစ်အောင် ငါးနှစ်အတွင်း ဖန်တီးနိုင်သော်လည်း ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင်မူ ဆယ်နှစ်နှင့်ပင် ဖန်တီး၍ မရကြောင်း၊ ဒီမိုကရေစီဝါဒ အမြစ်တွယ်စေရန် တိုင်းပြည် အနာဂတ် ခေါင်းဆောင်လောင်းများ မွေးထုတ်ပေးရာ စာသင်ကျောင်းများသည် စာသင်ရာဌာန တစ်ခုအတွက် သာမကဘဲ အသင်းတစ်ခု၊ အစည်းအရုံးတစ်ခု၊ လူ့လောကလေးတစ်ခု ဖြစ်ရမည်ဟူသော ကုလသမဂ္ဂ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ မှတ်ချက်မှာ အလွန်အရေးပါလှသည်။

ကျောင်းဝင်းထဲက နိုင်ငံရေး


အာဏာရှင်စနစ် အောက်တွင် နှစ်ပေါင်း ၅၀ ဝန်းကျင် ရှင်သန်ခဲ့ရသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးဆိုသည့် ကိစ္စမှာ အလွန်အန္တရာယ်များသည့် ကိစ္စတစ်ရပ် ဖြစ်ပြီး သာမန်ပြည်သူများနှင့် မသက်ဆိုင် ကျောင်းသားများအတွက်မူ နှုတ်ကပင် ဖွင့်ဟခြင်း မပြုရဆိုသည့် အယူအဆမှာ လူတိုင်းစိတ်ထဲတွင် ကိန်းအောင်းနေသည်။

ယခင် တပ်မတော် အစိုးရလက်ထက် တစ်လျှောက်လုံး အလုပ်လျှောက်ပါကလည်း နိုင်ငံရေး ကင်းရှင်းကြောင်း၊ ကျောင်းလျှောက်ပါကလည်း နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံချက်များ တောင်းခံခြင်းမှာ ယခုအချိန်တိုင် အလေ့အထတစ်ခုလို စွဲနေကြကြောင်း၊ ယင်းအစွဲအလမ်း များကြောင့်ပင် ကျောင်းပရဝဏ်အတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းနေခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက ထောက်ပြသည်။

ကျောင်းသားသမဂ္ဂသည် တက္ကသိုလ်ကျောင်းအတွင်း လှုပ်ရှားမှုများ၊ ကျောင်းတွင်းအရေး ကိစ္စရပ်များနှင့် ပတ်သက်၍ စီမံဆောင်ရွက်သော အဖွဲ့အစည်း ဖြစ်ကြောင်း အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်သူ Mr. Kren Coates က ပြောကြားသည်။
ကျောင်းသားသမဂ္ဂသည် တက္ကသိုလ်နယ်မြေအတွင်း ကျောင်းသားအစုအဖွဲ့တစ်ရပ် ပေါ်ထွန်းလာရေး၊ ကျောင်းသားများ၏ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး၊ တက္ကသိုလ်နယ်မြေအတွင်း ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ၊ စာသင်ခန်းပြင်ပ လှုပ်ရှားမှုများ ပေါ်ထွန်းလာရေး စုဖွဲ့ထားသည် အစုအဖွဲ့တစ်ရပ် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် မြန်မာနိုင်ငံ သမိုင်းကြောင်းအရ ကိုလိုနီခေတ် တစ်လျှောက်လုံးတွင် သာမက လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၆၂ ခုနှစ်မှ စတင်ကာ အဏာရှင် စနစ်အောက်တွင် ကျရောက်စဉ်ကာလ တစ်ခုလုံးတွင် ကျောင်းသားများမှာ ခေတ်အဆက်ဆက် အစိုးရများ၏ ဖိနှိပ်မှုများအောက်တွင် ကျောင်းဝင်းအတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ရသည်။
ယင်းနှင့်အတူ ကိုလိုနီခေတ်ကပင် ခွင့်ပြုထားသည့် ကျောင်းသားသမဂ္ဂများမှာ ၁၉၆၂ နောက်ပိုင်းမှစတင်၍ ပိတ်ပင်တားဆီးမှုမျိုးစုံနှင့် ဖိနှိပ်ထားမှုကြောင့် တရားဝင် ပေါ်ပေါက်လာခြင်း မရှိတော့ပေ။

အစိုးရအနေနှင့် နိုင်ငံ့ပညာရေး တိုးတက်လိုပါက ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ပြုပြီး လွတ်လပ်ပွင့်လင်းသော ကျောင်းသားများ၏ အတွေးအမြင်တို့ကို နားထောင် ပေးသင့်ကြောင်း ဒဂုံတက္ကသိုလ် ဆရာများ သမဂ္ဂအဖွဲ့ဝင် ဦးအာကာမိုးသူက ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့် ပြုသင့်သည်ကို ဆရာတစ်ယောက် အနေနှင့် ထောက်ခံ ပြောကြားသည်။

ကျောင်းသား လှုပ်ရှားမှုများကို ဦးဆောင်လုပ်ဆောင်မည့် ကျောင်းသား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်နှင့် ပါဝင် ဆောက်ရွက်ခွင့်တို့ မရှိသောကြောင့် ကျောင်းသားများ လမ်းမှားလိုက်ပြီး ဘဝဆုံးရှုံးမှုများ ကြုံနေရကြောင်း ကျောင်းသားသမဂ္ဂများ မရှိခြင်း၏ ဆိုးကျိုးကို ကိုဒီငြိမ်းလင်းက ထောက်ပြသည်။
“ကျောင်းတွင်း လှုပ်ရှားမှုတွေ မရှိတော့ အတန်းတက်ပြီး ပြန်သွားတယ်။ ဖဲဝိုင်းထိုင်ကြတယ်။ အရက်သောက်ကြတယ်” ဟု ၎င်းက တက္ကသိုလ်ကျောင်းသား အများစု၏ဘဝကို ပြောပြသည်။

လူမှန်နေရာမှန်


“အခုအချိန်မှာ ကျွန်တော်တို့ကို လက်ခံတာဆိုလို့ နိုင်ငံရေး အသိုင်းအဝိုင်းကပဲ ရှိတယ်” ဟု ကိုကျော်ကိုကိုက ဆိုသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့် မပြုသကဲ့သို့ နိုင်ငံရေးနှင့် ဆက်နွှယ်ဖူး သည့် ကျောင်းသားများကို ကျောင်းမှထုတ်ပယ်ခြင်းများ ရှိသဖြင့် ကျောင်းသား အများစုမှာ နိုင်ငံရေး နယ်ပယ်များသို့ ကျောင်းပညာ မဆုံးခင်ပင် ရောက်ရှိသွားကြသည်။ ယင်းမှာ အရည်အချင်းရှိသော ကျောင်းသားများ၏ အနာဂတ်မှာ လမ်းဆုံးသွားခဲ့ပြီး ယင်းသည်ပင် မျိုးဆက်သစ်များ၏ စွမ်းဆောင်ရည် ကျဆင်းမှု၊ အနာဂတ် ခေါင်းဆောင်များ၏ စွမ်းဆောင်ရည်အတွက် မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ယနေ့ခေတ်တွင် ကျောင်းသားများနှင့် နိုင်ငံရေး အဖွဲ့အစည်းများ ရောထွေးနေခြင်းနှင့် ပတ်သက်၍ ဆရာအာကာမိုးသူက “ကျောင်းသားတွေက ရည်ရွယ်ချက်ကို ရှင်းအောင်လုပ်ရမယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ အပြင်မှာတိုက်မယ့် ပါတီအဖွဲ့တွေ ရှိတယ်။ ကျောင်းသားတွေက ဟိုဟာလည်းလုပ်ချင်၊ ဒီဟာလည်းလုပ်ချင် ဆိုမရဘူး။ ကျွန်တော်တို့လုပ်ချင်တာ ပညာရေးစနစ် ပိုကောင်းအောင် လုပ်ချင်တာ ဖြစ်ရမယ်” ဟု ထောက်ပြသတိပေးသည်။

ကိုကျော်ကိုကိုကမူ “ကျွန်တော်တို့ ဘာပဲလုပ်ချင်လုပ်ချင် ဒီနိုင်ငံရေး အသိုင်းအဝိုင်းကိုပဲ ဖိတ်ကြားရတယ်။ သူတို့ပဲလာတယ်။ တက္ကသိုလ် ဆရာဆရာမတွေ ဖိတ်ကြားရင် လာမှာလည်း မဟုတ်ဘူး” ဟု ကျောင်းသားများနှင့် နိုင်ငံရေး အဖွဲ့အစည်းများ ဆက်ဆံနေရသည့် အချက်ကို ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကျောင်းသားဘဝတွင် ရေးဆွဲထားသော ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံ အခြေခံဥပဒေအရမူ ကျောင်းသားသမဂ္ဂများမှာ ယဉ်ကျေးမှု၊ စာပေနှင့် အခြားသော ကျောင်းတွင်း လှုပ်ရှားမှု များတွင်သာ ဦးဆောင်စီမံနိုင်ပြီး နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခွင့် မပြုကြောင်း ရန်ကုန်တက္ကသိုလ် သမိုင်းကို ဒေါက်တာအေးကျော်နှင့် တွဲဖက်ပြုစုခဲ့သည့် နိုင်ငံခြားပညာရှင်တစ်ဦးက ထောက်ပြသည်။

ယင်းဖွဲ့စည်းပုံအရ ကျောင်းသားသမဂ္ဂတွင် ပါဝင်ဆောင်ရွက်နေသော ကိုအောင်ဆန်းသည် နိုင်ငံရေးလှုပ်ရှားသည့် သခင်အစည်းအရုံးသို့ ဝင်ရောက်သောအခါ ကျောင်းသားသမဂ္ဂမှ နုတ်ထွက်ခဲ့သည်ဟု သမိုင်းစာအုပ်များတွင် ရေးသားဖော်ပြချက်အရ သိရသည်။
“အဲဒီခေတ်တုန်းက ကျောင်းဝင်းထဲမှာ စကားရည်လုပွဲတွေ လုပ်ပေးတယ်။ ဒါပေမဲ့၊ ဒီလိုလုပ်ပေးတာ ဝါဒဖြန့်ချိရေးအတွက် မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ကျောင်းသားများကို ကျောင်းအဝန်းအဝိုင်းတွင်း၌ လွတ်လပ်စွာ ရွေးကောက်ခြင်း၊ ဖွဲ့စည်းခြင်းနှင့် လှုပ်ရှား ဆောင်ရွက်ခြင်းတို့ကို ဆရာဆရာမများက ပြန်လည်ခွင့်ပြုပြီး အစိုးရက အရေးယူမှုများ မလုပ်ဆောင်ပါက ကျောင်းသားများသည် ကျောင်းပြင်ပတွင် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ဆောင်ရန် မလိုအပ်ကြောင်း ကျော်ကိုကိုက ထောက်ပြသည်။
၁၉၆၂ခုနှစ် ကျောင်းသား အရေးအခင်းတွင် ပါဝင်ခဲ့သော မန္တလေး ကျောင်းဆောင်မှ တက္ကသိုလ်ကျောင်းသား ဦးရှိတ်က “ကျောင်းသားအဖွဲ့ဆိုတာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း လက်အောက်မှ ရှိနေစရာ မလိုဘူး” ဟုဆိုသည်။
သို့သော်၊ ကျောင်းသားများ၏ အရည်အသွေး တိုးတက်ရေးအတွက် ကျောင်းတွင်း စကားရည်လုပွဲများ၊ နှီးနှော ဖလှယ်ပွဲများနှင့် စာပေဟောပြောပွဲများ ပြုလုပ်ရန် သက်ဆိုင်ရာ ဌာနမှူးနှင့် ပါမောက္ခများက ခွင့်မပြုကြောင်း ကိုဒီငြိမ်းလင်းက ကျောင်းသားများ ကြုံတွေ့နေရသော လက်တွေ့အခက်အခဲကို ပြောပြသည်။

ပြဿနာ၏ အဖြေ


“ကျွန်တော်တို့ Capacity အရတော့ အားနည်းချက်တွေ ရှိနေမှာပဲ အခု ဝန်ကြီးအသစ်တွေ ကတော့ ပြောင်းဖို့ ကြိုးစားနေတာပဲ။ နှစ်ဖက်စလုံးက လိမ္မာပါးနပ်ဖို့ လိုတယ်” ဟု ခေတ်အဆက်ဆက် အစိုးရများက ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားထု အပေါ် ကြောက်စရာ အဖြစ် ရှုမြင်နေကြမှုနှင့် ပတ်သက်သည့် မေးမြန်းချက်ကို မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ရှင်းပြသည်။

နိုင်ငံရေး လေ့လာသူ တစ်ဦးကမူ အစိုးရအနေနှင့် ကျောင်းသားများ အပေါ် အစိုးရိမ် ပိုနေသည်ဟု ထင်ကြောင်း၊ ကျောင်းသားသမဂ္ဂ များမှာ အစိုးရ ထင်သကဲ့သို့ အစိုးရကို ဆန့်ကျင်ရေး အဖွဲ့အစည်းများ မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ခေတ်စနစ် အနေအထားအရ စာသင်ခန်းအတွင်း ရှိနေရမည့် ကျောင်းသားများမှာ နိုင်ငံရေး နယ်ထဲ ရောက်နေရခြင်းသာ ဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံတစ်ရပ် ကျောင်းသားများနှင့် ညှိနှိုင်းရေးဆွဲပြီး သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပေးသင့်ကြောင်း သုံးသပ်ပြောကြားသည်။

“ကျောင်သားတွေ၊ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေလိုချင်နေတာ၊ အခုသွားနေတာက ပိုကောင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့။ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ အကောင်အထည်ဖော်ပုံ မတူတာဘဲ ရှိတယ်။ ကျွန်တော်တို့နိုင်ငံ ဒီနေ့ရောက်နေတဲ့ အကူအပြောင်းကာလက နူးညံ့သိမ်မွေ့တယ်။ ဂရုစိုက်ရမယ့် ကာလလည်း ဖြစ်တယ်။ အကူးအပြောင်းကာလမှာ ပြဿနာဆိုတာ ရှိစမြဲပဲ ရည်ရွယ်ချက်တူရင် ညှိနှိုင်း လို့ရတယ်။ ဒီအဖွဲ့အစည်းတွေက Zero Sum Game နဲ့သွားမလား win-win နဲ့ သွားမလားဆိုတာ အနာဂတ် မြန်မာနိုင်ငံတော် ဖြစ်လာမယ့် ပုံသဏ္ဌာန် ဖြစ်သွားမယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။

ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံ မိုင်းခွဲခံခဲ့ရသည်မှာ ၅၁ နှစ်ပြည့်မြောက်လေပြီ။

ကျောင်းသားသမဂ္ဂများအတွက် ရုပ်ပိုင်းဆိုင်ရာအရ အရေးပါသော ရန်ကုန်တက္ကသိုလ်အတွင်း အဆောက်အအုံ ပြန်လည် ဆောက်ခွင့်ပြုမည်ဟု သမ္မတရုံး ဝန်ကြီးအချို့က ပြောဆိုထားသည်။ သို့သော် ရုပ်ပိုင်းဆိုင်ရာ အလွန်တက္ကသိုလ် နယ်မြေအတွင်း ကျောင်းသား လှုပ်ရှားမှုများ ပြန်လည်အသက်ဝင်ရေး ရေခံမြေခံ ဝန်းကျင် ကောင်းကို အစိုးရနှင့် တက္ကသိုလ် တာဝန်ရှိသူများက မည်မျှ ဖန်တီးပေးနိုင်မည် ဆိုသည်ကား မေးခွန်းထုတ်ဖွယ်ရာ ရှိသေးသည်။

လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်စသော နိုင်ငံသား အခွင့်အရေးများကို အလေးထားသော ဒီမိုကရေစီစနစ် ဖော်ဆောင်နေသော ယခုအစိုးရသစ် လက်ထက်တွင် နိုင်ငံသားဖြစ်သော ကျောင်းသားနှင့် ဆရာများမှာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျှက် ရှိသကဲ့သို့ ဖြစ်နေကြောင်း ထောက်ပြပြောဆိုမှုများ လည်းရှိသည်။
သို့သော် သမ္မတဦးသိန်းစိန်ကမူ မြန်မာ့ လူမှုအဖွဲ့အစည်းတွင် ဒီမိုကရက်တစ် ယဉ်ကျေးမှု အမြစ်တွယ် ထွန်းကားအောင် လုပ်ဆောင်ရမည်ဟု ၎င်း၏မိန့်ခွန်းတွင် ကတိပြု ပြောကြားထားသည်။

“ကျောင်းသားတွေက နောက်မြီးဆွဲ သြဇာခံပြီးတော့ လုပ်တာမဟုက်ဘူး။ ကျောင်းသားအရေးကို ပိုပြီးတော့ လုပ်ချင်တယ်။ ဒါပေမဲ့ ကျောင်းထဲမှာ လက်မခံဘူး” ဟု ဆိုသည့် ကိုကျော်ကိုကို၏ မှတ်ချက်မှာ သမ္မတဦးသိန်းစိန် အစိုးရအတွက် အဖြေတစ်ခု ထွက်လာနိုင်မည် ထင်သည်။

မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု အကျဉ်း (၁၈၇၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ)

၁၈၇၆ - အစိုးရ အထက်တန်းကျောင်းများတွင် အဆင့်မြင့်ပညာ သင်ရိုးများကို စတင်သင်ကြားခွင့် ပြုခဲ့သည်။ ရန်ကုန်ရှိအစိုးရ အထက်တန်းကျောင်း များမှ ကျောင်းသားများသည် ကာလကတ္တား တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကို စတင်ဖြေဆိုခွင့် ရခဲ့သည်။
၁၈၇၈ - ရန်ကုန်အစိုးရ အထက်တန်းကျောင်း များတွင် ပထမဦးဆုံးအကြိမ် အဖြစ် ကောလိပ်အဆင့်စာများကို သင်ကြားခွင့်ရခဲ့သည်။
၁၈၈၀ - ရန်ကုန်ကောလိပ် ကျောင်းသားများသည် ကာလကတ္တားတက္ကသိုလ်က ကျင်းပသည့် F.A (First Arts) စာမေးပွဲကို ပထမဦးဆုံး ဖြေဆိုခွင့် ရရှိကြသည်။
၁၈၈၃ - ရန်ကုန်ကောလိပ်သည် ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ကျောင်းတစ်ကျောင်း ဖြစ်လာသည်။
၁၉၀၃ - ပထမဆုံး မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုကြီး စတင်ပေါ်ပေါက်ခဲ့သည်။
၁၉၀၄ - ရန်ကုန်ကောလိပ် ဗုဒ္ဓဘာသာအသင်း စတင်ဖွဲ့စည်းခဲ့သည်။
၁၉၀၆ - ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (Young Men’s Buddhist Association) စတင်ထူထောင်ခဲ့သည်။
၁၉၁၀ - မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တက္ကသိုလ် ဖွင့်လှစ်ပေးရန် ဆန္ဒရှိကြောင်း ပြည်သူများက အက်ဒဝပ်ဘုရင် အထိမ်းအမှတ်ပွဲတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
၁၉၁၈ - မစ္စတာမတ်ခ်ဟန်းတား ဦးဆောင်သည့် ကော်မတီက ရန်ကုန်တက္ကသိုလ် တည်ထောင်လျှင် သင်ကြားရမည့် သင်ရိုးများကို ရေးဆွဲခဲ့သည်။
၁၉၁၉ - ရန်ကုန်တက္ကသိုလ် အက်ဥပဒေမူကြမ်းကို ပြဋ္ဌာန်းခဲ့သည်။
၁၉၂၀ - ဒီဇင်ဘာလတွင် ပထမဦးဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကို စတင်ခဲ့သည်။ ဗြိတိသျှ အာဏာပိုင်တို့ ပြဋ္ဌာန်းခဲ့သည့် တက္ကသိုလ်အက်ဥပဒေကို မကျေနပ်သဖြင့် သပိတ်မှောက်ခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်တွင် ရန်ကုန်တက္ကသိုလ် စတင်ဖွင့်လှစ်ခဲ့သည်။
၁၉၂၁ - သပိတ်မှောက် ကျောင်းသားများ ရွှေတိဂုံဘုရားတွင် စုဝေးကာ ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။ အမျိုးသားကောလိပ်ကို ဗဟန်းတွင် ဖွင့်လှစ်ခဲ့ကြသည်။ အမျိုးသားနေ့ကို ပထမဦးဆုံး ကျင်းပခဲ့သည်။
၁၉၂၄ - အမျိုးသားကောလိပ်ကို ပိတ်သိမ်းခဲ့သည်။
၁၉၂၆ - တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ရန် သူဌေးဦးညိုက ငွေကျပ် ၁၇၀၀၀ ကို ထောက်ပံ့လှူဒါန်းခဲ့သည်။
၁၉၃၀ - ဒို့ဗမာအစည်းအရုံးကို စတင်ထူထောင်ခဲ့သည်။ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြီးစီးခဲ့သည်။ ဗြိတိသျှအစိုးရက ကျောင်းသားသမဂ္ဂ ထူထောင်ခြင်းကို ခွင့်ပြုခဲ့သည်။ နောက်တစ်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တ.က.သ) ကို စတင်ဖွဲ့စည်းခဲ့သည်။ တက္ကသိုလ်ကျောင်းသား သမဂ္ဂ၏ ပထမဦးဆုံးဥက္ကဋ္ဌမှာ ကိုကျော်ရှိန် ဖြစ်ပြီး အတွင်းရေးမှူးမှာ မစ္စတာရာရှစ် ဖြစ်သည်။
၁၉၃၆ - တတိယကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့သည်။
၁၉၃၇ - အမျိုးသားတက္ကသိုလ်ကို ပိတ်ခဲ့သည်။ ကျောင်းသားသမဂ္ဂကို ဦးမြဘူးက ပြစ်တင်ရှုတ်ချ ဝေဖန်ခဲ့သည်။
၁၉၃၈ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဗဟိန်းနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုဗဆွေတို့ အဖမ်းခံရသည်။ ကျောင်းသားများက မကျေနပ်သဖြင့် ဒေါက်တာဘမော် အစိုးရကို ဆန္ဒပြခဲ့ကြသည်။ ရန်ကုန်ရဲများ၏ လက်ချက်ဖြင့် ဆန္ဒပြ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ရသည်။
၁၉၃၁-၃၄ - ဗြိတိသျှနှင့် ဂျပန်တို့လက်မှ လွတ်မြောက်ရေး လှုပ်ရှားမှုတွင် ကျောင်းသားများ ပါဝင်ခဲ့ကြသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ သုံးဦးသည် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များ ဖြစ်လာသည်။ ထို့ပြင် ဘီအိုင်အေ၊ ဘီဒီအေ တပ်ဖွဲ့များဖွဲ့ပြီး နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲများတွင် ကျောင်းသားတို့ ပါဝင်လှုပ်ရှားခဲ့ကြသည်။
၁၉၅၁ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားအဖွဲ့ချုပ် အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
၁၉၅၃ - ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ်အတွင်း ကျောင်းသားဆန္ဒပြမှု အသေးစားများ ဖြစ်ပေါ်ခဲ့သည်။ ကျောင်းသားအခွင့်အရေး တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာခဲ့သော လှုပ်ရှားမှုများ ဖြစ်သည်။
၁၉၅၆ - အောက်တိုဘာလတွင် ဖဆပလအစိုးရသည် ကျောင်းသားသမဂ္ဂကို ရက်ပေါင်း ၃၀ အတွင်း ဖျက်သိမ်းရန် အမိန့်ထုတ်ခဲ့သည်။ စာမေးပွဲမေးခွန်း ပေါက်ကြားမှုနှင့် ပတ်သက်ပြီး ကျောင်းသားလှုပ်ရှားမှု ဖြစ်ခဲ့သည်။ စိန်ပေါကျောင်းသား ဟယ်ရီတန် သေနတ်မှန်ပြီး ကျဆုံးခဲ့သည်။
၁၉၅၈ - စက်တင်ဘာ ၂၈ ရက်နေ့တွင် ဦးနုအစိုးရသည် ဗိုလ်ချုပ်နေဝင်းထံ အာဏာ လွှဲအပ်ခဲ့သည်။ ထိုနေ့တွင်ပင် ကျောင်းသားသမဂ္ဂ ကျောင်းသားများသည် စစ်တပ်က အာဏာသိမ်းမှုအပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
၁၉၅၉ - ဇန်နဝါရီ ၁၇ ရက်နေ့တွင် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရန် တက္ကသိုလ်ကောင်စီကို ဖွဲ့စည်းခဲ့သည်။ ဥပဒေသစ်အရ ကျောင်းသားများသည် ထိုကောင်စီတွင် ပါဝင်ခွင့် မရှိတော့ပေ။ တက္ကသိုလ်ဥပဒေသစ်ကို ဆန့်ကျင် ဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင်များကို ကိုကိုးကျွန်းသို့ ပို့ခဲ့သည်။ ကျောင်းသား အများအပြား အဖမ်းခံရသည်။
၁၉၆၂ - မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းက အရပ်သားအစိုးရ ဦးနုထံမှ အာဏာသိမ်းခဲ့သည်။ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းသည်။ တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှုများကို တင်းကျပ်စွာ ထိန်းချုပ်ခဲ့သည်။ မေလ ၉ ရက်နေ့ တွင် တော်လှန်ရေးကောင်စီသည် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းလိုက်သည်။ တက္ကသိုလ်နှင့် ပတ်သက်သည့် ကိစ္စအားလုံးကို တော်လှန်ရေးကောင်စီက ချုပ်ကိုင် သိမ်းပိုက်လိုက်သည်။
၁၉၆၂ - ဇူလိုင် ၇ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ တရားမမျှတသည့် လုပ်ဆောင်ချက်ကို ကန့်ကွက်ရန် ကျောင်းသားများ အစည်းအဝေး ခေါ်ခဲ့သည်။ အစည်းအဝေးကို သမဂ္ဂအဆောက်အအုံ အတွင်း ကျင်းပခဲ့သည်။ ကျောင်းသားများ အစည်းအဝေးကျင်းပ နေစဉ်ကာလအတွင်း ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်။ သမဂ္ဂအဆောက်အအုံ ကိုလည်း ‘ဒီမိုကရက်တစ်တပ်ဦး’ ဟုအမည်ပေးခဲ့သည်။ ဆန္ဒပြမှုများအတွင်း ကျောင်းသားခေါင်းဆောင်များကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ကျောင်းသားများကို ထိုအကြောင်းကို သိသွားသောအခါ သမဂ္ဂရှေ့သို့လာပြီး ဆန္ဒပြ ကြွေးကြော်ကြသည်။ စစ်တပ်သည် တက္ကသိုလ်ဝင်းကြီး တစ်ခုလုံးကို ဝိုင်းထားလိုက်သည်။ ကျောင်းသားထု အတွင်းသို့ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ပြီး လူစုခွဲခဲ့ကြသည်။ ထိုနေ့ညတွင် တော်လှန်ရေးကောင်စီက မာရှယ်လောကို ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သမိုင်းဝင် သမဂ္ဂအဆောက်အအုံကြီးကို ဒိုင်းနမိုက်များဖြင့် ဖောက်ခွဲ ဖျက်ဆီးလိုက်သည်။ သမဂ္ဂအတွင်းရှိ ကျောင်းသားအမြောက်အမြား ကျဆုံးခဲ့ကြရသည်။ ထိုနေ့ကို အစွဲပြုပြီး ဇူလိုင် ၇ ကျောင်းသား လှုပ်ရှားမှု အရေးတော်ပုံအဖြစ် သတ်မှတ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းက ကျောင်းသားများသည် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ် ရှိသည်ဟု စွပ်စွဲခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းက “ကျွန်တော် နောက်ထပ် ဘာမျှမပြောလိုပါဘူး။ ဓားကို ဓားချင်း၊ လှံကိုလှံချင်း ဆိုင်ဖို့သာ ရှိပါတယ်” ဟုပြောကြားခဲ့ကြောင်း ထိုခေတ်ကိုမီသူများ၏ ပြောပြချက်အရ သိရှိရသည်။

မှတ်ချက် - ဓာတ်ပုံများကို သထုံဆောင်သဟာယနှင့်စာဖတ်သင်း (၁၉၆၃-၆၄) မှ ထုတ်ဖော်တင်ပြသည့် “ဇူလိုင်သမိုင်းဝင်ဖြစ်ရပ် ဓာတ်ပုံများ” စာအုပ်မှ ကူးယူဖော်ပြသည်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice