Fri, 18th April, 2014
Tuesday, 02 July 2013 13:53

ဆွီဒင်နိုင်ငံ လစ်ဘရယ်ပါတီ ကိုယ်စားပြု ပါလီမန်အမတ် Roger Haddad နှင့် တွေ့ဆုံခြင်း

Written by  ဉာဏ်မျိုးအောင်

 

မြန်မာ့နိုင်ငံရေးကို ဆယ်နှစ်ကျော်ခန့် လေ့လာခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် လည်ပတ်ကာ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၊ မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး အခြေအနေကို ဆွေးနွေးခဲ့သော ဆွီဒင်နိုင်ငံ လစ်ဘရယ်ပါတီ ကိုယ်စားပြု ပါလီမန် အမတ် Roger Haddad ကို တွေ့ဆုံ မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : မြန်မာနိုင်ငံကိုလာတာ ဒါ ပထမဆုံးအကြိမ် ပဲလားဗျ။

Roger : ဟုတ်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ဆယ်နှစ်ကျော်လောက် လေ့လာခဲ့ပါတယ်။ လာလည်တာကတော့ ဒါပထမဆုံး အကြိမ်ပါ။ ဒီကို လာလည်ခွင့်ရတာ ကိုလည်း ကျွန်တော် ဝမ်းသာမိပါတယ်။

Voice : မြန်မာနိုင်ငံကို ဘယ်လို ရည်ရွယ်ချက်နဲ့ လာတာလဲဗျ။

Roger : အဓိက ရည်ရွယ်ချက်ကတော့ ဒီက လူတွေနဲ့ မိတ်ဖွဲ့ချင်လို့ လာတာပါ။ ဆယ်နှစ် ကျော်လောက် မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်ခဲ့တယ်။ မြန်မာလူမျိုး တော်တော်များနဲ့ အဆက်အသွယ် ရှိပါတယ်။ ဆွီဒင်နိုင်ငံမှာရှိတဲ့ မြန်မာတွေနဲ့လည်း အဆက်အသွယ် ရှိပါတယ်။ ဒီမှာ ကျွန်တော်တို့ စောင့်မျှော်ခဲ့ရတဲ့ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ဒီမိုကရက်တစ် အပြောင်းအလဲတွေ ပထမဆုံးအကြိမ် ဖြစ်ပေါ်နေပါတယ်။ ဒီတော့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အခြေအနေကို ကျွန်တော့် မျက်စိနဲ့ တပ်အပ် မြင်ချင်လို့ လာခဲ့တာပါ။ ပြီးတော့ ခရီးသည် တစ်ယောက် အနေနဲ့လည်း မြန်မာနိုင်ငံက သွားရောက် လည်ပတ်ဖို့ကောင်းတဲ့ နိုင်ငံတစ်ခုလို့ တခြား နိုင်ငံကြီးသား တွေက ထောက်ခံမဲ ပေးနေတာတွေကို သတင်းစာတွေထဲမှာ ဖတ်ရပါတယ်။ ဒါကြောင့် လာလည်တာ ပါ။

Voice : အလည်အပတ်လာတဲ့ ကာလအတွင်းမှာ ဘာတွေ လုပ်ဖြစ်ခဲ့လဲဗျ။

Roger: ဒီမှာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ တွေ့ပါတယ်။ ကျွန်တော်တွေ့တဲ့အထဲမှာ NGO အဖွဲ့အစည်းတွေလည်း ပါပါတယ်။ ခင်ဗျားတို့ နိုင်ငံသားတွေရဲ့လိုအပ်ချက်တွေကို ပြောပြပါတယ်။ အများဆုံး တွေ့ဖြစ်တာကတော့ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေပါ။ ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ပါတယ်။ နေပြည်တော်မှာဆို ချင်းပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တွေရယ်၊ ပြီးတော့ ဒေါ်စုနဲ့လည်း တွေ့ခဲ့ပါတယ်။

Voice : အစိုးရအဖွဲ့ထဲက လူတွေနဲ့ရော တွေ့ဖြစ်သေးလား။

Roger: အင်း အစိုးရနဲ့ အနီးစပ်ဆုံးဆိုလို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက ကိုယ်စားလှယ်တွေနဲ့ တွေ့ဖြစ်ပါတယ်။ အစိုးရအဖွဲ့နဲ့ တွေ့ခွင့်ရဖို့က ကြားထဲကနေ ညှိနှိုင်းပေးမယ့်လူ လိုတယ်။ ကျွန်တော် တို့မှာက အချိန် နည်းနည်းပဲရတယ်။ ဒါကြောင့် အဓိကထား တွေ့ချင်တဲ့ အစိုးရအတိုက်အခံ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ပဲ တွေ့ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကျွန်တော် ဆက်သွယ်ဖြစ်ခဲ့ တာကလည်း အတိုက်အခံ အင်အားစုတွေဆိုတော့ အချိန်တိုအတွင်းမှာ သူတို့နဲ့ပဲ တက်သုတ်ရိုက်ပြီး တွေ့ဆုံခဲ့ပါတယ်။

"ကျွန်တော့်အတွက် ကတော့ စီးပွားရေးပြုပြင် ပြောင်းလဲမှုက အရေးကြီးပါတယ်၊ ဒီမိုကရက်တစ် အပြောင်းအလဲထက်တောင် ပိုပြီး အရေးကြီးပါတယ်..."

Voice: နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်နေတဲ့ လက်ရှိ အစိုးရကို ခင်ဗျားအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

Roger: လက်ရှိ အစိုးရက ရည်ရွယ်ချက် သိပ်မြင့်မားတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် သိရတာကတော့ အစိုးရရဲ့ဆုံးဖြတ်ချက် အတော်များများက စာရွက်ပေါ်မှာပဲ ရှိတယ်။ အရေးကြီး တာက ‘အစိုးရ ဘာပြောတယ်၊ အစိုးရ ဘာလုပ်တယ်’ ဆိုတာကို စောင့်ကြည့် မှတ်တမ်းတင်ပေးမယ့် ဥရောပ သမဂ္ဂနဲ့ ဗြိတိန်နိုင်ငံလို နိုင်ငံတွေက ပါလီမန်မျိုးတွေ ရှိဖို့ လိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ရှေ့ဆက် လှမ်းဖို့ တစ်ခုတည်းသော နည်းလမ်းပါ။ အစိုးရက လမ်းကြောင်းမှန် ပေါ်တော့ရောက်နေ ပါပြီ။ ဒါပေမဲ့ ကောင်းလှပြီလို့တော့ ပြောဖို့ စောပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ရလဒ်ကို ခုထက်ထိ မတွေ့ရသေးလို့ပါပဲ။

Voice: တချို့ကတော့ အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို လူအများစု မခံစားရသေးဘူး လို့ ဝေဖန်ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ကော ဘာပြောချင်ပါသလဲ။

Roger: ဆွီဒင်နဲ့ ဥရောပသမဂ္ဂလို နိုင်ငံမျိုးတွေကတောင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့ နှစ်လလောက်ကပဲ ရုပ်သိမ်းလိုက်ပါပြီ။ ကျွန်တော်ထင်တာကတော့ ဒီလိုမျိုး ရုပ်သိမ်းလိုက်တာက အစိုးရရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင် မှုတွေကို အထောက်အကူပြုမယ်လို့ ယူဆပါတယ်။ လက်ရှိအခြေအနေအရ ခင်ဗျားတို့ အစိုးရအပေါ် မှာ မူတည်ပါတယ်။ အစိုးရအနေနဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေကို အလေးအနက် ထားတယ်ဆိုတာ ပြသဖို့ လိုပါတယ်။ စီးပွားရေး မတိုးတက်ဘဲနဲ့ အစိုးရအနေနဲ့ ဖွံ့ဖြိုးမှုဆီကို တက်လှမ်းနိုင်မှာ မဟုတ်ပါ ဘူး။ ခင်ဗျားတို့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံကိုပဲကြည့်ပါ။ သူတို့က စီးပွားရေး တိုးတက်အောင် လုပ်နိုင်ခဲ့တယ်။ ခင်ဗျားတို့လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အောင်မြင်အောင် လုပ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ နိုင်ငံက ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ နှစ်ပေါင်း ရှည်ကြာနေခဲ့ရတယ်။ ကျွန်တော့်အတွက်ကတော့ စီးပွားရေးပြုပြင် ပြောင်းလဲမှုက အရေးကြီးပါတယ်၊ ဒီမိုကရက်တစ် အပြောင်းအလဲထက်တောင် ပိုပြီး အရေးကြီးပါတယ်။

Voice: နောက်တစ်ခုက လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ တချို့ကလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ပွတ်တိုက်မှုလို့ ဝေဖန်ကြပါတယ်။ ဒီလိုမျိုး ဖြစ်နေတာကရော မြန်မာ့နိုင်ငံရေး အပြောင်းအလဲပေါ် မှာ ဘယ်လိုမျိုး အကျိုး သက်ရောက်မှု ရှိနိုင်မယ် ထင်ပါသလဲ။

Roger: ဒီကနေ့အထိ အာဏာ ပိုင်းခြားထားမှုကို ကျွန်တော် သေချာ မသိရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒီကိုရောက်တုန်း ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ ဆွေးနွေးတော့ သမ္မတနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နားထောင်ခဲ့ရပါတယ်။ ဒီအပေါ်မှာတော့ ကျွန်တော့်အနေနဲ့ မှတ်ချက် မပေးလိုပါဘူး။

Voice : ကောင်းပါပြီ၊ လက်ရှိ ကာလမှာတော့ လွှတ်တော်က ဖွဲ့စည်းပုံပြင်ဖို့ လေ့လာသုံးသပ် ရေး ကော်မတီ ကော်မရှင်ဖွဲ့ရေး အဆိုကို အတည်ပြုထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ကော ဘာများ ပြောချင်ပါသလဲ။

Roger: ဖွဲ့စည်းပုံ ပြင်ဆင်ရေးလား။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ကျွန်တော်တို့ တော်တော် များများ ဖတ်ဖြစ်တဲ့ ပြင်ဆင်ရမယ့် အချက်ထဲက ဥပမာတစ်ခု ပြောမယ်ဆိုရင် ဒေါ်စုကို သမ္မတနေရာ ဝင်ပြိုင်ခွင့် ပြုဖို့ပါ။ သမ္မတနေရာ ဒေါ်စုဝင်ပြိုင်ဖို့ ဖြစ်နိုင်တယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း သူတို့ ရွေးချင်တဲ့သူကို ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကို ရွေးချင်ရွေးမယ်။ သမ္မတ ဦးသိန်းစိန်ကို ရွေးချင်ရွေးမယ်။ ဒါမှမဟုတ်ရင် ဒေါ်စုကို ရွေးချင် ရွေးမယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ့်သမ္မတကို ကိုယ်တိုင် ရွေးချယ်ဖို့၊ ကိုယ့်ခေါင်းဆောင်ကို ကိုယ်တိုင် ရွေးချယ်ဖို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ တစ်ရပ် ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။ အမှန်ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲက ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့် အမြင် ကတော့ လွတ်လပ် မျှတတယ်လို့ မထင်ပါဘူး။
လွှတ်တော်ထဲမှာရှိတဲ့ လျှမ်းလျှမ်းတောက် ကျော်ကြား နေတဲ့ လူစုကို ကြည့်လိုက်ရင် အရင် အစိုးရ လက်ထက်တုန်းက လူဟောင်းတွေ ဖြစ်နေတယ်။ ဒီမိုကရက်တစ် အတွေးအခေါ်နဲ့ ဒီမိုကရက်တစ် ယန္တရားတွေကို ဖော်ဆောင်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ လိုပါတယ်။ ဖွဲ့စည်းပုံ ပြင်ဖို့က လမ်းကြောင်းပေါ်တော့ ရောက်နေပါပြီ။ ဒေါ်စုကို သမ္မတနေရာ ဝင်ပြိုင်ခွင့် ပြုနိုင်မယ့် ပြင်ဆင်ချက်ကလည်း အရေးကြီးပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် တခြား အချက်တွေလည်း လိုပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုလိုမျိုး၊ ပြည်နယ်အစိုးရနဲ့ ဗဟို အစိုးရကြားမှာ အာဏာ ခွဲဝေမှုလိုမျိုး ပြင်ဆင်ချက်တွေလည်း လိုပါတယ်။ တိုင်းရင်းသား လူနည်းစု အခွင့်အရေး တွေကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံချက် ပေးနိုင်ရပါမယ်။ သူတို့ကို ဖွဲ့စည်းပုံ မူတွေကနေ ခွဲခြား ဆက်ဆံတာမျိုး မလုပ်သင့်ပါဘူး။

Voice: ဒေါ်စုကို သမ္မတနေရာ ဝင်ပြိုင်ခွင့် ပြုဖို့ဆိုတာက ဖွဲ့စည်းပုံထဲက သမ္မတ အရည်အချင်းဆိုင်ရာ သတ်မှတ်ချက်တွေကို ပြင်ဖို့ လိုပါတယ်။ ဒါပေမဲ့ လွှတ်တော်မှာက ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အမတ်နေရာ အများဆုံး ရထားတာဆိုတော့ ဖွဲ့စည်းပုံ ပြင်တာနဲ့ ပတ်သက်လို့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေရဲ့ ဆန္ဒက ပိုအရေးကြီးတယ်။ ဒီတော့ ခင်ဗျားအနေနဲ့ ဒီအပေါ်မှာ ဘာ အကြံပြုချင်ပါသလဲ။

Roger: ပြင်ဆင်မယ့် လုပ်ငန်းစဉ်ကတော့ ရှိနေပြီဆိုတော့ ရေရှည်ကို မျှော်ကြည့်ဖို့ပဲ လိုမယ် ထင်ပါတယ်။ ဒါကို ၂၀၁၀ ရွေးကောက်ပွဲတုန်းကတည်းက ကျွန်တော် အကြံပြုခဲ့ပါတယ်။ အဲဒီတုန်းက ရလဒ်နဲ့ ပတ်သက်လို့လည်း စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံသား တွေရဲ့ မဲဆန္ဒက ကိုယ်စားလှယ် ရွေးချယ်မှုမှာ ထိရောက်တဲ့ အကျိုး သက်ရောက်မှု မရှိခဲ့လို့ပါ။ ဒီမိုကရက်တစ် နိုင်ငံတွေနဲ့ ဒီမိုကရက်တစ် ပြောင်းလဲခါစ နိုင်ငံတွေမှာတောင် ပါတီ တစ်ခုတည်းက ဒီလောက် မဲအများကြီး အနိုင်ရမယ်လို့ မထင်ပါဘူး။ ဒါဟာ ရှားရှားပါးပါး ဖြစ်ရပ်ပါပဲ။ ပါတီတစ်ခုတည်း က ၈၅ သို့မဟုတ် ၉၀ ရာခိုင်နှုန်းလောက် အနိုင်ရခဲ့တယ်လေ။ တစ်ပါတီစနစ် ကျင့်သုံးတဲ့ အယ်ဂျီးရီးယား၊ တူနီးရှား၊ အာရေဗျ တောင်ပိုင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာတောင် တစ်ပါတီတည်းက ၉၀၊ ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရရင် ဒါဟာ ဒီမိုကရက်တစ် နည်းလမ်း လုံးဝ မကျဘူးလို့ပဲ ထင်ပါတယ်။ ဒီတော့ ရေရှည်ကို မျှော်ကြည့်တာက ပိုကောင်းပါမယ်။ ပိုပြီးတော့လည်း အရေးကြီး ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဘယ်လို ဖွဲ့စည်းပုံမျိုး၊ ဘယ်လို ဒီမိုကရက်တစ် ယန္တရားမျိုးတွေ ရှိမယ်ဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ။ ကျွန်တော်တို့မှာက အခွင့်အရေး နည်းနည်းပဲ ရှိတာကိုး။ မဲကလည်း နည်းတော့ ထိရောက်မှုလည်း မရှိနိုင်ဘူးလေ။

Voice: ဒေါ်စုကိုရော ဘယ်လိုမြင်လဲဗျ။

Roger: ဆွီဒင် ပါလီမန်မှာ ရှိတုန်းကတော့ ဒေါ်စုနဲ့ ဖုန်းကပဲ စကားပြောဖြစ်ပါတယ်။ မနှစ်တုန်း က နော်ဝေနိုင်ငံ အော်စလိုမြို့မှာလုပ်တဲ့ အခမ်းအနားကို ကျွန်တော် သွားလည်ခဲ့တယ်။ သူ့အနေနဲ့ ကလည်း ဒါပထမဆုံး ပြင်ပနိုင်ငံတွေကို ခရီး စထွက်လာတယ်။ အဲဒီမှာ မိန့်ခွန်းကောင်း တစ်ခုကို သူပြောခဲ့တယ်။ သူ့မိန့်ခွန်းထဲမှာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံ နိယာမတွေကို အဓိကထား ပြောပါတယ်။ ကျွန်တော်တို့ လေးစား အားကျမိပါတယ်။ နိုင်ငံရေးသမား ပေါက်စတွေအပေါ်လည်း သူက လွှမ်းမိုးနိုင် ခဲ့ပါတယ်။ မျှော်လင့်ချက် ပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေကိုလည်း မျှော်လင့်ချက် ပေးနိုင်မယ်လို့ ထင်ပါတယ်။ သူက ခင်ဗျားတို့ နိုင်ငံ အနာဂတ်နဲ့ ဒီမိုကရေစီ အနာဂတ်အတွက် လုပ်ဆောင်နေတဲ့ တက်ကြွတဲ့ နိုင်ငံရေးသမား တစ်ယောက်ပါ။ သာမန်ဆို၊ သူက လက်ရှိ အီလစ် (အထက်တန်းလွှာ) တွေနဲ့ အဆက်အသွယ်ရှိတယ်။ ခင်ဗျား သိပါတယ်၊ သူ့အဖေက တပ်မတော်ကို တည်ထောင်ခဲ့သူလည်း ဖြစ်သလို နိုင်ငံခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒေါ်စုက အီလစ် လူတန်းစားထဲကလို့ ခင်ဗျားပြောမယ်ဆို ပြောလို့ရတယ်။ ဒါပေမဲ့ သူ့မှာ စီးပွားရေးအရရော တခြားကိစ္စနဲ့ ပတ်သက်လို့ရော ဘယ်လို အရှုပ်အရှင်းမှ မရှိပါဘူး။ ဒုက္ခခံခဲ့ရတာတွေကလည်း ရှိသေး တယ်။ ဒါကြောင့်ပဲ သူ့ကို ကျွန်တော် သိပ်လေးစားတာပါ။ ၁၅ နှစ်လောက်လည်း နေအိမ်အကျယ်ချုပ် နဲ့ နေခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်ဆိုတဲ့ သူ့ရည်ရွယ်ချက်ကို ယုံကြည်တယ်။ ပထမ ခြေလှမ်းအနေနဲ့ကတော့ သူ့ကို ပါလီမန်မှာ အရွေးခံထားရပြီ။ မနေ့က ဒေါ်စုနဲ့ တွေ့တုန်းကလည်း သူက ပြောထားတာ ရှိပါတယ်။ ကျွန်တော်ကတော့ အကောင်းမြင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရက်တစ် နိုင်ငံပါလို့ မပြောနိုင်သေးခင် ခရီး အရှည်ကြီး လျှောက်လှမ်းရဦးမှာပါ။ ကျွန်တော်တို့က ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်ရဲ့ အစမှာပဲ ရှိပါသေးတယ်။

"အပစ်အခတ် ရပ်စဲရေးက အခြေခံအချက်ပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားနိုင်ငံမှာ တည်ငြိမ် အေးချမ်းမှုမရှိရင် ဘယ်လို ရှေ့ဆက်သွားမလဲ..."

Voice: NLD ပါတီနဲ့ တိုင်းရင်းသား ပါတီတွေအကြား ဆက်ဆံရေးကိုရော ဘယ်လိုမြင်ပါ သလဲ။

Roger: ဟုက်ကဲ့ပါ။ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။ သူတို့ရဲ့ အမြင်တွေကို ကျွန်တော် လေးစားပါတယ်။ ကျွန်တော် ဆိုလိုချင်တာက သူတို့ လူမျိုးစုတွေက သူတို့ကို ရွေးကောက် တင်မြှောက်ထားတယ်။ ကိုယ်စားလှယ်တွေက လူမျိုးစုတွေရဲ့ ယုံကြည်ချက်နဲ့ အခြေအနေကို ကိုယ်စားပြုရတယ်။ သူတို့နဲ့ NLD ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေးကိုတော့ ထင်မြင်ချက် မပေးလိုပါဘူး။ ဒါပေမဲ့ ကျွန်တော့်အမြင်အရ ပြောရရင် အတိုက်အခံတွေ အကွဲအပြဲဖြစ် နေတာထက် တစ်ခုတည်းသော အသံ၊ အားကောင်းတဲ့ တစ်ခုတည်းသော အသံက အကွဲကွဲအပြားပြား ရှိနေတဲ့ အသံတွေထက် ပိုကောင်းပါတယ်။

Voice : ဒေါ်စုနဲ့ တွေ့တုန်းက ဒေါ်စုက ခင်ဗျားကို ဘာတွေပြောလိုက်လဲ။

Roger: ကျွန်တော်တို့ တစ်နာရီလောက် တွေ့ခဲ့ပါတယ်။ လေဒီနဲ့ ဆွေးနွေးခဲ့တယ်။ ကျွန်တော့် အနေနဲ့ ဒီမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိခဲ့ရပါတယ်။ ဆွီဒင်ဘက်က အမြင်ကို ပြောရရင်တော့ သိပ်ကို အကောင်းမြင်ပါတယ်။ ဒါပေမဲ့ ဒီလိုပြောလို့ ပြုပြင်ပြောင်းလဲရေး မှာ ထိထိရောက်ရောက် လုပ်နေတယ်လို့ ဆိုလိုတာ မဟုက်ပါဘူး။ ဒါဟာ ဒေါ်စုနဲ့ ဆွေးနွေးစဉ်တုန်းက အဓိက ဆွေးနွေးခဲ့တဲ့ အချက် တစ်ချက်ပါပဲ။

Voice : ဖွဲ့စည်းပုံအသစ် ပြန်ရေးဆွဲဖို့ ညီလာခံ တစ်ခု ခေါ်မယ်။ ပြီးတော့ ညီလာခံမှာ အတည် ပြုထားတဲ့ ဖွဲ့စည်းပုံကို ပြည်သူလူထု ထောက်ခံမှုယူမယ်။ လက်ရှိ လွှတ်တော်က အဲဒီဖွဲ့စည်းပုံကို အတည်ပြုပေးရမယ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ပြောထားတယ်။ အတည်ပြုမပေးရင် လက်နက်ကိုင်တွေက အရင်ကအတိုင်း ပြန်တိုက်မယ်။ အတိုက်အခံတွေက လူထု လှုပ်ရှားမှုတွေ ပြန်လုပ်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ လွှတ်တော်ဘက်ကတော့ ကော်မတီ ကော်မရှင်ဖွဲ့ ပြင်မယ်လို့ ဆိုတယ်။ ဒီတော့ ဒီနည်းလမ်း နှစ်ခုကြားမှာ ပြဿနာတွေ ဖြစ်လာနိုင်လား။

Roger : အပစ်အခတ် ရပ်စဲရေးက အခြေခံအချက်ပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားနိုင်ငံမှာ တည်ငြိမ် အေးချမ်းမှုမရှိရင် ဘယ်လို ရှေ့ဆက်သွားမလဲ။ တစ်ယောက်ကို တစ်ယောက် ဘယ်လို စကားပြောလို့ရမလဲ။ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ကိုယ်စားလှယ်တွေ အတော်များများနဲ့ တွေ့ပြီး တော့ ဒါဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ခုဆိုတာ သိရပါတယ်။ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုလုပ်ဖို့ အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင် တွေက ပြောပါတယ်။ အစိုးရကလည်း တွေ့ဆုံ ဆွေးနွေးတာတွေလုပ်ဖို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ ထိပ်ပိုင်းအဆင့်မှာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာတော့ မသိပါဘူး။ တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ မျှော်လင့်ချက် မြင့်မားကြပါတယ်။ မြင့်လည်း မြင့်မားဖို့ လိုပါတယ်။ စေ့စပ် ညှိနှိုင်းမှု လုပ်ရင်လည်း သူတို့ လိုချင်တာ အားလုံးကိုတော့ တိုက်ရိုက်ရမယ်လို့ မထင်ပါဘူး။ ဖွဲ့စည်းပုံ အသစ်အကြောင်း ပြောရရင်လည်း အရေးအပါဆုံး နိယာမကတော့ အာဏာ ခွဲဝေမှုပါပဲ။ ဒါကို အရေးကြီးတဲ့ အကြောင်းအရာလို့တော့ မမြင်ပါဘူး။ ဒါက NLD နဲ့ အစိုးရကြားက ကိစ္စရပ် တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ အရေးကြီးဆုံး မူတွေဖြစ်နေတော့ ပြင်ဆင်ဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု လိုအပ်ပါတယ်။

Voice : ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ် အနိုင်ရသွားခဲရင်ကော ဘယ်လိုမျိုး အကျိုးအဆက်တွေ ဖြစ်လာနိုင်သလဲ။ တချို့ကတော့ တပ်မတော်က အာဏာပြန်သိမ်း တာမျိုး လုပ်နိုင်တယ်လို့ ဆိုပါတယ်။

Roger: ကောင်းပါပြီ။ ကျွန်တော် ထင်တာတော့ NLD ပါတီက ကိုယ်စားလှယ် နေရာ တော်တော် များများ ရမယ်။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲလောက်တော့ အများကြီးနိုင်မှာ မဟုတ်ဘူး။ အရင်နဲ့ မတူတာ၊ တစ်ဖက်မှာက ယခင် တပ်မတော်အစိုးရက ပါတီ ထောင်ထားတယ်။ သူတို့က အပြောင်းအလဲ တချို့ကို အောင်မြင်ဖို့ ကြိုးစားနေတယ်။ သူတို့လုပ်တာ အောင်မြင်ရင် တချို့ လူတွေ က သူတို့လုပ်တာ ကောင်းတာပဲဆိုပြီး ထောက်ခံနိုင်တယ်။ ချိန်ခွင်လျှာက အရမ်းကြီးရွှေ့သွားကောင်း ရွှေ့သွားနိုင်တယ်။ ကျွန်တော်တို့ ဆွီဒင်နိုင်ငံရဲ့ နိုင်ငံရေး တန်ဖိုးထားမှုက NLD ပါတီနဲ့ နီးစပ်တယ်။ ဒါကြောင့် NLD ပါတီ ရွေးကောက်ပွဲမှာ နိုင်မယ်လို့တော့ ယူဆမိပါတယ်။ NLD ပါတီ အပြတ်အသတ် အနိုင်ရလို့ တပ်မတော်က ပြန်အာဏာသိမ်းမယ် ဆိုရင်တော့ ဒါဟာ ဆိုးဝါးတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကို နောက်ပြန်သွားပါလိမ့်မယ်။ ပြည်တွင်းစစ်တွေ ပြန်ဖြစ်ပါလိမ့်မယ်။ အစိုးရ အနေနဲ့ကော၊ ယခင် တပ်မတော် အစိုးရအနေနဲ့ပါ ဒါမျိုး ဖြစ်စေချင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတို့အနေနဲ့ ပြည်သူတွေရဲ့ မဲဆန္ဒကို လက်ခံမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့၊ သူတို့မှာ အကြောက်တရားတွေ အများကြီးရှိတယ်။ စီးပွားရေးအရရော၊ နိုင်ငံရေးအရရော တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဖို့ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ သူတို့ အနေနဲ့ ပြည်သူတွေ ကိုယ့်ခေါင်းဆောင်ကို ရွေးကောက် တင်မြှောက်ခွင့် ပြုသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ မြန်မာနိုင်ငံမှာ ပြဿနာကြီးတွေ ဖြစ်လာမယ်။ ပိတ်ဆို့မှုတွေ ပြန်လာမယ်။ ဟိုတုန်းကလိုပဲ မြန်မာနိုင်ငံ အထီးကျန်နေဦးမယ်။ ဖွံ့ဖြိုးမှုတွေလည်း ရှိမှာမဟုတ်ဘူး။

Voice : အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ၂၀၁၅ ရွေးကောက်ပွဲမှာ ကျင့်သုံးဖို့ လွှတ်တော် တင် အတည်ပြုချက်ယူဖို့ လုပ်နေပါတယ်။ ဒီစနစ်ကို ကျင့်သုံးသင့် မသင့် ဘယ်လို မြင်ပါသလဲ။ တိုင်းရင်းသား ပါတီတွေနဲ့ NLD ပါတီကတော့ ဒီစနစ် ကျင့်သုံးဖို့ လက်မခံပါဘူး။

Roger: ကျွန်တော်ကတော့ PR စနစ်ကို ကြိုက်ပါတယ်။ ဒါဟာ ဆွီဒင်ဘက်က အမြင်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဆွီဒင်မှာ သိပ်မကြီးလှတဲ့ အလယ်အလတ် ပါတီကိုပဲ ကိုယ်စားပြုတာပါ။ ကျွန်တော်တို့ ဆွေးနွေးကြတာ တစ်ခု ရှိပါတယ်။ ဆွီဒင်မှာ PR စနစ်မရှိရင် ကျွန်တော်တို့ ပါတီအနေနဲ့ ပါလီမန်မှာ နေရာရဖို့ ခက်ခဲပါတယ်။ သာမန်အားဖြင့် နိုင်သူ အကုန်ယူစနစ် (First Past the Post System) က ပါတီကြီးတွေအတွက် ကောင်းပါတယ်။ ဥပမာ-ဗြိတိန်နိုင်ငံ လိုပေါ့။ သူတို့ဆီမှာ ပါတီကြီး နှစ်ခု ရှိတယ်။ လူနည်းစုတွေရဲ့အမြင်ကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ သူတို့ ဘာကြောင့် ဒီလို ငြင်းဆန်နေရတာလဲ ဆိုတာတော့ ကျွန်တော်မသိပါဘူး။ နိုင်ငံရေး သိပ္ပံဘာသာရပ် အရတော့ ပါတီလေးတွေနဲ့ လူနည်းစု ကိုယ်စားပြု ပါတီတွေအတွက် PR စနစ်က ကောင်းပါတယ်။

Voice: နောက်တစ်ခုက၂၀၁၅ မှာ သမ္မတဖြစ်ချင်တဲ့ လူသုံးဦး ဖြစ်နေတယ်။ သမ္မတ ဦးသိန်းစိန်ရယ်၊ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရယ်၊ ဒေါ်စုရယ်။ ဒါနဲ့ ပတ်သက်လို့ကော ဘာပြော ချင်ပါသလဲ။

Roger: ကျွန်တော်ကတော့ သိပ်အကောင်း မြင်ပါတယ်။ ဒါက ဒီမိုကရေစီစနစ်ရဲ့ သဘော သဘာဝပါပဲ။ ကျွန်တော့် မဲဆန္ဒနယ်မှာတောင် ကိုယ်စားလှယ်လောင်းတွေ အများကြီးလေ။ ကျွန်တော်တို့ ပါတီ တစ်ခုတည်းမှာတောင် ကိုယ်စားလှယ်လောင်းတွေ အများကြီးရှိတယ်။ ကိုယ်စားလှယ်လောင်း နှစ်ယောက်၊ သုံးယောက်လောက် ရှိတယ်။ ဒါကို ကောင်းတယ်လို့ မြင်ပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ တကယ့် စစ်မှန်မှုပါပဲ။ မဲပေးမယ့်သူက ရွေးချင်တဲ့သူ ရွေးလို့ရတယ်လေ။

Voice : ဆွီဒင် အစိုးရအနေနဲ့ရော မြန်မာနိုင်ငံအပေါ်မှာ ဘယ်လို သဘောထား ရှိပါသလဲ။

Roger : ခေါင်းဆောင်တွေ တစ်ဦးချင်းအပေါ် သဘောထားကိုတော့ မပြောလိုပါဘူး။ ခင်ဗျားတို့ ချမှတ်လိုက်တဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေကိုပဲ ပြောချင်ပါတယ်။ အခု လောလောဆယ်တော့ ဆွီဒင်နဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေက ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ထောက်ခံခဲ့ပါတယ်။ ဆွီဒင် ပါလီမန်မှာလည်း ဒါနဲ့ ပတ်သက်လို့ ကျွန်တော် မေးမြန်းခဲ့ပါတယ်။ ဒါပေမဲ့ ပိတ်ဆို့မှု ရုပ်လိုက်လို့ အားလုံးကောင်းသွားပြီ ဆိုပြီး မီးစိမ်းပြလို့ရတာ မဟုတ်ပါဘူး။ ပိတ်ဆို့မှု ရုပ်သိမ်းရေးအပြင် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှု ကိုလည်း လိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်း ၅၀ လောက် မြန်မာလူမျိုးတွေ ဒုက္ခတွေ ခံစားခဲ့ ရတယ်။

Voice : မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဆွီဒင် စီးပွားရေးသမားတွေကော ဘယ်လို သဘောရလဲ။

Roger: ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့တော့ ခင်ဗျားတို့ အစိုးရကို ကျွန်တော်တို့ မီးစိမ်းပြထား ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း ဒီကို ရောက်ပြီးပါပြီ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ အစိုးရကို စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့လို့ ပြုပြင်ပြောင်းလဲရေး တွေကို ထပ်မတွေ့ရတော့ရင် သူတို့ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ နိုင်ငံရေး တည်ငြိမ်မှုကို လိုချင်တယ်လေ။ ဒေါ်လာ ဘီလီယံ တစ်ရာလောက်ကို ရင်းနှီးမြှုပ်နှံပြီးလို့ တစ်ပတ်အတွင်းမှာ ပြည်သူပိုင် သိမ်းခံရတာမျိုး ဖြစ်သွားမယ်ဆိုရင် ကျွန်တော် ရင်းနှီးမြှုပ်နှံမှာ မဟုတ် ဘူး။ ဒါက သိပ်ပြီးတော့ စွန့်စားရာ ကျတယ်လေ။

Copyright © 2013 The Voice
All rights reserved
Powered by The Voice