Tue, 15th April, 2014
Saturday, 29 June 2013 07:09

၂၀၀၈ ခုနှစ် မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တားမြစ်ခံအမျိုးသမီး

Written by 

 

မြန်မာ ပြည်သူပြည်သားတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲရန်အတွက် သမ္မတဦးသိန်းစိန်၏ အမြင်ကို သိချင်နေကြသည်။ သူတို့သိချင်သည့် အကြောင်းအရာများ ထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို တားမြစ် ကန့်သတ်ထားသည့် ဥပဒေများကပိုပြီး အဓိကကျမည် ထင်သည်။ သူတို့အလေးထားသည့် ထိုအမျိုးသမီးတွင် နိုင်ငံခြားသားအဖြစ် ခံယူထားသော (နိုင်ငံခြားသစ္စာခံ) သားနှစ်ယောက် ရှိပြီး သမ္မတ ဖြစ်လိုကြောင်းလည်း ထုတ်ဖော် ပြောကြားထားသူ ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၅၉၊ အပိုဒ်ခွဲ (စ) တွင် နိုင်ငံတော်သမ္မတ ဖြစ်လိုသူသည် “မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ” ဟူ၍ပါ ပြဋ္ဌာန်းထားသည်။

သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လက်ရှိ ဝေဖန် သုံးသပ်ချက်များအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူများ ထောက်ခံမှုဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်ကသာ ခွင့်ပြုမည် ဆိုလျှင်၊ ပြည်သူတွေကသာ သူမ (ဒေါ်အောင်ဆန်းစုကြည်) ကို သမ္မတဖြစ်ရန် သဘောတူလျှင် မိမိတွင် ပြောစရာ မရှိကြောင်း ဟုဆိုခဲ့သည်။

အစိုးရသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုသည့် အာဏာသုံးရပ်ဖြင့် သီးခြားခွဲကာ အုပ်ချုပ်နေသည် ဆိုသော်လည်း အာဏာများကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုကြောင်းလည်း ပုဒ်မ ၁၁ (က) တွင် ဖော်ပြထားသည်။ သို့သော် သမ္မတတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော အာဏာနှင့် လုပ်ပိုင်ခွင့်များကို အသုံးချပြီး လွှတ်တော်နှင့် ပြည်သူတို့ကို တိုက်ရိုက် ပြောဆိုခွင့်များ ရှိပါသည်။ ထိုပြောဆိုခွင့်တွင် ပြည်သူတို့ စိတ်ဝင်စားမည့် ခေါင်းစဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးသာ ဖြစ်သည်။

သမ္မတတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေများက အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းခြင်း၊ ထိုမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးခြင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက် ကျော်၏ ဆန္ဒမဲကို ရရှိခဲ့လျှင် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ခွင့် ရှိသွားမည် ဖြစ်သည်။

သမ္မတ ပြောသလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူများ၏ ထောက်ခံချက်ဖြင့် ရေးခဲ့ခြင်း ဖြစ်သည် ဆိုသည့်အချက်မှာ ပြောစရာ ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူ့ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်ပေ။ ပြည်လုံးကျွတ် ဆန္ဒခံယူခဲ့သည် ဆိုသော်လည်း ပြည်သူတို့ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ၏ နိုင်ငံရေး သဘောတူညီချက် မပါသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသာ ဖြစ်သည်။

နိုင်ငံရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား လူမျိုးစုပါတီများ ပါဝင်သည်ဆိုသော အမျိုးသားညီလာခံက ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတစ်ရပ်လုံးက လက်မခံခဲ့ကြောင်းမှာ အထင်အရှား ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် တစ်ချိန်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်တစ်ဦး ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် ခေါ်ယူခဲ့သည့် အမျိုးသားညီလာခံ ကော်မရှင်ကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ သူသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်းကို လည်းကောင်း၊ မြန်မာ့နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လူမျိုးစုများ အကြောင်းကို အခြားသူများထက်ပိုပြီး သိသူတစ်ဦးလည်း ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သူတို့အမြင်နှင့် ပြည်သူများ၏ဆန္ဒ တစ်ထပ်တည်း မကျခြင်းကိုလည်း ကောင်းကောင်းသိသူ ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သည် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးထားသဖြင့် အပြုသဘောဆောင်သည့် တိုးတက်မှုတစ်ခုဟု ဆိုရမည်ဖြစ်သည်။ ပြန်လည် ပြုပြင်ပြောင်းလဲရန် မျှော်လင့်ချက် တစ်ခုလည်း ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်နှင့် ပတ်သက်ပြီး NLD နှင့် တိုင်းရင်းသား လူမျိုးစုပါတီများ ပူးပေါင်းကာ ဦးဆောင် လှုပ်ရှားနေသည်။

ပြည်ထောင်စုလွှတ်တော်သည် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်တွေ့ အကောင်အထည် ဖော်ရေးတွင် ဦးဆောင် ကြိုးပမ်းနေသည်။ သူတို့ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ် ပြုရမည် ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခင်အောင်မြင့်တို့က ပြောင်းလဲမှုကို ထောက်ခံအားပေးပြီး သူတို့၏ အခန်းကဏ္ဍကို မြှင့်တင် သွားနိုင်စရာ အကြောင်းရှိသည်။ ဦးရွှေမန်းကလည်း သူ့အနေဖြင့် သမ္မတ ဖြစ်လိုကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။ ထိုစကားက ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စိတ်ကူးလေလား ထင်မှားစရာပင်။ မည်သို့ဆိုစေ ဦးသိန်းစိန်ကိုတော့ အံ့အားသင့်သွား စေနိုင်သည်။

"ပြည်လုံးကျွတ် ဆန္ဒခံယူခဲ့သည် ဆိုသော်လည်း ပြည်သူတို့ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ၏ နိုင်ငံရေး သဘောတူညီချက် မပါသည့်..."

လက်ရှိ အခြေအနေတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေက လိပ်ခဲတည်းလည်း ဖြစ်နေသည်ဆိုစေ ပိတ်ဆို့ အရေးယူထားသည့် တိုင်းပြည်များကလည်း ဖွင့်ဟပေးပြီး မြန်မာနိုင်ငံကို ဆက်သွယ်ခဲ့ကြသည်။ ထိုနိုင်ငံများထဲတွင် သြစတြေးလျ နိုင်ငံလည်း အပါအဝင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရပ်တည်ခွင့် မရစေရန် တားမြစ်ထားသည့် ရွေးကောက်ပွဲ ဥပဒေကိုလည်း သူတို့ သဘောမတူကြပေ။ ထိုအချက်ကပင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဆိုသည့် ဂုဏ်ကို သေးသိမ် ညှိုးမှိန်စေခဲ့သည်။ ထိုအချက်ကိုလည်း အနှေးနှင့်အမြန် ဖြေရှင်းရန်လိုမည် ထင်သည်။

နိုင်ငံများက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး သူတို့အမြင် အမျိုးမျိုးဖြင့် ဆွေးနွေးကြသည်။ သူတို့ ဆွေးနွေးလိုက်တိုင်း ‘တားမြစ်ခြင်း ခံထားရသည့် အမျိုးသမီး’ (Thr Lady Prohibition) ဆိုသည့် စကားဖြင့် စတင်လေ့ရှိသည်။ ထိုအရေးသည် ချွေးသိပ်လိုက်ရုံဖြင့် ပြေပျောက်သွားနိုင်သည့် ကိစ္စလည်း မဟုတ်ပေ။ ပြည်သူတို့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးမှသာ ရပေလိမ့်မည်။ ထိုတာဝန်ကို လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အစိုးရက လုပ်ဆောင်ရပေလိမ့်မည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုရမည်သာ ဖြစ်သည်။ သို့ရာတွင် ထိုအရေး၌ တပ်မတော်၏ ဦးဆောင်မှုဖြင့်ဆိုသည့် အချက်ကလည်း ပါနေသည်။ သူတို့က စည်းကမ်းရှိသော ဒီမိုကရေစီဆိုသည်ကို နိုင်ငံရေးစီမံချက် တစ်ရပ်အနေဖြင့် ချမှတ်ထားပြီး ဖြစ်သည်။ အချိန်ကာလနှင့် ပြည်သူတို့၏ အခန်းကဏ္ဍကိုပင် သူတို့က သတ်မှတ်ထားပြီး ဖြစ်သည်။ ထိုသတ်မှတ်ချက်ကပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံရေး သဘောတူညီချက်များဖြင့် ရေးဆွဲထားခြင်း မဟုတ်ပေ။ ပြည်သူတို့ ထောက်ခံမှုကို ရယူရန် လိုသေးသည်။ နိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရမည့် အရေးလည်း ဖြစ်သည်။ အထူးသဖြင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများ လက်ခံနိုင်လောက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်ရန်လိုသည်။

အာရှနှင့် တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်လိမ့်မည်ဟု လက်ခံယုံကြည် နေကြသည်။ ထိုအချက်က သမ္မတဦးသိန်းစိန်၏ အမြင်ကို ပြောင်းလဲစေနိုင်သည်။ နိုင်ငံရေးအရ သမ္မတတွင် တာဝန်ရှိသွားသည့် သဘောဖြစ်သည်။ သူ့အနေဖြင့် သမ္မတ ရွေးကောက်ပွဲသို့ ဝင်လာနိုင်သည့် အဆင့်တစ်ခုကို ပြုပြင် ပြောင်းလဲပေးပါမည်ဟု ပြောရတော့မည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံမှ ပြည်သူများ လက်ခံရန်နှင့်၊ အာရှဒေသတွင်း အပြင် နိုင်ငံတကာကပါ လက်သင့်ခံရန်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တားမြစ်ထားခြင်းတို့ကို ဖြေလျှော့ ပေးလိုက်ပြီး ဝင်အရွေးခံစေခြင်းက လွဲ၍ အခြားမရှိပေ။

သမ္မတကြီး အနေဖြင့် အဘယ်ကြောင့် သူ့ယုံကြည်ချက်ကို မထုတ်ဖော်သေးဘဲ အင်တင်တင် လုပ်နေရသနည်း။ နိုင်ငံရေးတွင် မှန်းဆရခက်မှုများ ရှိတတ်သည်။ သမ္မတကြီး အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ပေးလိုသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မျက်နှာချင်း မဆိုင်ခြင်းလော၊ တပ်မတော်ကြောင့် သူ့ထင်မြင်ချက်ကို လွတ်လပ်စွာ မပြောရဲသလော စသည့် သို့လော သို့လော တွေးထင်စရာတွေက များလှသည်။

ပြည်သူတို့က သမ္မတကြီး ဦးသိန်းစိန်ထံမှ ထုတ်ဖော် ပြောဆိုလာမည့် စကားကို ကြားလိုကြသည်။ အလားတူပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၂၀ (စ) တွင် “တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်” ဟု ဆိုခြင်းကြောင့်လည်း တပ်မတော်ထံမှ စကားသံတွေကို ကြားချင်ကြလိမ့်မည်။
ပြည်ထောင်စု လွှတ်တော်သည် ထိုအခန်းကဏ္ဍကို ဦးဆောင်သွားနိုင်မည် ထင်ပါသည်။ ယခုအချိန်တွင် အသံများ တိတ်ဆိတ် နေသေးသော်လည်း မကြာမီ သူတို့ထံမှ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အသံများ ထွက်လာမည် ထင်သည်။ အားလုံး မျှော်လင့်ကြရုံသာ ရှိသည်။

(Janelle Saffin ရေး၍ အယ်ဒီတာတစ်ဦး ဘာသာပြန်သည်)
(ဤဆောင်းပါးသည် Janelle Saffin ရေးသားသည့် “Burma’s 2008 Constitution and The Lady Prohibition Section” ဆောင်းပါးကို မြန်မာလို ဆီလျော်အောင် ပြန်ဆိုထားခြင်း ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဥပဒေ၊ ရွေးကောက်ပွဲနှင့် နိုင်ငံရေးသမိုင်းတို့တွင် အထူး ကျွမ်းကျင်သူ ဖြစ်သည်။ သူမသည် သြစတြေးလျနိုင်ငံ ဖယ်ဒရယ်ပါလီမန်မှ အမတ်တစ်ဦးလည်း ဖြစ်ပြီး နယူးဆော့သ်ဝေးစ် ပြည်နယ် ပါလီမန်တွင် အမတ်တစ်ဦးလည်း ဖြစ်သည်။)

Copyright © 2013 The Voice
All rights reserved
Powered by The Voice