Perspective http://www.thevoicemyanmar.com Sun, 07 Feb 2016 00:56:55 +0000 Joomla! - Open Source Content Management en-gb သမ္မတအသစ် ဖြစ်သင့်သူ http://www.thevoicemyanmar.com/index.php/perspective/item/9768-tmd http://www.thevoicemyanmar.com/index.php/perspective/item/9768-tmd သမ္မတအသစ် ဖြစ်သင့်သူ

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းသူပြည်သား လူအများတို့ အလွန်အမင်း သိချင်နေကြသည့် ‘သမ္မတအသစ် ဘယ်သူဖြစ်မလဲ’ ဟူသည့် မေးခွန်း၏အဖြေကို ဖေဖော်ဝါရီလ ဒုတိယပတ်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အသိပေး ထုတ်ပြန်မည်ဟု အဆိုပါပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားကြောင်း (Reuters သတင်းဌာနကို ကိုးကား၍) ၁.၂.၂၀၁၆ ရက်နေ့ထုတ် The Voice Daily တွင် ဖော်ပြထားပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူတို့က ကြိုတင်သိရှိထားရသော အချက်မှာ သမ္မတဖြစ်မည့်သူသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ၏ မူဝါဒများကို တိကျစွာ လိုက်နာ အကောင်အထည်ဖော်၍ ပါတီအပေါ် သစ္စာစောင့်သိ ရိုသေသူဖြစ်ရမည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ‘သူမသည် သမ္မတ၏အထက်တွင် ရှိနေမည်’ ဟူ၍ ဆိုထားခြင်းပင် ဖြစ်သည်။ ထိုမျှလောက် သိထားသည်မှလွဲ၍ ပြင်ပ ပုဂ္ဂိုလ် မည်သူတစ်ဦးတစ်ယောက် ကမျှ ထို့ထက်ပို၍ မသိကြပါချေ။

ပြည်သူတို့က သိချင်နေကြသည်မှာ အနာဂတ်မြန်မာနိုင်ငံကို အုပ်ချုပ်မည့်သူသည် ကျားလား၊ မလား၊ သူ၏ မျိုးရိုးနှင့် ဇာတိအစဉ်အလာ၊ နိုင်ငံရေးအတွေ့အကြုံနှင့် ပညာအရည်အချင်း စသည်တို့အပြင် မိမိတို့ သန်ရာသန်ရာ နယ်ပယ်အလိုက် ပြည့်စုံစေချင်သော အရည်အချင်းများ ရှိမရှိကို သိလိုကြခြင်း ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးချယ်၍ NLD ပါတီက တာဝန်ပေးအပ်မည့် ပုဂ္ဂိုလ်သည် မည်သူမည်ဝါပင် ဖြစ်ပါစေ၊ တိုင်းပြည်တစ်ပြည်၏ အထွတ်အထိပ်ရာထူး တစ်ခုတွင် တာဝန်ယူရမည့် နိုင်ငံတော်သမ္မတ ဆိုသည့် ပုဂ္ဂိုလ်တစ်ဦးတွင် ရှိရမည့်၊ ရှိသင့်ရှိအပ်သည့် ကိုယ်ရည်ကိုယ်သွေးများကား မလွဲမသွေ ရှိကိုရှိရမည်သာ ဖြစ်ပါသည်။

ထိုကဲ့သို့ နိုင်ငံ့ဦးသျှောင် သမ္မတတစ်ဦးတွင် ရှိရမည့် အရည်အသွေး၊ သွင်ပြင်လက္ခဏာများနှင့် ပတ်သက်၍ ကျွန်တော် ဉာဏ်မီသရွေ့ တင်ပြလိုပါသည်။ ပြည်သူတို့သည်လည်း ကျွန်တော်နှင့် ထပ်တူညီမျှ မဟုတ်သော်မျှ ထပ်တူညီမျှလုနီးပါး ရှိကြလိမ့်မည်ဟု ယူဆပါသည်။

ကျွန်တော်၏အယူအဆမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၁၆) တွင်ဖော်ပြထားသည့် ‘နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်’ ဆိုသော အချက်နှင့် ပုဒ်မ (၅၈) တွင် ဖော်ပြထားသည့် ‘နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်’ ဆိုသည့်အချက်အပေါ်တွင် အခြေပြု စဉ်းစားထားခြင်း ဖြစ်ပါသည်။

ဤစဉ်းစားချက်သည် အခြေခံဥပဒေပုဒ်မ ၅၉ တွင် ပြဋ္ဌာန်းထားသည့် သမ္မတအရည်အချင်း သတ်မှတ်ချက်များထက် ပိုမို၍ လေးနက်သည်ဟု (ကျွန်တော့်အနေဖြင့်) ထင်မြင်ယူဆပါသည်။ ထို့ကြောင့် အနာဂတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ဆောင်ရွက်မည့်ပုဂ္ဂိုလ်သည် အောက်ဖော်ပြပါ အချက်များနှင့် ပြည့်စုံ ညီညွတ်သင့်ပါသည်...

ဥပဓိရုပ် ။ ။ ဥပဓိရုပ်ဟု ဆိုရာတွင် မျက်နှာသွင်ပြင်လက္ခဏာ တည်ကြည် ခံ့ညား တင့်တယ်ခြင်းတစ်ခုတည်းကို ဆိုလိုခြင်း မဟုတ်ပါ။ ပြည်တွင်းပြည်ပ လူအများ၏ ရှေ့တွင် သွားလာလှုပ်ရှားရမည့် ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်လုံးကိုယ်ထည် အရပ်အမောင်း၏ တင့်တယ်ထယ်ဝါမှုရှိရန် လိုအပ်ပါသည်။ မဝလွန်း၊ မပိန်လွန်း၊ မပုလွန်းသည့်အပြင် ကျန်းမာ တက်ကြွသည့် ရုပ်သွင်ပြင်လက္ခဏာနှင့် သွားလာလှုပ်ရှားရာတွင် မနှေးလွန်း မမြန်လွန်းဘဲ တည်ငြိမ်ရင့်ကျက်သော ရာဇဣနြေ္ဒရှိသူ ဖြစ်ရန် လိုအပ်ပါသည်။

စကားအပြောအဆို ။ ။ စကားပြောဆိုရာတွင် အများနားလည်အောင် ပီသစွာ ပြောဆိုနိုင်ရမည့်အပြင် အသံဩဇာဖြင့် ပြည့်စုံ၍ အထစ်အငေါ့မရှိ ပြောဆိုနိုင်ရပါမည်။ အထူးသဖြင့် မိန့်ခွန်းများ ပြောဆိုရာတွင် တည်ငြိမ် ပြတ်သားရမည့်အပြင် လိုအပ်သည့်နေရာများတွင် တက်ကြွစွာ ပြောဆိုနိုင်ရမည်ဖြစ်ပြီး အချိန်ပြည့် စာရွက်ဖတ်၍ ပြောဆိုခြင်းကို ရှောင်ရှား၍ အခါအားလျော်စွာ အလွတ် ပြောဆိုနိုင်သည့် အရည်အချင်း ရှိရပါမည်။

စကားအရာလိမ္မာခြင်း ။ ။ စကားအပြောအဆို လိမ္မာယဉ်ကျေးရ မည့်အပြင် ကျမ်းဂန်လာ စကားကြီးခြောက်ခွန်း၊ စကားကြီးဆယ်ခွန်း စသည်တို့ကို အချိန်အခါနှင့် နေရာဒေသအလိုက် ပြောဆိုနိုင်ရပါမည်။ ပြည်သူများ၊ မီဒီယာများ၊ သံတမန်များနှင့် ဆက်ဆံပြောဆိုခြင်း တို့ကို ပါးနပ်စွာ ပြုမူပြောဆို ဆက်ဆံနိုင်သူ ဖြစ်ရပါမည်။

အင်္ဂလိပ်စကား ပြောဆိုနိုင်ခြင်း ။ ။ တိုးတက်လာသော ယနေ့ခေတ် ကာလတွင် မည်သို့ပင် စကားပြန်ထားရှိသည် ဆိုစေကာမူ ပဋိသန္ဓာရ နှုတ်ဆက်စကား ပြောဆိုခြင်း၊ နှစ်ကိုယ်ကြား စကားပြောဆိုခြင်းများ ရှိလာနိုင်သည်ဖြစ်ရာ နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ် စကားကို ရေလည်စွာ ပြောကြားနိုင်ရန် လိုအပ်ပါသည်။ အကယ်၍သာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အခမ်းအနားများတွင် မိန့်ခွန်းပြောကြားရန် ရှိသည့်အခါများ၌ အင်္ဂလိပ်လို ပြောဆိုနိုင်မည်ဆိုပါက နိုင်ငံ၏ ဂုဏ်သိက္ခာ ပို၍မြင့်တက်နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ မှစ၍ ဒီမိုကရေစီ ဆိတ်သုဉ်းသွားသည့် ကာလအထိ နိုင်ငံခေါင်းဆောင်များမှာ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ကြပါသည်။

အတတ်ပညာနှင့် အသိပညာအရည်အချင်း ။ ။ ပြည်တွင်းပြည်ပတွင် လူရိုသေရှင်ရိုသေ ရှိစေရန်အတွက် အနိမ့်ဆုံးအဆင့် အခြေခံဘွဲ့ တစ်ခုတော့ ရှိသင့်ပါသည်။ အဓိကလိုရင်းမှာမူ အသိပညာ ဗဟုသုတနှင့် ပြည့်စုံကြွယ်ဝ၍ အခြားသူ၏ အကူအညီကို ချက်ချင်းရယူရန် မလွယ်ကူသည့် အခြေအနေမျိုးတွင် ဆွေးနွေးကြရာ၌ အပြန်အလှန် ပြောဆိုဆွေး နွေးနိုင်သည့် အသိဉာဏ်ပညာ အရည်အချင်း ရှိသင့်ပါသည်။ ဥပဒေရေးရာ ကိစ္စများကို ပြောဆိုဆွေးနွေးနိုင်ရန် ဥပဒေအခြေခံ ဗဟုသုတရှိရန် လိုအပ်သလို စီးပွားရေးပညာရှင်များက တင်ပြသည့် စီးပွားရေးဆိုင်ရာ အကြံပြုချက်များကို ဖတ်ရှုနားလည်နိုင်စွမ်း ရှိရပါမည်။ စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံနှင့် ဗဟုသုတရှိသူ ဖြစ်ပါက ပိုမိုသင့်လျော် ကောင်းမွန်မည်ဖြစ်ပါသည်။

သည်းခံနိုင်စွမ်းရှိသူ ဖြစ်ရမည် ။ ။ နိုင်ငံတော်၏ အမြင့်ဆုံးရာထူးကို ရယူထားသူ ဖြစ်သည့်အားလျော်စွာ အပြုသဘောသာမက အဖျက်သဘော ဆောင်သော ပြစ်တင်ဝေဖန် ပြောဆို ရေးသားမှုများ ရှိလာနိုင်သည်ဖြစ်ရာ ထိုသို့ကြုံတွေ့ရပါက ဒေါသတကြီး ချက်ချင်းတုံ့ပြန် ပြောဆိုခြင်းမပြုဘဲ သည်းခံစိတ်ရှည်စွာဖြင့် ပြုမူဆက်ဆံ တုံ့ပြန်နိုင်ရန် လိုအပ်ပါသည်။ မိမိနှင့် နိုင်ငံတော်အပေါ် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေရန် တမင်သက်သက် ရည်ရွယ်ချက်ဖြင့် ရေးသားပြောဆိုခြင်း ဖြစ်ပါက ဥပဒေအရသာ တုံ့ပြန်နိုင်ရပါမည်။ ထိုကဲ့သို့ တုံ့ပြန်ရာတွင် ရဟန်းရှင်လူ ကျောင်းသားပြည်သူ တို့အပေါ်တွင် ဥပဒေထက် ပိုမိုလွန်ကဲစွာ ရန်ငြိုးတကြီးဖြင့် မတုံ့ပြန်သည် အထိ သည်းခံနိုင်စွမ်း ပြည့်ဝရပါမည်။

လိမ်ညာရန် လွယ်ကူသူ မဖြစ်စေရ ။ ။ နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းမှသည် ဦးသိန်းစိန်အထိ ကြုံတွေ့ခဲ့ ကြရသော မင်းလိုလိုက် မင်းကြိုက်ဆောင်သူတို့၏ မြှောက်ပင့် ပြောကြားချက်များ၊ လိမ်ညာ ပြောဆိုတင်ပြချက်များ၊ စာရင်းဇယား လှည့်ဖြားတင်ပြချက်များသည် နိုင်ငံတော်ကို ဆင်းရဲတွင်းသို့ ပို့ဆောင်စေသည့်အတွက် အောက်ခြေ ပြည်သူတို့၏ အသံအမှန်များကို (ကိုယ့်နည်းကိုယ့်ဟန်ဖြင့်) ကြားသိအောင် နားထောင်နိုင်စွမ်းရှိသူ ဖြစ်ရပါမည်။

ဘဝရှင်မင်းတရားကြီး မဖြစ်စေရန် ။ ။ ပါလီမန် ဒီမိုကရေစီခေတ်က အရိုအသေခံချင်လွန်းသည့် ဝန်ကြီးချုပ်ဦးနုအား ဘဝရှင်မင်းတရားကြီးဟု ခေါ်ခဲ့သလို သည်ဘက်ခေတ်များ တွင်လည်း တိုင်းခန်းလှည့်လည်သည့် ပုံစံမျိုး ကျင့်သုံးခြင်းဖြင့် အောက်ခြေဝန်ထမ်းများနှင့် အများပြည်သူ ဝန်ထုပ်ဝန်ပိုးဖြစ်ရသည့် နောက်တော်ပါ အများကြီးဖြင့် ခရီးထွက်သည့် ပုံစံမျိုး မချိုးသူ ဖြစ်သင့်ပါသည်။ ခရီးထွက်ရာတွင် အမှန်တကယ် ပြည်သူ့အကျိုး ပြုခရီးမျိုးဖြစ်ရန် လိုအပ်သလို လုပ်ငန်းလိုအပ်ချက်အရ အနည်းဆုံး ငါးဦးမှ အများဆုံး ဆယ်ဦးအထိသာ ပါဝင်စေသင့်ပါသည်။ (ကျွန်တော်တို့ ဝန်ထမ်းဘဝက နိုင်ငံတော်အကြီးအကဲ လာလျှင် နောက်ပါဦးရေ လေးငါးဆယ်ခန့်၊ လုံခြုံရေးကလည်း အများအပြားပါဝင်သလို အတွင်းရေးမှူးများ၊ ဌာနပေါင်းစုံမှ ဝန်ကြီးများနှင့် တိုင်းမှူးများမှာလည်း မကြာခဏ လာရောက်ကြသဖြင့် ၎င်းတို့အား ကြိုဆို၊ ဧည့်ခံ၊ ကျွေးမွေးနေရသည် ဖြစ်ရာ ထိုအလုပ်များမှာ ပင်မလုပ်ငန်းသဖွယ် ဖြစ်နေ၍ မိမိဌာန လုပ်ငန်းများကို အလေးထား မဆောင်ရွက်နိုင်ပါ။ အချို့ဌာနများ ဆိုလျှင် ပြန်လျှင်လည်း လက်ဆောင်ပဏ္ဏာ ထည့်ပေးကြရသဖြင့် ဝန်ထမ်းများအတွက် လာဘ်ပေး လာဘ်ယူကိစ္စ ဖြစ်စေသလို ဝန်ပိခြင်းလည်း ဖြစ်စေပါသည်)။

အခြေခံဥပဒေကို လိုက်နာဖို့ လိုအပ်သည် ။ ။ နိုင်ငံတော်သမ္မတကို အနိုင်ရပါတီ (ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့်) အလုပ်အမှုဆောင်အဖွဲ့က အဆိုပြု လျာထားသည် မှန်သော်လည်း ပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်များက တရားဝင် ရွေးချယ်တင်မြှောက် ထားသည့်အတွက် ပါတီ (ဥက္ကဋ္ဌ) ၏လမ်းညွှန်မှုများ၊ ပါတီ၏မူဝါဒ သဘောထားနှင့် ရည်မှန်းချက်များ၊ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်များကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ၏ ဘောင်အတွင်းမှသာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ရာ ပါတီ၏ လမ်းညွှန်ချက်နှင့် အခြေခံဥပဒေ၊ ပါတီ၏ အကျိုးစီးပွားနှင့် ပြည်သူ၏ အကျိုးစီးပွားတို့ ထိပ်တိုက်ရင်ဆိုင် ဆုံတွေ့လာသည်ရှိသော် နိုင်ငံတော် သမ္မတသည် ပြည်သူကို မျက်နှာမူမည်လော၊ မည်သူကို မျက်နှာမူမည်နည်း။ ထိုအချက်ကိုလည်း အနိုင်ရ နိုင်ငံရေးပါတီ(ဥက္ကဋ္ဌ) အနေဖြင့် ကြိုတင် မျှော်တွေးမှန်းဆပြီး ဖြစ်မည်ဟု ယုံကြည်ယူဆပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၄ တွင် ‘နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ’ ဟူ၍ ပြဋ္ဌာန်းထားသည့်အတွက် သမ္မတသည် ပါတီနှင့် အတိုင်းအတာတစ်ခုအထိ ကင်းကွာနေမည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် ပြောထားသည့် ‘သမ္မတအထက်မှာ သူမ ရှိနေမည်’ ဆိုသည့်စကားမှာ လက်တွေ့ အကောင်အထည်ဖော်ရာတွင် အထိုက်အလျောက် အခက်အခဲများနှင့် ကြုံတွေ့နိုင်စရာ ရှိပါသည်။

မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတအထက်မှာ သူမ ရှိနေမည်ဟု ဆိုခြင်းမှာ နိုင်ငံနှင့် လူမျိုး၏ အကျိုးစီပွား အတွက်သာ ရည်ရွယ်၍ ဆိုခြင်းဖြစ်ရာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူသည် အထက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံနေမည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အခြားသူ တစ်ဦးတစ်ယောက်၏ အနီးကပ်ကြီးကြပ်မှုကို အချိန်ပြည့် ခံယူနေစရာမလိုဘဲ ပါတီ၏မူဝါဒများ၊ လမ်းညွှန်မှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေဘောင်များ အတွင်းမှ (ပြည်သူနှင့်နိုင်ငံ၏ အကျိုးစီးပွားကို) သင့်တင့်မျှတစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို ဒီမိုကရေစီ နည်းလမ်းတကျ တည်ဆောက်နိုင်မည်ဟု မြေကြီးလက်ခတ်မလွဲ ဆိုလိုက်ချင်ပါသည်...။

သိန်းထက်အောင်

]]>
chili2028@gmail.com (The Voice) PERSPECTIVE Thu, 04 Feb 2016 09:19:29 +0000
လွှတ်တော် လူစုံမည့်နေ့ http://www.thevoicemyanmar.com/index.php/perspective/item/9755-lst http://www.thevoicemyanmar.com/index.php/perspective/item/9755-lst လွှတ်တော် လူစုံမည့်နေ့

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ်များ ဖြစ်သည့် ဒုသမ္မတ(၁) ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဒုသမ္မတ (၂) ဦးဉာဏ်ထွန်း တို့နှစ်ဦး လွှတ်တော်မှ ပျောက်နေသည့်ကိစ္စ မေးခွန်း ထုတ်နေကြသည်။ ကျွန်တော့်အနေဖြင့် မေးခွန်း ထပ်ထုတ်ချင်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ် နောက်တစ်ယောက် ထပ်ပျောက်ဦးမည်ဟု ဟောကိန်း ထုတ်ချင်သည်။ ယခု တစ်ကြိမ်ပျောက်မည့် ကိုယ်စားလှယ်မှာ ယခုဆောင်းပါးရေးချိန်တွင် မစတင်ရသေးသော အမျိုးသားလွှတ်တော်မှ ဖြစ်သည်။ အမျိုးသားလွှတ်တော် ရွေးကောက်ခံ၊ လက်ရှိသမ္မတရုံးဝန်ကြီး ဦးစိုးသိန်း။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် လက်ရှိ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ဒေါက်တာစိုင်းမောက်ခမ်း၊ စက်မှုဝန်ကြီး ဦးမောင်မြင့်နှင့် နောင်မွန်းမြို့နယ် ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ်တို့က ခွင့်ပန်ကြားသည်ကို ခွင့်ပြုကြောင်း ပြည်သူ့လွှတ်တော် သဘာပတိ ဒေါ်ခင်ဌေးကြွယ်က ကြေညာခဲ့သည်။

အခြေခံဥပဒေ


‘ပုဒ်မ ၆၂။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် မည်သည့် လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရ။’
‘The President of the Vice-Presidents shall not be representative of any Hluttaw.’

အင်္ဂလိပ်လို စာကြောင်းကိုပါ ထည့်ဖော်ပြရခြင်းမှာ ‘Any Hluttaw’ ‘မည်သည့်လွှတ်တော်မဆို’ ဟူသော စာသားကြောင့်ဖြစ်သည်။ မိမိအစိုးရကို တင်မြှောက်သည့် လွှတ်တော် (ဖျက်သိမ်းပြီး လွှတ်တော်ဟောင်း) သာမက နောက်တက်မည့် အစိုးရကို တင်မြှောက်မည့် လွှတ်တော်သစ်တို့ပါ အကျုံးဝင်နေသည်။ အခြေခံဥပဒေအရ သူတို့အနေဖြင့် နောက်အစိုးရ တာဝန်ယူသည့် ဧပြီလ ၁ ရက်နေ့အထိ လွှတ်တော်မတက်သင့်ပါ။

ဘာကြောင့်လဲ


အခြေခံဥပဒေသည် အမေရိကန် အခြေခံဥပဒေဘက်သို့ ယိမ်းသည့်အတွက် ဥပဒေပြုမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင် တို့အကြား ‘အကျိုးစီးပွား ပဋိပက္ခမဖြစ်စေရန်’ ပိုင်းခြားထားသည်။ Check and Balance ထားထားသည်။ လွှတ်တော်ကိုယ်စားလှယ်နှင့် ဝန်ကြီး တစ်ပြိုင်တည်း လုပ်ရသည့် ပါလီမန်စနစ်တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ဝန်ကြီးသည် တစ်သားတည်း ဖြစ်နေသဖြင့် ဝန်ကြီးလုပ်သမျှ လွှတ်တော်ကိုယ်စားလှယ်က သဘောတူ၊ လွှတ်တော်ကိုယ်စားလှယ် လုပ်သမျှ ဝန်ကြီးက သဘောတူလျှင် Check and Balance ပျောက်မည်ဟု စိုးရိမ်သည့်အတွက် သမ္မတ စနစ်ဘက် ယိမ်းသောစနစ်ကို ဖော်ဆောင်ခဲ့ပုံရသည်။

သေသေချာချာ ကြည့်လျှင် လက်ရှိအခြေခံဥပဒေတွင် အာဏာရထားသူများ အချင်းချင်း ထိန်းမရမည် စိုးသောကြောင့် ပြည်နယ်/ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအကြား၊ လွှတ်တော်နှင့် အစိုးရအကြား၊ တပ်မတော်နှင့် အစိုးရအကြား စသည်ဖြင့် နေရာများစွာတွင် Check and Balance များစွာ ထည့်သွင်းထားသည်ကို တွေ့ရလိမ့်မည်။

ဝန်ကြီးများ


ဒုသမ္မတ နှစ်ဦးလုံးကို ထားလိုက်ပါ။ ဝန်ကြီးဖြစ်သည့် ဦးစိုးသိန်း ကရော လွှတ်တော် မတက်သင့်ဘူးလား။ အခြေခံဥပဒေသည် လွှတ်တော်နှင့် အစိုးရကြား ပိုင်းခြားထားသည်ဖြစ်ရာ လွှတ်တော်မတက်သင့်ဟု လွယ်လွယ်ဖြေရပါမည်။ သို့သော် ဝန်ကြီးများ အတွက်မူ ဒုသမ္မတများ ကဲ့သို့ အခြေခံဥပဒေတွင် တိတိကျကျ ရေးမထားပါ။ သို့ဆိုလျှင် အမျိုးသား လွှတ်တော်သို့ ရွေးချယ်ခံ ဦးစိုးသိန်း သွားမတက်သင့်သလော။

ဘယ်နေရာ


အခြေခံဥပဒေကို အသာထားလိုက်ပါ။ ဒုသမ္မတနှစ်ဦးနှင့် ဦးစိုးသိန်း၊ ဦးမောင်မြင့်တို့ မည်သည့်နေရာတွင် နေသင့်သလဲ။ လွှတ်တော်လား၊ အစိုးရလား။

သူတို့ လောလောဆယ် အသုံးဝင်ဆုံးနေရာမှာ အစိုးရအဖွဲ့တွင်းတွင်သာ ဖြစ်သည်။ အစိုးရသက်တမ်းသည် နှစ်လသာ ကျန်တော့မည့် အချိန်တွင် လုပ်ဆောင်ရန် များစွာ ကျန်နိုင်သည်။ သူတို့ ယခုလုပ်ဆောင်စရာများကို မလုပ်ဆောင်နိုင်လျှင် ပြည်သူလည်း နာပြီး နောင်တက်မည့်အစိုးရ ဗျာများရမည် ဖြစ်သည်။ နောင်တက်မည့်အစိုးရတွင် ရင်ဆိုင်ရမည့် ပြဿနာကြီးများ များစွာ ရှိနေပြီးဖြစ်ရာ နှစ်လလောက် အလုပ်ကောင်းကောင်း မလုပ်သော လက်ရှိအစိုးရသည် သူတို့ မလိုချင်ဆုံးအရာ ဖြစ်သည်။

အစိုးရ အကူးအပြောင်း


လွှတ်တော်သစ်နှင့် အစိုးရအဖွဲ့ဟောင်းကြား နှစ်လထပ်ပြီး ရွေးကောက်ပွဲနှင့် အစိုးရသစ် တက်ချိန်အထိ ငါးလနီးနီးကြာရာ အစိုးရ အကူးအပြောင်းသည် အတော်လေးကြာသည်ဟု ပြောရမည်။ သို့သော် ထိုသို့ အကူးအပြောင်း ကြာရှည်သဖြင့် နောက်တက်မည့် အစိုးရအတွက် ပြင်ဆင်ချိန်ရသည်။ အစိုးရ အလွှဲအပြောင်းလည်း ပိုတည်ငြိမ်သည်ဟု ပြောနိုင်သည်။ အထူးသဖြင့် ယခုမှ စနစ်သစ်ဆောက်နေဆဲ မြန်မာနိုင်ငံတွင် အစိုးရဟောင်းက ဖုတ်ဖက်ခါ ထသွားပြီး အစိုးရသစ်က ချက်ချင်း ခုန်ဝင်၍မရပါ။ စနစ်တကျ အာဏာလွှဲပြောင်းရမည်သာ။

အခွင့်အလမ်းလော


လက်ရှိ အစိုးရအဖွဲ့ဝင်များသည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံရသည့် အတွက်သာ ယခုကဲ့သို့ လွှတ်တော် မတက်နိုင်သည့် ကိစ္စ ပေါ်ခြင်းဖြစ်ရာ လက်ရှိအစိုးရအဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ် မဖြစ်လျှင် ပြဿနာရှင်းမည်ဟု စဉ်းစားစရာရှိသည်။ သို့သော် ယင်းသည် အခွင့်အလမ်းလည်း ဖြစ်နိုင်သည်။

လွှတ်တော်သစ် ကိုယ်စားလှယ်များထဲတွင် ယခင်အစိုးရအဖွဲ့တွင်း Executive Branch တွင်းတွင် အမြင့်ဆုံးနေရာများ ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိနေသည်မှာ လွှတ်တော် အားကောင်းရန် အတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်သည်။

ဦးစိုးသိန်းသည် သမ္မတရုံးဝန်ကြီး ဖြစ်သော်လည်း ဒုသမ္မတ နောက်တစ်ဦးအဖြစ် တင်စားခံရသူ ဖြစ်သည်။ ထို့ကြောင့် ဒုသမ္မတသုံးဦးဟု တင်စားပြောနိုင်သည်။

ထိုသူတို့သည် အစိုးရယန္တရား အကြောင်း၊ လက်ရှိယန္တရားအတွင်း ရှိနေသည့် ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်တို့ အပါအဝင် ထိပ်တန်း ဝန်ထမ်းများအကြောင်း ကောင်းစွာ သိရှိနေရာ သူတို့ပါဝင်နေသည့် လွှတ်တော်သည် အစိုးရသစ်ကို Check and Balance လုပ်ရန် အခွင့်အလမ်းကောင်း ဖြစ်သည်။ ယခင်လွှတ်တော်သည် အစိုးရကို Check and Balance လုပ်နိုင်ခဲ့ခြင်း အကြောင်းတစ်ရပ်မှာ လွှတ်တော် ကိုယ်စားလှယ်များထဲတွင် ဝန်ကြီးဟောင်းများ ပါဝင်သည့်အတွက် အတွင်းသိ အစင်းသိ ဖြစ်ခြင်းကြောင့်။

ဒုသမ္မတနှစ်ဦးနှင့် ဦးစိုးသိန်းတို့ ကိစ္စသည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေခံဥပဒေ၏ သဘောတရားနှင့် လက်ရှိ အနေအထားတို့ကို ပြသနေသည်။ တစ်ချိန်တည်းတွင် လွှတ်တော်သစ်အတွက် အခွင့်အလမ်းလည်း ဖြစ်နိုင်သည်။ နောင်လာမည့် အစိုးရများအတွက်လည်း ကြိုစဉ်းစား ထားနိုင်သည်။

ဇေယျသူ

]]>
chili2028@gmail.com (The Voice) PERSPECTIVE Wed, 03 Feb 2016 13:21:37 +0000
အသံသာ Radical http://www.thevoicemyanmar.com/index.php/perspective/item/9724-rad http://www.thevoicemyanmar.com/index.php/perspective/item/9724-rad အသံသာ Radical

Radical ခေါ်ခေါ် Extremist ခေါ်ခေါ် အစွန်းရောက် အလွန်အကျွံသမားများသည် နေရာတိုင်း၊ အဖွဲ့အစည်းတိုင်း၊ ခေတ်တိုင်းတွင် ရှိသည့်အတွက် သိပ်မဆန်းလှ။ သို့သော် ထိုအစွန်းရောက်အမြင် များသည် Mainstream ဟုခေါ်သော လူအများလက်ခံသည့် အမြင်များ ဖြစ်မသွားရန် လိုသည်။

ဒီမိုကရေစီနှင့် အစွန်းရောက်


ဒီမိုကရေစီ ပူပူနွေးနွေးရလာသည့် နိုင်ငံများတွင် အိုင်ဒီယာများ အစွန်းရောက်တတ်ကြသည့် သာဓကများကို သမိုင်းတွင် တွေ့ကြရသည်။ ‘ဒီမိုကရေစီဆိုသည့် အင်မတန်ကောင်းသော အရာက အစွန်းရောက်စေ တတ်သလား’ စောဒက တက်လိုသူများ ရှိမည်။ ဒီမိုကရေစီသည်လည်း မီးတို့ ရေတို့ကဲ့သို့ပင် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး၊ ကောင်းကျိုး ဆိုးပြစ်များ ရှိသည်။ ဒီမိုကရေစီသည် လူအများကို လွတ်လပ်စေသည်။ လွတ်လပ်စွာပြောဆို Freedom of Expression ကြသည့်အတွက် အိုင်ဒီယာများ လွတ်လပ်စွာ ပျံ့နှံ့ကြသည်။ အိုင်ဒီယာဆိုသည်မှာ အဆိုး အကောင်းရှိသည်။ လက်ခံသူ အပေါ်တွင်လည်း မူတည်သည်။ ထို့ကြောင့် ဒီမိုကရေစီထွန်းသစ်စ နိုင်ငံများတွင် အိုင်ဒီယာများသည် အလွန်အကျွံ ဖြစ်တတ်ကြသည်။ ဒီမိုကရေစီ မဟုတ်သည့် ကွန်မြူနစ်နိုင်ငံများ၊ ဖက်ဆစ် နိုင်ငံများတွင် အိုင်ဒီယာများ အလွန်အကျွံဖြစ်ခြင်းကိုမူ သိသာထင်ရှားပြီး ဖြစ်သောကြောင့် ယခုနေရာတွင် အထူးမဆိုချင်တော့။

အလွန်အကျွံဖြစ်လျှင် မည်သည့်အရာမျှမကောင်း။ ဘာသာရေး အစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်၊ ဈေးကွက်စီးပွားရေး အစွန်းရောက်၊ ဒီမိုကရေစီ အစွန်းရောက်၊ လူ့အခွင့်အရေး အစွန်းရောက်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအစွန်းရောက်၊ Gender အစွန်းရောက်၊ အစွန်းရောက်မျိုးစုံ ရှိသည့်အနက် မည်သည့်အစွန်းရောက်ရောက် မကောင်း။ ရေပင် အလွန်အကျွံသောက်က ဆေးရုံရောက်နိုင်သည်။ အစားကောင်းပင် အလွန်အကျွံ စားက စားပိုးနင့်ကာ အသက်အန္တရာယ် ထိခိုက်နိုင်သည်။ ထို့ကြောင့် မည်သည့်အရာမဆို အတော်အတန် အသင့်အတင့် အလယ်အလတ်သာ ကောင်းသည်။

တစ်ဖန် နဂိုကတည်းက ရုန့်ရင်းကြမ်းတမ်းပြီးသား အိုင်ဒီယာများကို လူအများ ရွံ့ပြီးသားဖြစ်သည့်အတွက် တစ်မျိုး အန္တရာယ်နည်းသည်။ အသံသာသော နားဝင်ချိုသော အမြင်တင့်တယ်သော အိုင်ဒီယာများမှာမူ နဂိုမူလက ကောင်းသည့်အတွက် ယင်းအိုင်ဒီယာတို့ အစွန်းရောက်လျှင် အန္တရာယ်ကြီးသည်။ ခေါင်းဆောင်ပိုင်းများ အနေနှင့် ထိုအိုင်ဒီယာများ အလွန်အကျွံ ဖြစ်မသွားအောင် ထိန်းနိုင်ရန်လိုသည်။ သို့မဟုတ်လျှင် ဖူးပွင့်ခါစ မြန်မာနိုင်ငံသည် အိုင်ဒီယာမုန်တိုင်း များကြောင့် နိုင်ငံဆောက်ရန် မပြောနှင့် အခြေတည်၍ပင် ရမည်မဟုတ်။

အလွယ်ခေတ်


မြန်မာပြည်သည် တံခါးပိတ်လိုက်၊ စေ့ထားလိုက်နှင့် အချိန်ကာလ ကြာရှည်စွာ ဖြတ်သန်းခဲ့ရသည့်အတွက် အိုင်ဒီယာသစ်များ ခန်းနေကြသည်။ ထို့ကြောင့် လာလာသမျှ အိုင်ဒီယာကို ‘မမြင်ဖူး မူးမြစ်ထင်’ ကာ အလွယ်တကူ လက်ခံတတ်ကြသည်။ အရိုးခံ မြန်မာပြည်သည် ဘတ်ဂျက်နည်းနည်းနှင့် အိုင်ဒီယာဖောက်ရ လွယ်သောကြောင့် အိုင်ဒီယာပြန့်ပွားရေး အဖွဲ့များသည် အုံနှင့်ကျင်းနှင့် ဝင်လာကြသည်။ ‘မြန်မာလူ့အဖွဲ့အစည်းကို ငါတို့သာ မကယ်လျှင် မရတော့’ ဟု လက်ခမောင်းခတ်သူက ခတ်ကြသည်။ Feel Good ကြသည်။ မှန်ပါသည်၊ ကယ်တင်လိုက်သောနေရာများ ရှိသည်။ သို့သော် ရေနစ်သူ ဝါးကူထိုးမိလိုက်ခြင်း မျိုးလည်း အများအပြား တွေ့နေရသည်။ သတိထားစရာမှာ သိသိကြီးဖြစ်စေ၊ မသိ၍ဖြစ်စေ ကိုယ့်အထဲမှ ဝါးကူခုတ်ပေးနေသောသူများ တွေ့နေရခြင်းပင်။ ကိုယ်က သဘောရိုးဖြင့် သို့မဟုတ် မျက်နှာလွှဲ ခဲပစ်ခုတ်ပေးသော ဝါးသည် ကိုယ့်နိုင်ငံကို ထိုးချသော ဝါးမဖြစ်အောင် သတိထားစေလိုသည်။

ယနေ့ခေတ်သည် သွားရလာရလွယ်သော၊ ပြောရဆိုရ ဆက်ရသွယ်ရ လွယ်သောခေတ်ကြီး ဖြစ်သည်။ ထိုသို့ အိုင်ဒီယာများ ပျံ့နှံ့လွယ်သော ခေတ်ကြီးထဲတွင် အိုင်ဒီယာများသည် တစ်နေရာတည်းသို့ စုပြုံစွဲကပ်သွားရန် လွယ်ကူလွန်းသည်။ Facebook လူမှုမီဒီယာပေါ်တွင် ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် လူအများစုပြုံနေထိုင်သော မြန်မာပြည်တွင် အိုင်ဒီယာများသည် ရောဂါသဖွယ် စွဲကပ်ကြသည်။ ယခင်က အိုင်ဒီယာဖြန့်ရန် ဈေးကြီး (အချိန်ကုန်၊ လက်ဝင်၊ ငွေကုန်) သလောက် ယခုအခါ အိုင်ဒီယာစတင်ဖြန့်ရန် လက်ချောင်းလေးများ လှုပ်ရုံဖြင့် ကိစ္စပြီးသည်။ ပျံ့သွားသော အိုင်ဒီယာသည် အဆင့်ဆင့် လက်ဆင့်ကမ်း Share သွားရုံဖြင့် မိနစ်ပိုင်းနာရီပိုင်းအတွင်း လူသောင်းသိန်းထံသို့ ရောက်ရှိ ကူးစက်သွားသည်။ အိုင်ဒီယာများ ထိုသို့ စုပြုံသွားနိုင်သည့် အတွက် အလွန်အကျွံအိုင်ဒီယာများ အမြစ်တွယ်ရန် လွယ်သလို သာမန်အိုင်ဒီယာ အချို့ပင် အလွန်အကျွံဖြစ်ရန် လွယ်သည်။

အခံ


အိုင်ဒီယာများ အစွန်းရောက်ခြင်းသည် လူ့အဖွဲ့အစည်း၏ အခံနှင့်လည်း ဆိုင်သည်။ ပညာအခံနည်းလျှင် ယုံလွယ်သည်။ မြန်မာနိုင်ငံသည် တံခါးပိတ်ခဲ့ရခြင်း၊ စဉ်းစားသုံးသပ်ခွင့် မပေးခဲ့သော ပညာရေးတို့ကြောင့် ယုံလွယ်သည်။ ယုံလွယ်လျှင် အိုင်ဒီယာများ တစ်ဖက်ကမ်းခတ်ရန် လွယ်သည်။ ကာလာမသုတ်ကို မြန်မာတို့ နှုတ်ဝယ်ရွရွ ပြောတတ်ကြသော်လည်း တကယ်ကျင့်သုံးခြင်း နည်းသည်။

ခံစားချက်ပြင်းပြင်းတို့ တအုံနွေးနွေး ကိန်းအောင်းနေသော လူ့အဖွဲ့အစည်းတွင်လည်း အိုင်ဒီယာများ အစွန်းရောက်တတ်သည်။ အစွန်းရောက်စေလိုသူ ပြည်ပပြည်တွင်း အိုင်ဒီယာပြန့်ပွားရေး အဖွဲ့များက လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတို့ကို ဆွပေးလိုက်ရုံဖြင့် လေအဟုန်ဖြင့် အစွန်း ရောက်သွားနိုင်သည်။

ယခုသက်တမ်း ကုန်လုနီးသူများရော နောက်တက်မည့်သူများရော ထိုအလွန်အကျွံသမားများ ရန်ကို ရင်ဆိုင်ရ၊ ရင်ဆိုင်ရမည့်အတွက် ကိုယ်ချင်းစာသည်။ သို့သော် ကိုယ်ချင်းစာသည် ဆိုသောကြောင့် သူတို့အထဲတွင် အလွန်အကျွံသမားများ မရှိဘူးဟု ပြောခြင်းမဟုတ်။ နေရာတိုင်း ဌာနတိုင်း ခေတ်တိုင်းတွင် အိုင်ဒီယာများ အလွန်အကျွံ စွဲကပ်ခံနေရသူများ ရှိမြဲမဟုတ်လား။

အိုင်ဒီယာများ အလွန်အကျွံဖြစ်ခြင်းသည် လူ့အဖွဲ့အစည်းတွင်းရှိ သေးငယ်သော အစိတ်အပိုင်းများတွင် ရှိနေမည်မှာ ဓမ္မတာသာ။ ထို့ထက် အရွယ်အစားကြီးမားသော အပိုင်းတို့သို့ ပျံ့နှံ့မလာရန်မူ ခေါင်းဆောင်များ၊ ပြည်သူများ၏ တာဝန်သာဖြစ်သည်။

ဇေယျသူ

]]>
chili2028@gmail.com (The Voice) PERSPECTIVE Sat, 30 Jan 2016 12:31:36 +0000
ရင်ဆိုင်ရဦးမည့် ကွမ်း၊ ဆေး၊ အရက်နှင့် မူးယစ်ဆေး ပြဿနာများ http://www.thevoicemyanmar.com/index.php/perspective/item/9720-dru http://www.thevoicemyanmar.com/index.php/perspective/item/9720-dru ရင်ဆိုင်ရဦးမည့် ကွမ်း၊ ဆေး၊ အရက်နှင့် မူးယစ်ဆေး ပြဿနာများ

ကွမ်း၊ ဆေး၊ အရက် ဤသုံးချက် မရှောင်နိုင်သည်မှ အစပြုကာ လမ်းမှား ရောက်သွားသူများကြောင့် ကျွန်တော်တို့ လူမှုဝန်းကျင်သည် တစ်နေ့ထက်တစ်နေ့ အကျည်းတန်လာပေပြီ။ ကျွန်တော်တို့ ငယ်တုန်းက မိဘ၊ ဆရာများက သေရည်အရက်နှင့် မူးယစ်ဆေး မကောင်းကြောင်း ပြောဆို ဆုံးမခဲ့ဖူးသည်။ ၎င်းနှင့်ပတ်သက်သည့် စာစီစာကုံးများလည်း အကြိမ်ကြိမ် ရေးခဲ့ဖူးပါပြီ။ ‘ရှောင်လေဝေးဝေး မူးယစ်ဆေး’ ခေါင်းစဉ်ဖြင့် စာစီစာကုံး ပထမဆုရခဲ့ဖူးသည့် ငယ်သူငယ်ချင်း တစ်ဦးမှာလည်း ယခုအခါ မူးယစ်ဆေး၏ သားကောင်ဘဝသို့ ရောက်မှန်းမသိ ရောက်ခဲ့ပြီ။ သိကျွမ်းသူအချို့လည်း မူးယစ်ဆေးကြောင့် ငယ်ရွယ်ချိန်တွင် လူ့လောကကို ကျောခိုင်းခဲ့လေပြီ။ မူးယစ်ဆေးဝါး ပြဿနာက မြန်မာနိုင်ငံ၏ နာတာရှည်ပြဿနာလို ဖြစ်နေသည်။

မူးယစ်ဆေးဝါး၊ ဆေးလိပ်နှင့် အရက်သေစာတို့ မကောင်းကြောင်း ကျွန်တော့်သူငယ်ချင်းများ မသိမဟုတ်။ သူတို့ သိကြသည်။ သို့သော် သူတို့ စွဲလမ်းခဲ့ကြသည်။ ရောင်းသူများကလည်း ဆက်လက် ရောင်းချနေကြသည်။ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တားဆီး အရေးယူနေသည် ဆိုသော်လည်း ထိရောက်မှုက ထင်သာမြင်သာ မရှိသေးချေ။ နိုင်ငံရေးပြဿနာများ၊ လက်နက်ကိုင် ပဋိပက္ခများ ရှိနေခြင်းနှင့် အကျင့်ပျက်ခြစားမှု တို့ကလည်း အဟန့်အတားတစ်ခုသဖွယ် ဖြစ်နေသည်။ တရားဥပဒေ ပြဋ္ဌာန်းရေးနှင့် ပြဋ္ဌာန်းသည့် ဥပဒေများ ထိရောက်စွာ ကျင့်သုံးရေးတွင်လည်း အားပျော့ဆဲ။

မူးယစ်ဆေးဝါးနှင့် အရက်သေစာများကြောင့် သုံးစွဲသူသည်သာ ဘဝပျက်ရသည် မဟုတ်။ ၎င်းတို့ကြောင့် လူ့အဖွဲ့အစည်းအတွက်ပါ ထိခိုက်မှုများ ကြုံတွေ့နေရသည်။ မူးယစ်ဆေးစွဲသူများက ၎င်းတို့ ပုံမှန်သုံးစွဲနိုင်ဖို့ ငွေလိုသည်။ သည့်အတွက် မိသားစုက လိုသလောက် ငွေမပေးနိုင်သည့်အခါ မိသားစုပိုင်ငွေကြေးများ ခိုးယူမည်။ ပစ္စည်းများ ခိုးယူကာ သူခိုးဈေးဖြင့် ရောင်းချကြသည်။ ရံဖန်ရံခါ မိသားစုအပေါ် ရန်ရှာမည်။ မိသားစုဝင် အချင်းချင်း သတ်ဖြတ်သည်အထိ အကြမ်းဖက်ကြမည်။ အသွေးအသားက အချိန်မှန် တောင်းဆိုချိန် မသုံးစွဲရသည့်အခါ သူတို့သည် ဘာကိုမှ မသိတော့ချေ။ တွေ့ရာမြင်ရာ ရန်ရှာတော့သည်။

ထိုသူတို့ကြောင့် ကာယကံရှင် မိသားစုများမှာ မလုံခြုံမှုကို အချိန်ပြည့် ခံစားနေရတော့သည်။ မူးယစ်ဆေးစွဲသူများသည် ဘာကိုမှ စိတ်မဝင်စားကြပါ။ သူတို့စိတ်ကူးထဲတွင် အနာဂတ် ဆိုသည်လည်း မရှိတော့ပါ။ သူတို့ကို မိသားစုအပေါ် ငဲ့ညှာဖို့၊ မိဘနောင်ရေး၊ သားသမီးနောင်ရေး လှည့်ကြည့်ဖို့ ပြောဆို နားချသည်ဆိုသည်မှာ ကျွဲပါးစောင်းတီးနှင့် မခြားလှ။ မူးယစ်ဆေးစွဲနေသည့် အိမ်ထောင်ဦးစီးကြောင့် သားငယ်၊ သမီးငယ်များက အကြောက်တရားများ၊ မလုံခြုံသည့် စိတ်ခံစားချက်များဖြင့် ရှင်သန်နေရသည်။ မူးယစ်ဆေးစွဲနေသည့် သားသမီးများကြောင့် မိဘဖြစ်သူများ စိတ်ဒုက္ခရောက်ကြရသည်။

မူးယစ်ဆေးဝါး စွဲလမ်းပြီးပါက ဖြတ်ရ အလွန်ခက်သည်ဟု ဆိုပါသည်။ ပြတ်ပြီးလျှင်လည်း သုံးစွဲသည့် ပတ်ဝန်းကျင်နှင့် ကြုံတွေ့ရပါက ပြန်လည် သုံးစွဲတတ်ကြသည်။ အချို့သူများက မူးယစ်ဆေးဝါးကို ကြိုးစားဖြတ်ပြီး နောက် အရက်နှင့် အစားထိုးကြသည်လည်း ရှိသည်။ သို့သော် မူးယစ်ဆေးဝါး စွဲဖူးသူများ အရက်သောက်လျှင် အလွန် သွေးဆိုးတတ်ကြသည်။ ပတ်ဝန်းကျင်တွင် ရမ်းကားတတ်ကြသည်။ ဤနည်းဖြင့် မူးယစ်ဆေးဝါးများက ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း အကြမ်းဖက်မှုပြဿနာများ ဖန်တီးပေးလျက် ရှိသည်။

သို့ဆိုလျှင် ဤမျှဆိုးကျိုးပေးသည့် မူးယစ်ဆေးဝါးများကို မိမိတို့ နိုင်ငံတွင် သုံးစွဲသူ များပြားနေရပါသနည်း။ ပထမအဆင့် အနေဖြင့် အသက် ၁၈ နှစ်မတိုင်မီကပင် ဆေးလိပ် စသောက်တတ်သည်။ ထို့နောက် ဘီယာ၊ အရက်သို့ တစ်ဆင့်တက်သည်။ ထို့နောက်တွင်ကား အပေါင်းအသင်းအချို့၏ အတတ်ဆန်းမှုကြောင့် ဆေးခြောက် စမ်းသုံးကြည့်ရာမှ စွဲလမ်းသွားကာ ဆေးခြောက်မှ ဘိန်းမည်းမျိုမည်၊ ဘိန်းဖြူ ရှူမည်။ ငွေကြေးအရ ဘိန်းဖြူ၊ ဘိန်းမည်းများ မတတ်နိုင်သည့်အခါ တွက်ခြေကိုက်သည့် နံပါတ်ဖိုးအရည်များ အကြောတွင်းသို့ ထိုးသွင်းဖို့ စဉ်းစားလာကြခြင်း ဖြစ်သည်။

မိမိတို့နိုင်ငံတွင် လူငယ်လူရွယ်များ မူးယစ်ဆေးဝါး သုံးစွဲလာကြခြင်းမှာ လိုအပ်သည့်ဥပဒေများ မပြဋ္ဌာန်းနိုင်သေးခြင်း၊ ပြဋ္ဌာန်းပြီးဥပဒေများ ထိရောက်စွာ မကျင့်သုံးခြင်း တို့ကြောင့်လည်း ဖြစ်သည်။ ယခင် တပ်မတော် အစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က ဆေးလိပ်များ အလိပ်ပြေ မရောင်းချရန်နှင့် အသက် ၁၈ နှစ်အောက် လူငယ်များအား ဆေးလိပ်မရောင်းချရန် ဥပဒေပြဋ္ဌာန်း ခဲ့ဖူးသော်လည်း အရာမထင်ခဲ့ချေ။ ဥပဒေသည် ပြဋ္ဌာန်းရုံနှင့် အလုပ်မဖြစ်ကြောင်း၊ အသိ ပညာပေးလုပ်ငန်းများလည်း လိုအပ်ကြောင်း ထိုစဉ်က သက်ဆိုင်ရာပုဂ္ဂိုလ်များ လျစ်လျူရှုခဲ့ကြသည်။ ဥပဒေချိုးဖောက်သူများအား အရေးယူရန်လည်း ပျက်ကွက်ခဲ့ကြသည်။

ထို့ပြင် ဆေးလိပ်၊ အရက်၊ ဘီယာကဲ့သို့ ကုန်စည်များအား အခွန် တိုးမြှင့်စည်းကြပ်နိုင်ခြင်း မရှိသေးချေ။ နယ်စပ်ဒေသများမှ တရားမဝင် အရက်၊ ဘီယာနှင့် ဆေးလိပ်များ ဝင်ရောက်လာခြင်းကိုလည်း မတားမြစ်နိုင်သေးချေ။ ‘မူးယစ်ဆေးအစ ဆေးလိပ်က’ ဟု ဆိုသော်လည်း ဈေးနှုန်းချိုသာစွာဖြင့် ဆေးလိပ်များ အလွယ်တကူ ရနိုင်ဆဲဖြစ်သည်။ ဈေးဆိုင်၊ ကွမ်းယာဆိုင်၊ စားသောက်ဆိုင်များတွင် အသက် ၁၈ နှစ်အောက်လူငယ် များအား ဆေးလိပ်မရောင်းပေးဖို့၊ ဆေးလိပ်ကို ဘူးလိုက်သာ ရောင်းချဖို့ အသိပညာပေး လုပ်ငန်းများလည်း ထိရောက်စွာ လုပ်ဆောင်ခြင်း မရှိသေးချေ။ အခြားနိုင်ငံများနည်းတူ အရက်၊ ဘီယာများသာမက ဆေးလိပ် ရောင်းချခွင့်လိုင်စင် လျှောက်ထားရန် လိုအပ်ချက်လည်း ပြဋ္ဌာန်းသင့်ပြီ ဖြစ်သည်။

မြို့ကြီးပြကြီးမဟုတ်သည့် အရပ်ဒေသများတွင် လူငယ်များ မူးယစ်ဆေး သုံးစွဲရသည့် အကြောင်းတွင် ပတ်ဝန်းကျင်ကြောင့် ဖြစ်သလို ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးခြင်းကြောင့်လည်း ဖြစ်သည်။ မြို့ပြလူငယ်များက အရွယ်ရောက်သည်နှင့် သင်တန်းများ၊ ကုမ္ပဏီ အလုပ်အကိုင်များဖြင့် အချိန်ကို အသုံးချနေချိန်၊ အနာဂတ် မျှော်လင့်ချက်များ တောက်ပနေချိန်တွင် နယ်မြို့များရှိ အချိန်ပိုနေသော လူငယ်များအတွက် မူးယစ်ဆေးက အစားထိုးစရာ တစ်ခု ဖြစ်လာခဲ့သည်။ လူငယ်လူရွယ်များ ပါဝင်နိုင်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားမကောင်းသေးခြင်း၊ လူငယ်များအတွက် အားကစားကွင်းများ မရှိခြင်းတို့နှင့်လည်း ဆိုင်သည်။

လူငယ်အချို့ကမူ တက္ကသိုလ်ရောက်မှ ပျက်စီးရခြင်းဖြစ်သည်။ ဥပမာ- မြစ်ကြီးနားတက္ကသိုလ် ဆိုလျှင် မူးယစ်ဆေးသုံးစွဲသူ ကျောင်းသား၊ ကျောင်းသူ များပြားခြင်းကြောင့် ဆေးတက္ကသိုလ်ဟုပင် ဒေသခံများက အမည်ပေး ထားကြသည်။ အချို့လူငယ်များကမူ အိမ်တွင်းရေး အဆင်မပြေခြင်း၊ မိဘများနှင့် ကွဲကွာခြင်း သို့မဟုတ် လူကြီးမိဘများ၏ တင်းကျပ်သည့် ထိန်းချုပ်မှုကို မခံနိုင်၍ ထွက်ပေါက်ရှာခြင်း တို့ကြောင့်လည်း ဖြစ်သည်။

မူးယစ်ဆေးဝါး ရောင်းသူများတွင်လည်း အချို့ကသုံးစွဲရာမှ တစ်ဆင့် ပြန်လည်ရောင်းချသူများ ဖြစ်လာသည်။ ကိုယ်တိုင်မသုံးစွဲသော်လည်း မိမိအကျိုးစီးပွားအတွက် မူးယစ်ဆေးဝါး သယ်ယူသူ၊ ဖြန့်ဖြူး ရောင်းချသူ များလည်းရှိသည်။ အထူးသဖြင့် ဆေးဆိုင်အချို့ပတ်သက်မှု ရှိသည်ဟု ဆိုသည်။

တစ်ချိန်က မူးယစ်ဆေးထိုးသူများအား ဆေးထိုးအပ်များ မရောင်းချရန် ကျန်းမာရေးဌာနက ညွှန်ကြားခဲ့ဖူးသည်။ ထိုအခါ သုံးစွဲသူများက အပ်တစ်ချောင်းတည်း လက်ဆင့်ကမ်း ပေါင်နှံသုံးစွဲခြင်းကြောင့် HIV/AIDS ကူးစက်ရောဂါဖြစ်ပွားမှု များပြားလာခဲ့သည်။ သည့်နောက်တွင်ကား မူးယစ်သုံးစွဲသူများ လာရောက်လျှင် ဆေးဆိုင်၊ ဆေးခန်းများတွင် တစ်ခါ သုံး ဆေးထိုးအပ်များ ရောင်းချပေးဖို့ သို့မဟုတ် အခမဲ့ပေးဖို့ ညွှန်ကြားချက် ပြင်ဆင် ထုတ်ပြန်ခဲ့ရသည်။ တစ်ခါက မြန်မာရဲများက ပြည့်တန်ဆာဖမ်းဆီးရာတွင် ကွန်ဒုံးများကို သက်သေခံအဖြစ် ထွက်ဆိုခြင်းကြောင့် ပြည့်တန်ဆာများက ကွန်ဒုံး အသုံးမပြုတော့ခြင်း ကဲ့သို့ပင် ဖြစ်သည်။

ယခုအခါ ကချင်ပြည်နယ်တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဘိန်းခင်းများ ဖျက်ဆီးရန် လုပ်ဆောင်နေကြပြီး ပြည်နယ်အစိုးရက ရဲတပ်ဖွဲ့များစေလွှတ်ပြီး လူမှုအဖွဲ့အစည်းအတွက် လုံခြုံရေးပေးလျက် ရှိသည်။ ပုံမှန်အားဖြင့်ဆိုလျှင် အစိုးရဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ နီးနီးကပ်ကပ် ပူးပေါင်းမှုမှာ မကြားရသလောက် ဖြစ်သည်။ မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲ လူမှုရေးပြဿနာများကို မခံစားနိုင်တော့သည့် ပြည်သူများက အရပ်ဘက် အဖွဲ့အစည်းများအသွင်ဖြင့် လုပ်ဆောင်လာကြခြင်းလည်း ဖြစ်သည်။ မြစ်ကြီးနား မြို့ပေါ်မှာပင် တစ်မိသားစုထဲတွင် မူးယစ်ဆေးဝါး သုံးဆောင်သူ သုံးဦးအထိ ရှိနေသည်ကို တွေ့ရသည်။ သုံးစွဲသူအများစုမှာ HIV ကူးစက်ခံနေရသည်။ ထို့ကြောင့်လည်း ခရစ်ယာန် ဘုရားကျောင်းများက ဦးဆောင်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်လာခြင်း ဖြစ်သည်။

ယခုအခါ ဖမ်းဆီး အရေးယူမှုများကြောင့် မူးယစ်ဆေးဝါးများ ဈေးနှုန်း မြင့်မားလာသည် ဟုလည်း သိရသည်။ ဈေးနှုန်း မြင့်မားလာသည့်အခါ မူးယစ်ဆေး အလွန်အကျွံစွဲနေသူများ အတွက် ခက်ခဲလာသည်။ ဤသည်ကလည်း ပြဿနာတစ်ခု ဖြစ်သည်။ သာမန်လူများက ထမင်းတစ်ရက် မစားမိလျှင်လည်း ဘာမှ မဖြစ်လောက်ပေမယ့် မူးယစ်ဆေးဝါး ပုံမှန်သုံးစွဲ နေသူများမှာမူ တစ်ရက်တလေ မသုံးရလျှင် စိတ်မူမမှန်ခြင်း၊ မိသားစုနှင့် ပတ်ဝန်းကျင်ကို အကြမ်းဖက် တတ်ကြသည်။ ထိုအခါ မူးယစ်ဆေး ပပျောက်ရေး လုပ်ဆောင်သည့်နည်းတူ သုံးစွဲပြီးသူတို့ အတွက် စနစ်တကျ ဆေးဖြတ်ပေးဖို့၊ ပြန်လည်ထူထောင်ရေးတို့ လုပ်ဆောင်ဖို့၊ မိမိဘဝအပေါ် ပြန်လည် တန်ဖိုးထားတတ်ဖို့ လုပ်ဆောင်ရန် လိုလာပြန်သည်။

စာသင်ကျောင်းနှင့် တက္ကသိုလ်ကျောင်းများတွင် ဤကိစ္စကို အလေးထား ဆောင်ရွက်ဖို့ လိုပေသည်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးနယ် မကျွံဖို့ တက္ကသိုလ် အာဏာပိုင်များ မည်သို့ လုပ်ဆောင်မည်နည်း။ သုံးစွဲပါက အရေးယူမည်၊ ကျောင်းထုတ်မည်ဟု ညွှန်ကြားချက် ထုတ်ရုံပဲလား။ အစိုးရ အာဏာပိုင်များ ကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာဖို့ လိုပေသည်။ ဘိန်းဖြတ်ဆေးရုံများ ရှိနေသော်လည်း မိဘအများစုက မိမိဂုဏ်သိက္ခာ ကျဆင်းမည်ကို ရှေးရှုလျက် မိမိတို့သားသမီးများ မူးယစ်ဆေး စွဲနေလျှင်လည်း ထိုသို့သောနေရာများ မပို့ဆောင်လိုကြသည်ကိုလည်း သိထားသင့်သည်။

မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အရပ်ဘက်နှင့် အစိုးရအဖွဲ့ အစည်းများ ပူးပေါင်းလုပ်ဆောင်ဖို့ လိုလာပြီဖြစ်သည်။ ထို့ပြင် မြို့ရွာများအတွင်း အောက်ခြေအထိ အသိပညာပေးခြင်း၊ မူးယစ်ဆေး သုံးစွဲနေသူများ မူးယစ်ဆေး အလွယ်တကူဖြတ်နိုင်ရေး အတွက် လုပ်ဆောင်ရမည်ဖြစ်သည်။ ဘိန်းနှင့် နံပါတ်ဖိုးကဲ့သို့ မူးယစ်ဆေးများ သာမက ဆေးခြောက်နှင့် စိတ်ကြွ ဆေးများလည်း နှိမ်နင်းရဦးမည် ဖြစ်သည်။ ထို့ပြင် ဆေးလိပ်၊ ကွမ်းယာနှင့် အရက်များ ရောင်းချခြင်းအတွက်လည်း အသုံးမဝင်သည့် ဥပဒေများ ပြင်ဆင်ခြင်း၊ ဥပဒေသစ်များပြဋ္ဌာန်းခြင်း၊ ၎င်းတို့ရောင်းချခွင့်အတွက် လိုင်စင်များ သတ်မှတ်ခြင်း၊ အခွန်တိုးမြှင့်ခြင်းတို့ လုပ်ဆောင်သင့်ပြီ ဖြစ်သည်။ လမ်းဘေးကွမ်းယာဆိုင် မှအစ ဆေးလိပ်များ အလွယ်တကူဝယ်ယူ၍ ရနိုင်ခြင်း၊ အသက်မပြည့်သေးသူများက လူမြင်ကွင်းတွင် ဆေးလိပ် သောက်နေခြင်းတို့မှာ မဖြစ်သင့်တော့ပေ။

နံပါတ်ဖိုး သုံးစွဲသူများဆိုသည်မှာ အခြားမူးယစ်ဆေးများ မသုံးစွဲခင် နံပါတ်ဖိုးကို အရင်ဆုံး သုံးစွဲသည် မဟုတ်ချေ။ ဆေးလိပ်၊ ကွမ်းယာနှင့် ဘီယာများမှ အစပြုကာ နောက်ဆုံးတွင် နံပါတ်ဖိုးထိုးသည့် အဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် တရားမဝင် အရက်ဆိုင်များ ရှိနေခြင်းကိုလည်း သတိပြုသင့်သည်။ ညအချိန်မတော်တွင် အရက်သောက်စား မူးယစ်နေသည့် လူငယ်များက အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာများကို တိုက်ခိုက်ရန်စသည့် ဖြစ်စဉ်များ ရှိနေဆဲဖြစ်သည်။

မူးယစ်ဆေး ပြဿနာသည် မိမိတို့ မြန်မာနိုင်ငံအတွက် အရေးပေါ် ဖြေရှင်းသင့်သည့် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။ လာမည့် အစိုးရသစ်လက်ထက်တွင် ဆက်လက် ရင်ဆိုင်ရမည့် ပြဿနာဖြစ်သည်။ ကျန်းမာပြီး ပညာအခြေခံသည့် လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာရေးအတွက် ကျွန်တော်တို့သည် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားအဆင့် တိုက်ထုတ်ရပေတော့မည်။ အနည်းဆုံးတော့ နောင်လာမည့် မျိုးဆက်သစ်များအတွက် လုံခြုံမှုရှိသည့် ပတ်ဝန်းကျင်တစ်ခု ရရှိစေရေးပင်ဖြစ်သည်။

မောင်ရင်နွေး (မြောက်ပိုင်းသား)

]]>
chili2028@gmail.com (The Voice) PERSPECTIVE Fri, 29 Jan 2016 07:36:15 +0000
ငြိမ်းချမ်းရေးအနီးအဝေး အဖြူအမည်း http://www.thevoicemyanmar.com/index.php/perspective/item/9694-ncy http://www.thevoicemyanmar.com/index.php/perspective/item/9694-ncy ငြိမ်းချမ်းရေးအနီးအဝေး အဖြူအမည်း

ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည်။ နိုင်ငံမပြိုကွဲရေး ငြိမ်းချမ်းရေး အရေးကြီးသလို နိုင်ငံတိုးတက်ရေး အတွက်လည်း ငြိမ်းချမ်းရေးသည် အရေးကြီးသည်။ ယခု ထွက်ခါနီးအစိုးရသည် ငြိမ်းချမ်းရေးကို ဦးထိပ်ထားသလို တက်ခါနီးအစိုးရ သည်လည်း ငြိမ်းချမ်းရေးကို ပထမဦးစားပေးဟု သိရသည်။ ထိုအတိုင်းဆိုလျှင် ငြိမ်းချမ်းရေးခရီး နီးသလား၊ ဝေးသလား၊ အဖြူလား အမည်းလား။

လတ်တလော ကျင်းပပြီးစီးသွားသော ငြိမ်းချမ်းရေးညီလာခံတွင် ငါးရက်ကြာ တက်ရောက်ဆွေးနွေးခွင့် ရသည့်အတွက် ငြိမ်းချမ်းရေး၏ နောက်ဆုံးအခြေအနေကို အတန်အသင့် စောကြောမိသည်။ အားလည်းလျော့သည်၊ အားလည်းတက်သည်။

အားလျော့သည်မှာ ငြိမ်းချမ်းရေးခရီးသည် လျှောက်ရဦးမည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်အကြား ယုံကြည်မှု တည်ဆောက်ရဦးမည်။ နိုင်ငံရေးဆွေးနွေးပွဲနှင့် ချိတ်ထားသည့်အတွက် များများစားစား ပြောကြဆိုကြရဦးမည်။

အားတက်သည်မှာ ဟိုးယခင်က ကြားရသော ခွဲထွက်ခြင်းမျိုး မကြားရ။ ပွင့်ပွင့်လင်းလင်း ယဉ်ယဉ်ကျေးကျေး ဆွေးနွေးကြသည်။ ယခင်က ဟိုဘက်သည်ဘက် ရန်သူအဖြစ် တိုက်ခဲ့ကြသူများ လက်ဖက်ရည် တစ်ဝိုင်းတည်း ထိုင်စကားပြောကြသည်။ ၅ နှစ်တာ ခရီးစဉ်တစ်လျှောက် အနိုင်နိုင်လျှောက်ခဲ့ကြရင်း ယခုလို တစ်စားပွဲတည်းထိုင် တစ်ခန်းထဲ ဆွေးနွေးနိုင်လောက်သည်အထိ အဓိကလူများအကြား တစ်ယောက်နှင့်တစ်ယောက် တစ်ဖက်နှင့်တစ်ဖက် ပုဂ္ဂိုလ်ချင်းနားလည်မှု အဆင့်တစ်ခုထိ ရောက်အောင် ပွင့်ခဲ့ကြပြီ ဖြစ်သည်ကိုလည်း ခံစားမိသည်။ ထိုအဆင့်က ခုမြင်ခုပွင့်မျိုး မဟုတ်၊ အချိန်ယူရသည်။ ဆက်ဆံရေး ကောင်းဖြင့် ရင်းနှီးရသည်။ အဖွဲ့အစည်း ကိုယ်စားပြု စကားဆိုကြရာတွင် အမြင်ကွဲပြားကြ သော်လည်း တစ်ဦးနှင့်တစ်ဦး လေးစား အသိအမှတ်ပြုကြသည်။

ညီလာခံ


ယခုကျင်းပသွားသော ငြိမ်းချမ်းရေးညီလာခံသည် ထိုညီလာခံ အမျိုးအစားထဲတွင် ကျွန်တော်သိသလောက် ပထမဦးဆုံး ကျင်းပနိုင်သည့် ညီလာခံ ဖြစ်သည်။ ခြေလှမ်းကြီးတစ်လှမ်း လှမ်းလိုက်နိုင်ခြင်း။ ယခု အစိုးရလက်ထက် နောက်ဆုံးကျင်းပသည့် ငြိမ်းချမ်းရေးညီလာခံ ဖြစ်သည့်အတွက် နောက်အစိုးရသို့ လက်ဆင့်ကမ်းပေးသော ညီလာခံလည်း ဖြစ်သည်။

ယခုညီလာခံသည် ပျက်မလိုပျက်မလိုဖြင့် ကျင်းပဖြစ်သွားသော ညီလာခံဟု ညီလာခံစီစဉ်သူများ ထံမှရော ညီလာခံ တက်ရောက်လာသူများ ထံမှရော သိရသည်။ သဘောထား ကွဲလွဲကြသည့်အတွက် မငြိမ်းချမ်းသောကြောင့် ငြိမ်းချမ်းရေး ဆောင်ရွက်ကြရခြင်းဖြစ်ရာ ငြိမ်းချမ်းရေး ညီလာခံကိစ္စ အငြင်းပွားရခြင်းမှာ မဆန်း။ နောင်တွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အငြင်းပွားကြဦးမည်သာ။ စာရေးသူအနေဖြင့် ဆွေးနွေးကြရာတွင် ငြင်းခုံခြင်း၊ သဘောထား မတိုက်ဆိုင်ခြင်းများထက် ‘အားလုံးကောင်းပါသည်’ ဖြစ်သွားမည်ကိုသာ စိုးရိမ်သည်။

‘မျှော်လင့်မိလျှင် ရင်ပိုနာရတတ်သော’ မြန်မာနိုင်ငံ၏သဘောကို ကောင်းစွာ သဘောပေါက်သည့် မြန်မာတစ်ဦး ဖြစ်သည့်အတိုင်း စာရေးသူသည် ငြိမ်းချမ်းရေးညီလာခံမှ များများ မမျှော်လင့်ပါ။ ထိုညီလာခံသည် ငြိမ်းချမ်းရေးရအောင် မည်သို့ဖြေရှင်းရမည်ကို အကြံဉာဏ် ဝိုင်းထုတ်ကြသည့်ပွဲဟု နားလည်ပါသည်။ တစ်ဦး၏အမြင်၊ တစ်ဦး၏ခံစားချက်ကို တစ်ဦးသိအောင် လုပ်ကြသည့်ပွဲ ဖြစ်သည်။

ငြိမ်းချမ်းရေးညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပါဝင်သင့် ပါဝင်ထိုက်သူများဟု အစုအဖွဲ့ ခုနစ်ဖွဲ့ ပါဝင်ဆွေးနွေးကြသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ဟူသော ခေါင်းစဉ်ငါးခု ကဏ္ဍငါးခုရှိသည့်အတွက် အစုအဖွဲ့ ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များက ခေါင်းစဉ်တစ်ခုစီ အောက်တွင် ဆွေးနွေးကြသည်။ အထူးသဖြင့် နိုင်ငံရေးခေါင်းစဉ်ကို ဆွေးနွေးလိုသူ များပြားပြီး အကြိတ်အနယ်နှင့် ပွဲဆူသည်ကို တွေ့ရသည်။

ငြိမ်းချမ်းရေးညီလာခံ တက်ရောက်သူများအနက် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် NLD တို့၏ ဆွေးနွေးချက်များကို အထူး စိတ်ဝင်စားကြသည်။ NLD သည် နောက်တက်မည့်အစိုးရ ဖြစ်သောကြောင့် သူ၏ရပ်တည်ချက်ကို စိတ်ဝင်စားကြခြင်း ဖြစ်သည်။ NLD ၏ သဘောထားကို များများ မကြားလိုက်ရ။

ညီလာခံတက်လာသူ အချို့က နောက်တက်မည့်အစိုးရသည် ငြိမ်းချမ်းရေးကို ‘တစ်ကပြန်စ’ မည်ကို စိုးရိမ်နေကြသည်။ စာရေးသူအမြင်မှာ နောက်တက်မည့် အစိုးရ ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာကြီးများတွင် ငြိမ်းချမ်းရေး တစ်ခုတည်းသာ မဟုတ်ပါ။ ပြဿနာပေါင်း သောင်းခြောက်ထောင် ဆိုသည့်အတိုင်း မြားမြောင်ရှုပ်ထွေးလှသော စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အရေးများစွာကို ဖြေရှင်းရဦးမည်။ ထို့ကြောင့် ယခုအစိုးရ လက်ထက် ငြိမ်းချမ်းရေးခရီး ပေါက်ပြီးသည့် နေရာမှ နောက်ပြန်ရွှေ့အောင် လုပ်မည်မဟုတ်ပါ။ ငြိမ်းချမ်းရေးကိစ္စတွင် အချိန်ကုန်သက်သာလျှင် အခြားကိစ္စများတွင် အာရုံပိုစိုက်နိုင်မည်။ ကိုယ့်ဒုက္ခ ကိုယ်ရှာမည်မဟုတ်။ အလုပ်သက်သာလျှင် ပိုကောင်းသည် မဟုတ်ပါလား။ ပြုပြင်မွမ်းမံခြင်းမျိုးမူ ဆောင်ရွက်မည်ဟု သဘောပေါက်သည်။

ဖက်ဒရယ်ဆိုသည့် စကားသည် ယခင်က မကြားဝံ့မနာသာစကား ဖြစ်ခဲ့ရာမှ ထိုညီလာခံတွင် မပါမပြီးသောစကား ဖြစ်လာသည်မှာ ဖက်ဒရယ်တစ္ဆေ ခြောက်ခဲ့သော မြန်မာပြည်မှ ဟုတ်ပါလေစဟု တွေးမိစေသည်။ သို့သော် ဆွေးနွေးချက်များအရ ‘ဖက်ဒရယ်’ သည် အသုံးများသလောက် နားလည်မှု အလွဲနိုင်ဆုံး စကားရပ်ဟုလည်း သဘောပေါက်မိသည်။

အချို့ဆွေးနွေးသူများမှာ ကြိုတင်ပြင်ဆင် အိမ်စာလုပ်ထားကြပြီး အချို့မှာ ဗလာချည်းသက်သက် ထလာရပုံပေါ်သည်။ ထို့ကြောင့် ဆွေးနွေးချက်အချို့မှာ အစက ပြန်စသလို ဖြစ်နေသည်။ Federalism ကို ဆွေးနွေးကြရာတွင် ကိုယ်ထင်ရာကိုယ် အဓိပ္ပာယ်ပေါက်ခြင်းမျိုးကို တွေ့ရသည်။ ဖက်ဒရယ်စနစ်ကို ကွန်ဖက်ဒရေးရှင်းနှင့် ရောထွေး စဉ်းစားနေခြင်းများ တွေ့ရသည်။

စီးပွားရေးအမြင်


နိုင်ငံရေးဘောဂဗေဒကို စိတ်ဝင်စားသည့် စာရေးသူသည် စီးပွားရေး ခေါင်းစဉ် Fiscal Federalism ခေါ် ဝင်ငွေခွဲဝေ ရယူခြင်းတွင် ဆွေးနွေးခဲ့သည်။ စာရေးသူတို့ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ (ညီလာခံတွင်း အလွယ်ခေါ် ပညာရှင်အဖွဲ့) မှ ထိုခေါင်းစဉ်တွင်းသို့ ပါဝင်ဆွေးနွေးသူ သုံးဦးသာ ရှိသည့်အတွက် ဆွေးနွေးခွင့်ပိုရပြီး တစ်ကြိမ်လျှင် ဆယ်မိနစ်နှင့် သုံးကြိမ်ဆွေးနွေးခဲ့ရသည်။

ငြိမ်းချမ်းရေးပြဿနာသည် စီးပွားရေးပြဿနာလည်း ဖြစ်သည်။ စစ်ဖြစ်ရခြင်း အကြောင်းများတွင် စီးပွားရေးသည်လည်း အကြောင်းတစ်ရပ် ဖြစ်သည်။ အရင်းအမြစ်ဝေစု မတည့်ရာမှ စစ်တိုက်တတ်ကြသည်။ စစ်တိုက်လျှင် လက်နက်လိုသည်၊ လူလိုသည်၊ စားနပ်ရိက္ခာလိုသည်၊ စခန်းလိုသည်။ ယင်းအရာတို့ကို ငွေဖြင့်ဝယ်လျှင် ရသည်။ ထို့ကြောင့် စစ်ဖြစ်လျှင် ငွေလိုသည်။ စစ်ဖြစ်ရာနေရာများတွင် အစိုးရက အခွန်ကောက်သလို တိုင်းရင်းသား လက်နက်ကိုင်ကလည်း အခွန်ကောက်သည်။ ထိုဒေသရှိ တိုင်းရင်းသားပြည်သူတို့မှာ စစ်ကြောင့် အလုပ်အကိုင် မကောင်းရသည့် အထဲ အခွန်နှစ်ထပ် ပေးကြရရာ ‘နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း’ ဖြစ်သည်။

ငြိမ်းချမ်းရေးကင်းမဲ့သည့် နေရာများတွင် စီးပွားရေးလုပ်ငန်းများ လာရောက် တည်ထောင်ကြမည်မဟုတ်၊ ရှိပြီးသူများပင် အခြားနေရာများသို့ ရွှေ့ပြောင်းကြမည်။ စီးပွားရေး မကောင်းလျှင် နာကြည်းမှုများ ပိုနက်ရှိုင်းပြီး စစ်ဖြစ်နိုင်ခြေ ပိုများပြန်သည်။ တစ်ဖန် သဘာဝသယံဇာတ ပေါများရာနေရာ များတွင်လည်း စစ်ဖြစ်တတ်သည်။ သဘာဝ သယံဇာတများကို ထုတ်ယူရောင်းချပြီး စစ်တိုက်ကြသဖြင့် ထိုနေရာများတွင် စစ်ဖြစ်လျှင် ကြာရှည်တတ်သည်။

အခွန်အကောက်ကို ပြည်နယ်/တိုင်းနှင့် ပြည်ထောင်စုတို့ ခွဲဝေကြရာတွင် မည်သူက မည်သည့်အချိုးဖြင့် ရသင့်သည်ကို အာရုံစိုက်ကြသည်က များသည်။ အမှန်မှာ အခွန်အကောက် ပိုများလာအောင် ကောက်ရေး၊ အခွန်အကောက် များများ ကောက်နိုင်အောင် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးရေး၊ စီးပွားရေးလုပ်ငန်းတို့ လာချင်အောင် စစ်မဖြစ်ရေး တို့ကိုလည်း သတိထားသင့်သည်။

နိုင်ငံတကာ ဆက်ဆံရေး၊ ပထဝီနိုင်ငံရေး


အချက်အချာကျသော နိုင်ငံငယ်များ၏ ပြည်တွင်းရေးသည် အင်အားကြီးနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ စိတ်နေစိတ်ထားနှင့် အပြုအမူအပေါ် များစွာမူတည်သည်။ မြန်မာနိုင်ငံသည် နဂိုကတည်းက အချက်အချာ ကျခဲ့သော်လည်း တရုတ်နိုင်ငံ မဟာအင်အားကြီးဖြစ်ရန် တာစူလာချိန်၊ အမေရိကန်ပြည်ထောင်စု အရှေ့အာရှတွင် ဩဇာပြန်ဖြန့်ရန် အားထုတ်ချိန်တွင် ပိုပြီးပင် အချက်အချာ ကျလာသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့သည် နယ်စပ်များတွင် လှုပ်ရှား အခြေစိုက်ကြသည့် အတွက် ပြည်ပနိုင်ငံများ၏ သဘောထားသည် ပိုပြီးပင် အခရာကျသည်။ ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးကို ပြည်တွင်းအမြင် သာမက နိုင်ငံတကာ ဆက်ဆံရေးအမြင်၊ ပထဝီနိုင်ငံရေးအမြင် ဖြင့်ပါ ကြည့်သင့်သည်။

သူနီး ကိုယ်နီး


တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များရော တပ်မတော်သည်ပါ ဒေသခံများအတွက် တိုက်နေရပါသည် ဆိုသော်လည်း လက်နက်ကိုင် တိုက်ပွဲများ မရပ်သရွေ့ ထိုဒေသခံများ နစ်နာနေဦးမည် ဖြစ်သည်။ မည်သူမှားသည်၊ မှန်သည် အသာထား တိုက်ပွဲများရပ်ဖို့ အဓိက ဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲများ ရပ်လျှင်လည်း ဒေသ ပြန်လည်ထူထောင်ရဦးမည်။ ဒေသမွဲနေသရွေ့ စစ်ပြန်ဖြစ်နိုင်သည်။

ငြိမ်းချမ်းရေးသည် အဆုံးမှတ် မဟုတ်၊ ဖြစ်စဉ် Process သာဖြစ်သည်။ ငြိမ်းချမ်းရေးကို တိုက်ယူ၍မရ၊ တောင်းယူမှရမည်။ ငြိမ်းချမ်းရေးသည် ကိုယ်တစ်ယောက်တည်း နီးလို၍မရ၊ ဝေးလို၍မရ။ အားလုံးနီးလျှင် နီးမည်၊ အားလုံးဝေးလျှင် ဝေးမည်ဖြစ်သည်။

ဇေယျသူ

]]>
chili2028@gmail.com (The Voice) PERSPECTIVE Wed, 27 Jan 2016 11:20:12 +0000
နောက်ကျခဲ့သော မြန်မာ့နွေဦး http://www.thevoicemyanmar.com/index.php/perspective/item/9693-knm http://www.thevoicemyanmar.com/index.php/perspective/item/9693-knm နောက်ကျခဲ့သော မြန်မာ့နွေဦး

မြန်မာ့နိုင်ငံရေးက အလွန်စိတ်လှုပ်စရာကောင်းသော အနေအထားသို့ ရောက်ရှိနေသည်။ သိပ်မကြာတော့သည့် ရက်များအတွင်း မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ မျက်နှာသစ် ဇာတ်ကောင်များစွာကို မြင်တွေ့ရပါတော့မည်။

ဤဖြစ်စဉ်ကား လွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ် ၆၀ ကျော် ၇၀ နီးပါးအတွင်း ကျွန်တော်တို့ မကြုံဖူး မကြားဖူးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အသွင်မတူသော အစိုးရအဖွဲ့တစ်ရပ်မှ အသွင်မတူသော အစိုးရအဖွဲ့သစ် တစ်ရပ်ထံသို့ အာဏာလွှဲပြောင်းခြင်း တစ်နည်း တာဝန်လွှဲပြောင်းမှု ဖြစ်စဉ် ဖြစ်သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့သော မြန်မာနိုင်ငံသည် ပါလီမန် ဒီမိုကရေစီခေတ်နှင့် စစ်အာဏာရှင်ခေတ် နှစ်မျိုးကို နှစ် ၇၀ နီးပါး ဖြတ်သန်းခဲ့သော်လည်း ပုံစံတူအစိုးရ တစ်ရပ်မှ ပုံစံတူအစိုးရ တစ်ရပ်သို့ ကူးပြောင်းခဲ့သည့် အစဉ်အလာမျိုးသာ ရှိခဲ့ပြီး ယခု ကဲ့သို့ အစိုးရ အပြောင်းအလဲမျိုး မရှိခဲ့။ ဝန်ကြီးချုပ် ဦးနု ဦးဆောင်သည့် ပြည်ထောင်စုအစိုးရသည် အပြောင်းအလဲမရှိ ရွေးကောက်ပွဲနှစ်ဆက် အနိုင်ရခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာသိမ်းခြင်းကို ခံခဲ့ရသည်။ ဦးနေဝင်းလက်ထက်မှာ ပါတီစုံရွေးကောက်ပွဲ မရှိတော့ဘဲ ၁၉၈၈ မဆလ ပါတီပြိုကွဲခြင်း နှင့်အတူ နောက်ထပ်စစ်အာဏာရှင် မျိုးဆက်က ၁၉၉၀ မှာ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း အနိုင်ရပါတီမှာ အာဏာလွှဲပြောင်းပေးခြင်း မခံခဲ့ရပေ။ ၂၀၁၀ ရွေးကောက်ပွဲကျပြန်တော့ ယူနီဖောင်းဝတ်စစ် ဗိုလ်ချုပ်များက တိုက်ပုံ ပြောင်းလဲဝတ်ဆင်ခြင်းသာ ဖြစ်၍ ဘာမှ အပြောင်းအလဲမရှိခဲ့။

ယခု ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးမှာတော့ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ယခင်က မရှိခဲ့ဖူးသော ဖြစ်စဉ်တစ်ရပ် ဖြစ်လာပါတော့မည်။ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲ အရှုံးရလဒ်ကို လူသိရှင်ကြား လက်ခံပြီးနောက် အနိုင်ရ NLD ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု တရားဝင် ကတိပြုခဲ့သည့်အတိုင်း လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်တော့မည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးတွင် အာဏာလွှဲပြောင်းခြင်း အစီအစဉ်ကို အကောင်အထည် ဖော်ပေးရပေတော့မည်။ အမေရိကန်၊ အင်္ဂလန်၊ အိန္ဒိယ စသည့် ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးများတွင် အစိုးရတစ်ရပ်မှ အစိုးရ တစ်ရပ်သို့ အာဏာလွှဲပြောင်းပေးသည့် ဖြစ်စဉ်မှာ အဆန်းတကြယ် မဟုတ်လှသော်လည်း ကျွန်တော်တို့နိုင်ငံ အတွက်မူ အဆန်းတကြယ် ဖြစ်နေသည်။။ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်၊ လေဘာနှင့် ကွန်ဆာဗေးတစ်၊ ဘီဂျေပီနှင့် ကွန်ဂရက် သည်လိုပဲ သမိုင်းမှာ ဘတစ်ပြန် ကျားတစ်ပြန် အပြောင်းအလဲတွေ ဖြစ်ပြီး အာဏာလွှဲပြောင်း အုပ်ချုပ်သွားခဲ့ကြသည်။ မြန်မာ့သမိုင်းမှာတော့ သည်အစဉ်အလာမျိုး မရှိသေး။ ထို့ကြောင့် လာမည့်ရက်များမှာ စိတ်လှုပ်ရှားစရာ ကောင်းနေသည်ဟု ဆိုရခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ်ဖြင့် နှစ်ပေါင်း ၅၀ ကျော် နေလာခဲ့ရသော နိုင်ငံတစ်ခု၏ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာ စိတ်ဝင်စားစရာ များစွာရှိနေသည်။ နိုင်ငံတချို့ကတော့ မြန်မာ့နွေဦးကို Burma Spring ဟုကင်ပွန်းတပ်ကြသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်အစိုးရ တက်လာကတည်းက သည်အခေါ်အဝေါ်ကို သုံးနှုန်းခဲ့ကြသည်။ တကယ်တော့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့သည် မှန်သော်လည်း ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီအခွင့်အရေး များကိုမူ အပြည့်အဝ မရခဲ့။ အရပ်သားခေါင်းပေါင်း ဆောင်းထားသော စစ်ဗိုလ်ချုပ်များသာ အာဏာဆုပ်ကိုင်ထားဆဲ ဖြစ်၍ ‘အပြောင်းအလဲ’ (နွေဦး) Spring ဟုမခေါ်ဝေါ်ထိုက်။ အတုအယောင် နွေဦးတစ်ခုမျှသာ ဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီးမှာတော့ မြန်မာ့နွေဦးက အမှန်တကယ် ရောက်ရှိလာပြီဟု ဆိုရပေတော့မည်။ ‘အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ် ဆီသို့’။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ၂၀ ရာစုသမိုင်းတွင် ပြည်သူလူထု အုံကြွတောင်းဆိုမှုဖြင့် အစောဆုံး ဒီမိုကရေစီတောင်းဆိုခဲ့သည့် နိုင်ငံတစ်ခုက နောက်အကျဆုံး ဒီမိုကရေစီရခဲ့ခြင်း ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်ကာလ များအတွင်း အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်း ရောက်ရှိခဲ့သော လက်တင်အမေရိကနိုင်ငံ အချို့ ဥရောပမှ စပိန်နိုင်ငံ အပါအဝင်ရှိခဲ့သော်လည်း ၁၉၈၀ နှောင်းပိုင်း ၁၉၉၀ ပြည့်ကာလတစ်ဝိုက်က အရှေ့ဥရောပနှင့် ဆိုဗီယက်နိုင်ငံဟောင်းများ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့မှုကိုတော့ လှိုင်း Wave အဖြစ် တင်စားခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကာလက အသွင် ကူးပြောင်းခဲ့ကြသည့် နိုင်ငံများမှာ လုံးဝချောမွေ့စွာ အောင်မြင်သွားသည့် နိုင်ငံများ ရှိသလို အသွင်ကူးပြောင်း ကာလအတွင်း အကြီးအကျယ် မုန်တိုင်းထန်ခဲ့သော နိုင်ငံများလည်း ရှိသည်။ အဆိုးဆုံး နမူနာက ယူဂိုဆလားဗီးယား ပြည်ထောင်စုမှ ပေါ်ထွက်လာသည့် နိုင်ငံငယ်များအကြား ပဋိပက္ခဖြစ်သည်။ ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ ထိုနိုင်ငံအတော်များများ အထိုင်ကျသွားပြီး ဒီမိုကရေစီ ကျင့်သားရ သွားကြသည်။ ထိုအတောအတွင်း မြန်မာစစ်ဗိုလ်ချုပ်များမှာ မအောင်မြင်သော အသွင်ကူးပြောင်းမှု ပဋိပက္ခနမူနာတချို့ကို ထုတ်ပြကာ မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှုကို ဆက်လက် ချုပ်ကိုင်ထားခဲ့ကြသည်။ စစ်အာဏာရှင်စနစ်၏ ညံ့ဖျင်းသော စီမံအုပ်ချုပ်မှု အောက်မှာ နိုင်ငံသည် နှစ်များစွာ ရေတိမ်နစ်ခဲ့သည်။

၂၀၁၀ အလွန် ၂၀၁၁ မှာတော့ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းမှု လှိုင်းတစ်လုံးပေါ်လာပြန်သည်။ သည်တစ်ခါတော့ နိုင်ငံရေး သိပ္ပံပညာရှင်တွေက ‘လှိုင်း’ ဆိုသော အသုံးအနှုန်းကို မသုံးတော့ဘဲ နွေဦးရာသီမှာ ပန်းတွေ တစ်ပြိုင်နက်တည်း ဝေဝေဆာဆာ ပွင့်လာကြသလိုမျိုး Spring ဟု ခေါ်တွင် သုံးစွဲလိုက်ကြသည်။ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား၊ ဘာရိန်း၊ ကူဝိတ်၊ အယ်လ်ဂျီးယား အစရှိသည့် အာရပ်နိုင်ငံများမှ အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုအုံကြွဆန့်ကျင် တော်လှန်မှုများကို Arab Spring အဖြစ် သုံးနှုန်းလျက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တင်စားခဲ့ကြသည်။

အာရပ်နွေဦး တော်လှန်ရေးက အရှေ့ ဥရောပ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လှိုင်းလုံးလို မဟုတ်။ ယခုချိန်ထိ ဆိုးရွားသောအကျိုးဆက်များ၊ ပဋိပက္ခများ၊ စစ်မီးများ တောက်လောင်နေဆဲ ဖြစ်သည်။ လစ်ဗျားတွင် အာဏာရှင် ကဒါဖီအစိုးရ ပြုတ်ကျသွားသော်လည်း ယခုအချိန်တွင် စစ်အုပ်စုများဖြင့် နိုင်ငံသည် အပိုင်းပိုင်းကွဲနေသည်။ အီဂျစ်အာဏာရှင် မူဘာရက်ကို အီဂျစ်ပြည်သူတို့၏ အုံကြွတော်လှန်မှုဖြင့် ဖယ်ရှားနိုင်ခဲ့သော်လည်း အီဂျစ်ဒီမိုကရေစီ တော်လှန်ရေး၏ နိဂုံးမှာ စစ်တပ်ကသာ ပြန်လည် လွှမ်းမိုးသွားသည်။ အဆိုးဆုံးကတော့ ဆီးရီးယား ဖြစ်သည်။ အာဏာရှင် အယ်လ်အာဆတ်ကို ဖယ်ရှားဖို့ ကြိုးစားသော လူထုအုံကြွမှုမှာ အဆုံးသတ်၌ မဆုံးနိုင်သော ပြည်တွင်းစစ်မီးနှင့် ရင်ဆိုင်ရပြီး လူပေါင်း သိန်းချီသေဆုံး၊ ဒုက္ခသည် သန်းချီ ပြန့်ကျဲခြင်းသာ အဖတ်တင်ခဲ့သည်။

ဤသို့ဆိုလျှင် ‘အာရပ်နွေဦး’ မှာ မအောင်မြင်သောနွေဦးဟု ဆိုရမည်။ သမိုင်းတွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့ကြသည့် အသွင်ကူးပြောင်းမှု အတော်များများ ပဋိပက္ခများ၊ အခက်အခဲများစွာနှင့် ကြုံကြရသည်။ ချောမွေ့သော အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကား ရှားပါးလှသည်။ ထိုအခြင်းအရာကို အကြောင်းပြု၍ လက်ရှိ မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို အချို့က ညင်သာသော အကူးအပြောင်းဟု ချီးမွမ်းကြသည်။ သူတို့က သွေးထွက်သံယို အထိအခိုက် နည်းပါးခြင်းကို ရည်ညွှန်းလိုပုံ ရသည်။ မှန်တော့မှန်သည်။ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ သာသာယာယာတော့ ရှိနေသည်။ လှပသော အသွင်ကူးပြောင်းမှုဖြစ်စဉ် ဟုပင် ဆိုနိုင်သည်။

သို့သော် ခရီးမဆုံးသေးပါ။ အသွင်ကူးပြောင်းခဲ့ကြသော နိုင်ငံများ၏ ဖြစ်စဉ်များကို လေ့လာကြည့်လျှင် မမှန်းဆနိုင်သော ပဋိပက္ခများ၊ ပွတ်တိုက်မှုများ နောက်ပိုင်းတွင် ပေါ်လာသည့် သာဓကများစွာ ရှိနေသည်ကို သတိမူမိဖို့ လိုသည်။ နှစ်ပေါင်းများစွာ အာဏာကို ဆုပ်ကိုင်ထားခဲ့သော စစ်တပ်သည် မအောင်မြင်သော အသွင်ကူးပြောင်းမှု ဖြစ်စဉ်များကို သာဓကပြုကာ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပါဝင်နေလိုသေးသည်။ စစ်မှန်သော ဒီမိုကရေစီစနစ်မှာတော့ စစ်တပ်သည် နိုင်ငံရေးဇာတ်ခုံပေါ်၌ ပါဝင် သရုပ်ဆောင်ခွင့် မရှိ။ ဤအချက်သည်ပင် ဒီမိုကရေစီအစိုးရသစ် အတွက် စိန်ခေါ်မှုများ ဖြစ်လာနိုင်သည်။

မည်သို့ပင်ဖြစ်စေ မြန်မာ့နွေဦးကိုတော့ ရောက်ခဲ့ပါပြီ။ မြန်မာ့နွေဦးသည် ၂၀၁၀ ပြည့်လွန်နှစ် များကမှ ပေါ်ပေါက်ခဲ့သည့် အာရပ်နွေဦး မဟုတ်။ ၁၉၈၈ ခုနှစ် လွန်ခဲ့သည့် ၂၇ နှစ်ကတည်းက သန္ဓေတည်ခဲ့သော နွေဦး ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနောက်သို့ တညီတညွတ်တည်း လိုက်ခဲ့ကြသည့် နွေဦး ဖြစ်သည်။ မြန်မာ့ နွေဦးမှာ အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်သော ပြည်သူများစွာ အသက်အိုးအိမ် စည်းစိမ်တို့ ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ဒီမိုကရေစီ သူရဲကောင်းများစွာတို့ အနစ်နာခံ ပေးဆပ်ခဲ့ရပြီး ဖြစ်သည်။ နောက်ထပ်ပေးဆပ်ရမှုများ မလိုချင်တော့ပါ။

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ခန်းမဆောင်ကြီးထဲ ရောက်ရှိလာကြတော့မည့် ဒီမိုကရေစီလွှတ်တော် အမတ်သစ်များ၏ ရွှင်ပျသော မျက်နှာများကို ပြည်သူတွေ မြင်တွေ့ရပါတော့မည်။

မြန်မာ့နွေဦးသည် ကမ္ဘာပေါ်တွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ အသွင် ကူးပြောင်းခဲ့သည့် ‘နောက်ဆုံးနွေဦး’ ဟုဆိုက မှားအံ့မထင်ပါ။

ချစ်ဝင်းမောင်

]]>
chili2028@gmail.com (The Voice) PERSPECTIVE Wed, 27 Jan 2016 11:13:02 +0000
အကွဲအပြဲများမှ ဖယ်ခွာ၍ ဒီမိုကရေစီရှင်သန်သော နိုင်ငံသစ်ဆီသို့ http://www.thevoicemyanmar.com/index.php/perspective/item/9692-ako http://www.thevoicemyanmar.com/index.php/perspective/item/9692-ako အကွဲအပြဲများမှ ဖယ်ခွာ၍ ဒီမိုကရေစီရှင်သန်သော နိုင်ငံသစ်ဆီသို့

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခရီးရှည်ကြီး၏ ပထမငါးနှစ်တာ သက်တမ်းအပြီးတွင် ဒီမိုကရေစီ၏အရုဏ်ဦးကို မြင်တွေ့စပြုလာပြီ ဖြစ်သည်။ နောက်သို့ ပြန်ပြောင်းကြည့်သော် လွတ်လပ်ရေး ရပြီးတည်းက ယခုအချိန်ထိ ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်ခြင်း မရှိသေးသည်မှာလည်း ခါးသီးသည့် အမှန်တရားအဖြစ် ရှိနေသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းတွေလည်း များစွာရှိပါသည်။ ထိုအကြောင်းအရင်း တွေအနက် အဓိက တရားခံအဖြစ် တွေ့ရသည်မှာ နိုင်ငံရေးခေါင်းဆောင်များ အကြားက အကွဲအပြဲများ ဖြစ်ပါသည်။ အကွဲအပြဲ ဇာတ်လမ်းများကြောင့် မြန်မာ့နိုင်ငံရေး ကံကြမ္မာ တိမ်သလ္လာ ဖုံးခဲ့ရသည်မှာ ကာလရှည်ကြာ ရှိခဲ့လေပြီ။

လွတ်လပ်ပြီးစ မြန်မာနိုင်ငံကို ဦးဆောင်ခဲ့သည့်ခေါင်းဆောင်များမှာ ထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့၏ ဉာဏ်ပညာကြီးမားမှု၊ တိုင်းပြည်အပေါ်တွင် ထားရှိသည့် အမြော်အမြင်၊ မျိုးချစ်စိတ်နှင့် လူထုအပေါ်ထားရှိသည့် စိတ်ရင်းစေတနာတို့မှာ မေးခွန်းထုတ်ဖွယ်မရှိ။ သို့နှင့်တိုင် “ငါလုပ်မှ ဖြစ်မည်” ဆိုသည့်မာန်မာန ထောင်လွှားမှုတွေကြောင့် အကွဲအပြဲဇာတ်လမ်းတွေ ပေါ်ပေါက်လာပြီး အာဏာရှင်စနစ်ကို မွေးဖွားပေးလိုက် တော့သည်။ အနှီ အာဏာရှင် စနစ်သည်ပင်လျှင် မြန်မာ့ လူ့အဖွဲ့အစည်းကို အနှစ်ငါးဆယ်ကျော်ကြာ ခါးသီးသည့် အတွေ့အကြုံတွေဖြင့် ပိတ်လှောင်လိုက်တော့သည်။ သို့ဖြစ်ရာ နိုင်ငံရေးခေါင်းဆောင်များ၏ မာန်မာန ထောင်လွှားမှုကြောင့် ပေါ်ပေါက်လာသည့် အကွဲအပြဲတွေက မြန်မာနိုင်ငံနှင့် မြန်မာ့ လူ့အဖွဲ့အစည်းအား အာဏာရှင်စနစ်၏ ခါးသီးမှုနှင့် မည်မျှဒုက္ခပေးနိုင်သည် တို့ကို သမိုင်းနှင့်ချီ၍ လက်တွေ့ သင်ကြားပြသသွားခဲ့သည်ဟု ဆိုရပေတော့မည်။

သို့ဖြစ်ရာ ယခုကဲ့သို့ ဒီမိုကရေစီ အစို့အညှောက် ပြန်ပေါက်လာသည့် အချိန်မျိုးတွင် နိုင်ငံကို ဦးဆောင်မှုပေးမည့် နိုင်ငံရေးခေါင်းဆောင်များ အနေနှင့် သမိုင်းသင်ခန်းစာကို ဆင်ခြင်၍ ယခင်ခေါင်းဆောင်တွေ မှားခဲ့သည့်အမှားမျိုး ထပ်မမှားကြဖို့နှင့် သဘောထားကြီးကြဖို့ လိုအပ်ပါသည်။ လတ်တလော နိုင်ငံရေးအခင်းအကျင်း၊ လက်တွေ့အခြေအနေနှင့် စိန်ခေါ်မှုများကို သုံးသပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ ပြန်စရပေလိမ့်မည်။

၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအတွက် ထူးခြားသည့်ဝိသေသ သုံးခုကို ဖန်တီးပေးလိုက်သည်။ အပြောင်းအလဲကို လိုလားနေသည့် ပြည်သူလူထု၏ဆန္ဒမှန် ပေါ်ထွက်လာခြင်း၊ ထိုဆန္ဒမှန်ကို အခြေခံ၍ ပြည်သူ့အာဏာကို ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ ပြတ်သားစွာ အပ်နှင်းလိုက်ခြင်း၊ ထိုသို့ အပ်နှင်းလိုက်ခြင်းကြောင့် ဒီမိုကရေစီနည်းကျ မဲပေးခြင်းဖြင့် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရမှ အရပ်သားစစ်စစ် ဒီမိုကရေစီအစိုးရသို့ အာဏာလွှဲပြောင်းပေးရမည့် ဖြစ်စဉ် ပေါ်ပေါက်လာခြင်းတို့ ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲက ဖန်တီးပေးလိုက်သည့် အနှီဖြစ်စဉ်ကြောင့် စိန်ခေါ်မှုသုံးခုလည်း ထပ်မံပေါ်ထွက်လာသည်။ ချောမွေ့စွာ အာဏာလွှဲပြောင်းရေး၊ သမ္မတနေရာ ရွေးချယ်ရေးနှင့် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးတို့ပင် ဖြစ်သည်။ ချောမွေ့စွာ အာဏာလွှဲပြောင်းရေး ကိစ္စမှာ လက်ရှိအချိန်တွင် အစိုးရ၊ တပ်မတော်နှင့် အနိုင်ရပါတီတို့အကြား ကောင်းမွန်သည့် ဒိုင်ယာလော့များ ရှိနေပြီဖြစ်၍ စိတ်ချလက်ချ အနေအထားသို့ ရောက်လာပြီဟု ဆိုရမည်။ သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကလည်း ချောမွေ့စွာ အာဏာလွှဲပြောင်းရေးနှင့် ပတ်သက်၍ ကတိပြု ပြောကြားခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အထူးအလေးအနက် ပြောကြားထားသည်။ နားလည်မှုလွဲပြီး နိုင်ငံရေး အကျပ်အတည်းဖြစ်မည်ကို မလိုလားသဖြင့် သတင်းထုတ်ပြန်မှု ကအစ သူမကိုယ်တိုင် ကိုင်တွယ်မည်ဟု လက်တွေ့လုပ်ပြထားသည်။

အကြိတ်အနယ် ဆွေးနွေးရမည့်ကိစ္စမှာ သမ္မတရွေးချယ်ရေးကိစ္စ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်တော့လျှင်ပင် ထိုသမ္မတအထက်တွင် ဒေါ်အောင်ဆန်းစုကြည် ရှိနေမည်ဖြစ်ရာ ၅၉(စ)ကိစ္စမှာ များစွာ အရေးမပါလှတော့ပေ။ အစိုးရအထက်တွင် ရှိနေမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲအလုပ် လုပ်ရမည့် တပ်မတော်အတွက် အဓိကပုဂ္ဂိုလ်နှင့် တိုက်ရိုက် စကားပြောရမည့်အစား ဒေါ်အောင်ဆန်းစုကြည် သြဇာခံ သမ္မတနှင့် မလိုအပ်ဘဲ တစ်ဆင့်ခံ စကားပြောရမည့် အခြေအနေမျိုးလည်း ဖြစ်နေသည်။

ဤနေရာတွင် တပ်မတော်အနေနှင့် သဘောထားကြီးမည်ဆိုပါက သားရွှေအိုးထမ်းမည့် ကိစ္စတစ်ခု ရှိနေပါသည်။ ကိုးကန့်စစ်ပွဲ ပြီးတည်းကပင် တပ်မတော်အပေါ်တွင် ပြည်သူလူထု၏ အားပေးထောက်ခံမှု မြင့်တက်လာပါသည်။ ကာကွယ်ရေးဦးစီးချုပ်၏ လူကြီးလူကောင်းဆန်မှု ကြောင့်လည်း တပ်မတော်၏ပုံရိပ်မှာ ထိုးတက်လာပါသည်။ များစွာ ပြောင်းလဲလာသည့် အချက်မှာ ပြည်သူလူထုအနေနှင့် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ မရှိမဖြစ် လိုအပ်သည်ဆိုသည်ကို နားလည် သဘောပေါက်ရုံမက လက်ခံလာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်အနေနှင့် ၅၉(စ)နှင့် ပတ်သက်၍ တစ်ထစ် လျှော့ပေးမည်ဆိုလျှင် သားရွှေအိုးထမ်းမည့်ကိစ္စ ရှိနေပါသည်။

ဤနေရာတွင် ၅၉(စ)ကိုပြင်ရန် မလိုအပ်ပါ။ ၅၉(စ)ကို ဆိုင်းငံ့အဖြစ် တပ်မတော်ဘက် စဉ်းစားပေးပြီး လွှတ်တော်တွင် ဆွေးနွေး အတည်ပြုလိုက်မည်ဆိုပါက ၅၉(စ) ပယ်ဖျက်ရန်မလိုဘဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ပါသည်။ တပ်မတော် အနေနှင့်လည်း အချိန်မရွေး ၅၉(စ)ကို ပြန်လည် ကျင့်သုံးနိုင်ပါသည်။ လွှတ်တော်များ၏ တာဝန်မှာ ဥပဒေများကိုပယ်ဖျက်ရန်၊ ပြင်ဆင်ရန်သာ မဟုတ်ဘဲ အဆိုအသစ်များလည်း တင်သွင်းရမည့်တာဝန် ရှိပါသည်။ အကယ်၍ ၅၉(စ)ကို ဆိုင်းငံ့ကြောင်း လွှတ်တော်တွင်အဆိုတင်ပြီး တပ်မတော်က မီးစိမ်းပြလိုက်ပါက တပ်မတော်အပေါ်တွင် ပြည်သူလူထု၏ထောက်ခံမှုမှာ တစ်ခဲနက် မြင့်တက်သွားမည်ဖြစ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တွင်လည်း တပ်မတော်၏သမိုင်းကို လှပစွာ ရေးထိုးနိုင်မည်ဖြစ်သည်။ ပြည်သူလူထု အနေနှင့်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ရသည့်အတွက် တပ်မတော်ကို ကျေးဇူးတင်ကြမည်။ တပ်မတော်အနေနှင့်လည်း အဓိကခေါင်းဆောင် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်ညှိနှိုင်း၊ အပေးအယူပြု၍ လက်တွဲ အလုပ်လုပ်နိုင်မည်ဖြစ်သည်။

သို့သော် အဓိကအရေးကြီးသည်မှာ တပ်မတော်ဘက်က သဘောထားကြီးခဲ့မည် ဆိုပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့်လည်း တပ်မတော်ကို လေးနက်သည့်အာမခံချက် မျိုးပေးရန် လိုပေလိမ့်မည်။ လက်စားမချေရေး၊ သင်ပုန်းချေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသည့်ကိစ္စ တို့ကို စကားလုံးများထက် လက်တွေ့ပြသရန် လိုအပ်ပေလိမ့်မည်။ တပ်မတော် ယုံကြည်လောက်သည့် ကမ်းလှမ်းမှုမျိုး၊ တပ်မတော်ကို အကာအကွယ်ပေးနိုင်မည့် ကတိကဝတ်မျိုးနှင့် တပ်မတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အပေးအယူလုပ်မှုမျိုးကို ပေးနိုင်ရမည်ဖြစ်သည်။ အထူးသဖြင့် တပ်မတော်က ယုံကြည်လောက်သည့် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်ကို တည်ငြိမ်စွာ ဖွဲ့စည်းရေးဆိုသည့် တတိယစိန်ခေါ်မှု ကိုလည်း တစ်ပါတည်း ဖြေရှင်းနိုင်ရမည် ဖြစ်ပါသည်။

နိုင်ငံရေးခေါင်းဆောင်တွေ အကြား အဆင့်မြင့် ညှိနှိုင်းမှုတွေ၊ အပေးအယူတွေ အောင်မြင်သည့်တိုင် ပြည်သူလူထုကြားက အကွဲအပြဲ တွေကိုလည်း ရင်ကြားစေ့နိုင်ရန် လိုအပ်သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးတည်းက ပေါ်ပေါက်လာသည့် နိုင်ငံရေး ဖြေလျှော့မှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မှာ များစွာ မြင့်တက်လာသည်။ သတင်းအချက်အလက် ရယူနိုင်မှုကြောင့် ပြည်သူလူထုအနေနှင့် မိမိတို့၏ ယုံကြည်ရာကို ပြောဆိုလာနိုင်သည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာ ဖေ့ဘွတ်ပေါ်မှ ဖြစ်သည်။ သို့ရာတွင် ဤဖေ့ဘွတ်ကပင် ပြည်သူတွေကြားက အကွဲအပြဲကို ပိုမို ကြီးမားအောင် လုပ်ဆောင်လာသည်။ သို့ဖြစ်ရာ ပြည်သူများအကြားက အကွဲအပြဲ တွေကိုလည်း ထိန်းသိမ်းရန် အထူးလိုအပ်လာသည်။

ဆိုရှယ်မီဒီယာ အသုံးပြုခြင်းတွင် စိန်ခေါ်မှုများစွာ ရှိသည်။ ကောလာဟလများကို ဆင်ခြင်နိုင်ရန် လိုသည်။ မိမိတို့၏ရပ်တည်ချက်များ၊ စိတ်ခံစားမှုများကို ဆိုရှယ်မီဒီယာပေါ် တက်၍ရေးခြင်းမှ လမ်းပေါ်အထိ လျှံကျလာပြီး နိုင်ငံရေး မတည်ငြိမ်မှုများ ပေါ်ပေါက်လာခြင်းမျိုး မဖြစ်ရန်လိုအပ်သည်။ အထူးသဖြင့် မိမိတို့၏ ရပ်တည်ချက်နှင့် ယုံကြည်ချက်ကို အပြင်းအထန် ကိုင်စွဲရာမှ စသည်။ တစ်ခါတစ်ရံ မိမိကို အားပေးထောက်ခံသူ ပရိသတ်အကြိုက် ဖြစ်ရန်အတွက် လက်တွေ့ကျသည့် ကိစ္စကို သိသည့်တိုင် မိမိယုံကြည်ချက်နှင့် ရပ်တည်ချက်ကို အပြင်းအထန် ကာကွယ်ရခြင်းမျိုး ဖြစ်လာသည်။ ဤတွင် ပြည်သူတွေအကြား ဟိုဘက်သည်ဘက် ကွဲရာမှ လမ်းပေါ်ထွက်လာပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်လာနိုင်သည်။ အီဂျစ်အပါအဝင် အာရပ်နွေဦး တော်လှန်ရေးတွင် အာဏာရှင်အစိုးရများ ဖြုတ်ချရေးအထိ ဆိုရှယ်မီဒီယာမှာ အလွန်ကောင်းသည့်ကိရိယာ ဖြစ်ခဲ့သည်။ ကောင်းကျိုးလည်းပြုခဲ့သည်။ သို့နှင့်တိုင် အာဏာရှင်များ ပြိုကျအပြီးတွင် ပြည်သူတွေအကြား ဟိုဘက်ဒီဘက် ထပ်မံကွဲကြသည်။ ဆိုရှယ်မီဒီယာပေါ်တွင် မထိန်းနိုင်ကြရာမှ လမ်းပေါ် ထွက်လာကြသည်။ ရလဒ်မှာ အောင်ပွဲကို ရေရှည်မထိန်းသိမ်းနိုင်ဘဲ အာဏာရှင်စနစ်ဆီ ပြန်လည် ဦးတည်သွားခြင်း ဖြစ်သည်။

ကိုယ့်ဘက်သူ့ဘက် ကွဲခြင်းမှာ လူသားများ၏ ပင်ကိုဗီဇစိတ် ဖြစ်သော်လည်း ဆိုရှယ်မီဒီယာက မီးလောင်ရာလေပင့်၍ အကွဲအပြဲများကို ထင်ရှားလာစေတတ်ရာ တစစီ ကွဲပြဲနေသည့် မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ဆိုရှယ်မီဒီယာကို အဆိပ်အတောက်သဖွယ် အသုံးမပြုမိအောင် သတိထားကြဖို့ လိုပါသည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှ ကောလာဟလများကို သတင်းမှန်ဖြစ်အောင် ဆွေးနွေးနိုင်ကြဖို့ လိုသည်။ ရည်ရွယ်ချက်ရှိရှိဖြင့် တည်ထောင်ထားသည့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်နေသည့် ဆိုရှယ်မီဒီယာများကို လျစ်လျူရှုရန် လိုအပ်သည်။ ဖူးပွင့်စဒီမိုကရေစီ အညွန့်မကျိုးရန် ဆိုသည့် အခြေခံမူကို ပြည်သူတွေကြားမှာ ကိုင်စွဲထားရန် လိုအပ်ပါသည်။ ပြည်သူတွေအကြားမှာ ရှိနေသည့် နိုင်ငံရေးရပ်တည်ချက်များ ကိုလည်း မှန်မှန်ကန်ကန်ဖြစ်အောင် လက်တွေ့ကျကျ စုစည်းဆွေးနွေးသည့် ယဉ်ကျေးမှုကို တည်ထောင်ရန် လိုအပ်သည်။ အထူးသဖြင့် ပြည်သူအချင်းချင်း လေးစားသမှုဖြင့် အချက်အလက် အခြေခံဆွေးနွေးသည့် ဒိုင်ယာလော့တွေ ပေါ်ပေါက်လာစေရန် ဝိုင်းဝန်း ထိန်းညှိကြဖို့ လိုသည်။

ပုံပြင်လေးတစ်ပုဒ်ဖြင့် အဆုံးသတ်လိုပါသည်။ ကိုရင်နှစ်ပါး အငြင်းကောင်းမှုဖြင့် တောင်ကျောင်းဆရာတော်နှင့် မြောက်ကျောင်းဆရာတော် အပြေးပြိုင်လိုက်ရသည့် ပုံပြင်ကို မြန်မာလူမျိုးတွေ ကောင်းကောင်း သိကြပါသည်။ ပြည်သူတွေကြားက အကွဲအပြဲတွေ၊ အငြင်းအခုံတွေက နိုင်ငံရေးခေါင်းဆောင်များကို အကျပ်မရိုက်စေရန် လိုအပ်ပါသည်။ နောက်လိုက်တွေ၏ အကွဲအပြဲကြောင့် ခေါင်းဆောင်တွေအနေနှင့် ရပ်တည်ချက်တွေကို ခေါင်းမာစွာ ဆက်လက်ခုခံနေရမည့် အခြေအနေမျိုး ရောက်လာလျှင် လက်ရှိပေါ်ပေါက်နေသည့် အဆင့်မြင့်နိုင်ငံရေး ဆွေးနွေးမှုတွေမှာ အကျပ်ရိုက်ကုန်မည်။ ထိုအခါ အကွဲအပြဲတွေ ပေါ်ပေါက်လာပေမည်။ ထိုအကွဲအပြဲများသည် မိမိတို့နိုင်ငံနှင့် မိမိတို့ လူ့အဖွဲ့အစည်းကို မည်မျှဒုက္ခပေးနိုင်သည်ကို အထက်တွင် ဖော်ပြခဲ့ပြီးလေပြီ။ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းသည့် ခရီးရှည်ကြီးကို သွေးထွက်သံယိုမှုမရှိဘဲ ငါးနှစ်တိတိ ဖြတ်သန်းခဲ့ကြပြီ ဖြစ်ပါသည်။ ဤအခြေအနေကို လက်လွတ်ခံကြဖို့ မသင့်တော့ပါ။

မောင်နေဝင်း (4G)

]]>
chili2028@gmail.com (The Voice) PERSPECTIVE Tue, 26 Jan 2016 13:51:11 +0000
အခြေခံပညာရေးမှာ မူကိုပြောင်းသင့်သလား၊ လူကိုပြောင်းသင့်သလား http://www.thevoicemyanmar.com/index.php/perspective/item/9690-pre http://www.thevoicemyanmar.com/index.php/perspective/item/9690-pre အခြေခံပညာရေးမှာ မူကိုပြောင်းသင့်သလား၊ လူကိုပြောင်းသင့်သလား

မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်းကို ပညာရှင်အများစု လက်ခံထားကြပါသည်။ ပညာရေး ဆိုသည်မှာ နယ်ပယ်ကျယ်ပြန့်လှသဖြင့် ပညာရေး ပြုပြင်ပြောင်းလဲရာတွင် လတ်တလောအားဖြင့် သော်လည်းကောင်း၊ ဆေးမြီးတိုများ အသုံးပြုခြင်းအားဖြင့် သော်လည်းကောင်း၊ နိုင်ငံတကာ ပညာရေးစနစ်ကို ပုံတူကူးယူခြင်းအားဖြင့် သော်လည်းကောင်း ဆောင်ရွက်မည် ဆိုပါလျှင် ပြည့်စုံမှု မရှိနိုင်ပါ။ သို့ရာတွင် လတ်တလော ဆောင်ရွက်ရမည့် ပညာရေးလုပ်ငန်းနှင့် အချိန်ယူဆောင်ရွက်ရမည့် ပညာရေးစနစ်ကိုမူ ခွဲခြားနားလည် သိရှိ လိုက်နာကြရပါမည်။ ပညာရေးလုပ်ငန်းစဉ်များ အနက် မူဝါဒများ၊ ဖွဲ့စည်းပုံများ၊ ပညာရေးမျှော်မှန်းချက်များ ပြည့်ဝစေရေး၊ သင်ရိုးညွှန်းတမ်းများ ပေါက်မြောက် အောင်မြင်စေရေး၊ စာမေးပွဲစစ်ဆေးရေး စသည်တို့ ပါဝင်သည့် ပညာရေးစနစ်ကို အချိန်ယူ သုတေသနပြု လေ့လာစမ်းသပ် ဆောင်ရွက်ရပါမည်။ ပညာရေးစနစ်အရ ရည်ရွယ် မျှော်မှန်းချက်များ ပေါက်မြောက်အောင်မြင်စေရန် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပညာရေးလုပ်ငန်းများကို သုတေသနပြု လေ့လာစမ်းသပ် တွေ့ရှိချက်များ အရ လတ်တလော ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ပညာရေးမူဝါဒကို လူအများက အကောင်အထည် ဖော်ပါသည်။

ပညာရေးစနစ် ပြောင်းလဲရန် စဉ်းစားသည့်အခါတိုင်း ပညာရေး ဖွဲ့စည်းပုံကိုလည်းကောင်း၊ သင်ရိုးညွှန်းတမ်း ကိုလည်းကောင်း၊ စာမေးပွဲ စစ်ဆေးမှုကို လည်းကောင်း ပြုပြင်ရန် ကြံရွယ်တတ်ကြပါသည်။ လက်တွေ့ ဆောင်ရွက်နေသည့် လုပ်နည်းလုပ်ဟန် တို့ကို ပြန်လည်ဆင်ခြင်သုံးသပ်မှု အားနည်းကြပါသည်။ ဥပမာအားဖြင့် မြန်မာ့ပညာရေး အဆင့်အတန်း နိမ့်ကျနေသဖြင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဟုဆိုကာ သင်ရိုးညွှန်းတမ်းများ၊ ပညာရေးစနစ် ဖွဲ့စည်းပုံများကို ပြုပြင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ သင်ရိုးညွှန်းတမ်း ဆိုသည်မှာ ပညာသင်ကြားရေး လုပ်ငန်းစဉ်အတွင်း လက်သုံးကိရိယာမျှသာ ဖြစ်သည့်အတွက် ဆောင်ရွက်ဆဲ သင်ရိုးညွှန်းတမ်းနှင့် ဆောင်ရွက်ရန် လျာထားသည့် သင်ရိုးညွှန်းတမ်းများ၊ လက်တွေ့ ဆောင်ရွက်နေသူများကို လေ့လာဆန်းစစ် အကဲဖြတ်ရမည် ဖြစ်ပါသည်။

ဖွံ့ဖြိုးတိုးတက်လာသော အခြေအနေအရ ခေတ်မီရေး၊ တိုးတက်ရေး၊ သဘာဝနှင့် လိုက်လျောညီထွေ ဖြစ်စေရေး၊ ပွင့်လင်းလွတ်လပ်သော ပညာသင်ကြားမှုအတွက် အထောက်အပံ့ဖြစ်စေရေး တို့ကို တွက်ဆလျက် သင်ရိုးညွှန်းတမ်းကို ပြုစုကြပါသည်။ ထို့အတူ ပညာရေးဖြစ်စဉ်နှင့် လုပ်ငန်းအစီအစဉ်များ တိုးတက်လာရန်၊ ပြဿနာ နယ်ပယ်များကို ဖော်ထုတ်နိုင်ရန်၊ ချဉ်းကပ်နည်း အသစ်များကို ပေါ်ပေါက်လာစေရန်၊ အုပ်ချုပ်သူများ၊ ဆရာ၊ ဆရာမများ၏ စီမံမှုစွမ်းရည် တိုးတက်လာရန်နှင့် လိုအပ်သော ပြောင်းလဲခြင်းများအတွက် အကျိုးသက်ရောက်မှု ရှိလာရန် သင်ရိုးညွှန်းတမ်းများကို အကဲဖြတ်ကြရပါသည်။

သင်ရိုးညွှန်းတမ်း အကဲဖြတ်ရာတွင် အဓိကအားဖြင့် (၁) မည်မျှဆီလျော်မှု ရှိပါသနည်း၊ (၂) မည်မျှ ထိရောက်မှု ရှိပါသနည်း၊ (၃) မည်မျှ ကျယ်ပြန့်မှု ရှိပါသနည်း၊ (၄) မည်မျှ ပြည့်စုံမှု ရှိပါသနည်း၊ (၅) အခက်အခဲ မည်မျှ ရှိနိုင်ပါသနည်း၊ (၆) မည်မျှ အလျှော့အတင်း ပြုနိုင်ပါသနည်း၊ (၇) မည်မျှ အံဝင်ခွင်ကျ ဖြစ်ပါသနည်း၊ (၈) မည်မျှအထိ အဆင်သင့် ဖြစ်နိုင်ပါသနည်း၊ (၉) မည်မျှအထိ စမ်းသပ်မှု ပြုနိုင်ပါနည်း၊ (၁၀) မည်မျှ ကုန်ကျမှု ရှိနိုင်ပါသနည်း စသည့်စံနှုန်းများဖြင့် ဆန်းစစ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြို့နယ်ပညာရေးမှူးများ အလုပ်ခွင်သင်တန်း ပို့ချချက် (ပညာသင်ကြားရေး) ၂၀၀၁ ခုနှစ် မတ်လက ထုတ်ဝေသောစာအုပ်တွင် ဖော်ပြထားပါသည်။

မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု အတွက် စီစဉ်ဆောင်ရွက်ရာတွင် ပညာရေး ဝန်ကြီးဌာန၏ အဆိုပါ လမ်းညွှန်ချက်များ နှင့်အညီ ခိုင်လုံသော အကဲဖြတ်ချက် မှတ်တမ်းများ၊ သုတေသနပြု လေ့လာဆန်းစစ်မှုများဖြင့် သင်ရိုးဟောင်း၊ သင်ရိုးသစ်အတွက် သုံးသပ်ချက်များ လိုအပ်မည် ဖြစ်ပါသည်။ လက်ရှိ သင်ရိုးညွှန်းတမ်းအပေါ် အကောင်အထည်ဖော်မှုကို စနစ်တကျ လေ့လာဆန်းစစ်လျက် အားနည်းချက်များ၊ အားသာချက်များကို ဖော်ထုတ်ခဲ့ပါသလား။ အလားတူ သင်ရိုးသစ် ရေးဆွဲပြုစုရာတွင် မည်သို့သော ပညာရှင်များနှင့် စီစဉ်ဆောင်ရွက်ခဲ့ပါသလဲ ဆိုခြင်းကို အဂတိ တရားကင်းရှင်းစွာ ဆင်ခြင် သုံးသပ်နိုင်ရပါမည်။ သင်ရိုးညွှန်းတမ်းသည် လက်သုံးကိရိယာမျှသာ ဖြစ်သည့်အတွက် လက်တွေ့ အသုံးပြုနေသော လူများကို မည်ကဲ့သို့ လေ့လာ ဆန်းစစ်ထားပါသနည်း။ သင်ရိုးညွှန်းတမ်းများ မည်မျှပင် ကောင်းမွန်သည်ဟု ဆိုစေကာမူ အဆိုပါသင်ရိုးညွှန်းတမ်းကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် ဆရာ၏ အရည်အသွေး၊ ဆရာ၊ ကျောင်းသားအချို့၊ စာသင်ခန်းပရိဘောဂ သင်ကြားရေးပစ္စည်း၊ ငွေကြေး၊ စီမံခန့်ခွဲ ကြီးကြပ်သူ၏ အရည်အသွေး၊ စာမေးပွဲစနစ်၊ မိဘပြည်သူများ၏ အားပေးမှု၊ လုပ်ငန်းခွင် ဆရာအတတ်ပညာရေး ဖြည့်ဆည်းပေးမှု၊ သင်ပြမှုနည်းပညာ စသည်တို့ကို ထည့်သွင်း စဉ်းစားကြရမည်ဖြစ်ပေရာ မည်မျှအထိ လေ့လာ ဆန်းစစ်ခဲ့ကြောင်း ဆင်ခြင်သုံးသပ်ကြရ ပါမည်။

မြန်မာ့ပညာရေး သမိုင်းတစ်လျှောက် ပြုပြင်ပြောင်းလဲမှု ပြုသည့် အခါတိုင်း ရှေးဦးစွာ စမ်းသပ်ဆောင်ရွက်မှု ပြုခဲ့ကြကြောင်း မှတ်တမ်းများ အရ သိနိုင်ပါသည်။ ၁၉၅၂ ခုနှစ် ပြည်တော်သာညီလာခံတွင် တင်သွင်းသည့် ဘဝသစ်ဖန်တီးမှု ပညာရေးစီမံကိန်းတွင် မသင်မနေရ ပညာရေးစနစ်နှင့် ပတ်သက်ပြီး ရှေ့ပြေးစမ်းသပ်မှု ပြုလုပ်ခဲ့ပါသည်။ ပညာရေး ဝန်ကြီးဌာနသည် လူတိုင်းအတွက် ပညာရေးစီမံချက်အရ ကျောင်းနေအရွယ် ကလေးများ ကျောင်းနေနိုင်ရေးအတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး စီမံချက်ဝင်မြို့နယ်များ အဖြစ် ၂၀၀၂-၂၀၀၃ ပညာသင်နှစ်တွင် ၅၅ မြို့နယ်၊ ၂၀၀၃-၂၀၀၄ ပညာသင်နှစ်တွင် ၈၉ မြို့နယ်၊ ၂၀၀၄-၂၀၀၅ ပညာ သင်နှစ်တွင် ၈၉ မြို့နယ်၊ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်တွင် ၈၆ မြို့နယ်စီ သတ်မှတ်လျက် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည့် တိုင်းရင်းသားများ မြန်မာဘာသာစကား ကြွယ်ဝဖွံ့ဖြိုးရေး အစီအစဉ်တွင် ရှေးဦးစွာ ၃ မြို့နယ်ကို စမ်းသပ်ခဲ့ကြောင်း လေ့လာ သိရှိနိုင်ပါသည်။

လက်ရှိပြုပြင်ပြောင်းလဲရန် ကြံရွယ်လျက်ရှိသော သင်ရိုးညွှန်းတမ်းနှင့် ပညာရေးစနစ် ဖွဲ့စည်းပုံကို စမ်းသပ်မှု ပြုပြီးပါသလား။ ကြိုတင်စမ်းသပ်မှု မရှိဘဲ မြန်မာတစ်ပြည်လုံး တစ်ပြိုင်နက် ဆောင်ရွက်မည် ဆိုပါလျှင် နိုင်ငံတော် ဘဏ္ဍာငွေကို ဖြုန်းတီးရာ ရောက်မည့်အပြင် ကလေးများမှာလည်း အစမ်းသပ်ခံနွံထဲမှ ရုန်းထွက်နိုင်မည်မဟုတ် ဆိုခြင်းကို သတိပြုစေလို ပါသည်။

အခြေခံပညာရေး လုပ်ငန်းများကို အခြေခံပညာဦးစီးဌာနက တာဝန်ယူ စီမံခန့်ခွဲရပါသည်။ အခြေခံပညာ ဦးစီးဌာနတွင် တာဝန်ယူစီမံခန့်ခွဲနေသူ တို့သည် အခြေခံပညာရေး လုပ်ငန်းများ အားလုံးကို ကောင်းစွာနှံ့စပ် ကျွမ်းကျင်သူများ ဖြစ်စေရပါမည်။ အခြေခံပညာရေးကို စီမံခန့်ခွဲလျက်ရှိသည့် ပညာမင်းကြီးရုံးကို အခြေခံပညာ ဦးစီးဌာနအဖြစ် ၁၉၇၂ ခုနှစ်တွင် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ထိုစဉ်က အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် များမှာ ပညာရေးအတွေ့အကြုံ ပြည့်ဝပြီး အောက်သက်ကျေခဲ့သော ပညာရေးပညာရှင်များ ဖြစ်ကြပါသည်။

၁၉၉၄ ခုနှစ်တွင် အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တပ်မတော်မှ အရာရှိတစ်ဦးက တာဝန်ယူခဲ့ပါသည်။ ၁၉၉၈ ခုနှစ်တွင် များပြားလာသော အခြေခံပညာရေး လုပ်ငန်း လိုအပ်ချက်များအရ ဟုဆိုပြီး အမှတ် (၁) (၂) (၃) အခြေခံပညာ ဦးစီးဌာနများ၊ ပညာရေးစီမံကိန်း လေ့ကျင့်ရေးဦးစီးဌာန ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ထိုစဉ်က ညွှန်ကြားရေးမှူးချုပ်များမှာ အသွင်ပြောင်းလာသော တပ်မတော်မှ အရာရှိများသာလျှင် ဖြစ်ပါသည်။ အဆိုပါ ကာလများအတွင်း အခြေခံပညာရေး လုပ်ငန်းများကို ခေါင်းစဉ်အမျိုးမျိုး၊ နည်းလမ်း အသွယ်သွယ်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် ဆရာ၊ ဆရာမများ တာဝန်ပိခဲ့ကြရသည်။ မိဘများ ဇဝေဇဝါ ဖြစ်ခဲ့ကြရသည်။ ကျောင်းသူ ကျောင်းသားများ ပညာရေးအရည်အသွေး နိမ့်ကျခဲ့သည့် ပကတိ အခြေအနေအမှန်များကို ကိုယ်တွေ့ ကြုံခဲ့ကြရပြီး ဖြစ်ပါလိမ့်မည်။

အုပ်ချုပ်မှုပုံသဏ္ဌာန် ပြောင်းလဲမှုဟုဆိုပြန်ကာ ၂၀၁၅ ခုနှစ် ဧပြီလမှ စတင်ပြီး အမှတ် (၁) (၂) (၃) အခြေခံပညာ ဦးစီးဌာနများကို စုပေါင်းပြီး တစ်ခုတည်းသော အခြေခံပညာဦးစီးဌာန အဖြစ် ဖွဲ့စည်းလျက် နေပြည်တော်တွင် ဆောင်ရွက်နေကြပြန်ပါသည်။ အခြေခံပညာ ဦးစီးဌာနတွင် တာဝန်ယူ ဆောင်ရွက်ကြမည့်သူများသည် အခြေခံပညာရေး လုပ်ငန်းများကို ကောင်းစွာ ကျွမ်းကျင်ကြရမည့်သူများ ဖြစ်သည့်အပြင် အဆင့်ဆင့်သော ပညာရေးစီမံခန့်ခွဲမှု လုပ်ငန်းများကိုလည်း ကောင်းစွာကျွမ်းကျင် နှံ့စပ်သူများ ဖြစ်ကြရမည် ဆိုခြင်းကို အခြေခံပညာရေး လုပ်ငန်းများအား စိတ်ဝင်စားသူတိုင်း သိရှိလက်ခံကြမည် ဖြစ်ပါသည်။ သို့ရာတွင် အခြေခံပညာရေးကို တာဝန်ယူ စီမံခန့်ခွဲလျက်ရှိသော ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များမှာ ၂၀၁၃ ခုနှစ်ကမှစတင်ပြီး အခြေခံပညာ ဦးစီးဌာနသို့ ရောက်ရှိလာသော အသွင်ပြောင်း တပ်မတော်အရာရှိများ ဖြစ်နေကြပါသည်။ အလားတူပင် ဦးစီးဌာနအရာရှိ အချို့မှာလည်း အသွင်ပြောင်း တပ်မတော်အရာရှိများ ဖြစ်ပါသည်။ တစ်ဖန် ဦးစီးဌာနအတွင်း ရာထူးတိုး ခန့်ထားရာတွင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအရည်အသွေးထက် နေပြည်တော် ဦးစီးဌာနသို့ လိုက်ပါ ဆောင်ရွက်လိုသည့်သူများကို အဓိကထား ရွေးချယ်ခန့်အပ်ခြင်း ပြုသည်ဟူသော အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူများ၏ ပြောကြား လုပ်ဆောင်နေမှုများသည် အခြေခံပညာရေး လုပ်ငန်းများကို အကျိုးမပြုနိုင်သည့်အပြင် နိုင်ငံဝန်ထမ်း နည်းဥပဒေ ရာထူးတိုးမြှင့်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့် ကွဲလွဲမှုများလည်း ဖြစ်နေပါသည်။ လုပ်နည်းလုပ်ဟန် မှန်ကန်မှု မရှိခြင်းသည် အခြေခံပညာရေး လုပ်ငန်းများကို ဖျက်ဆီးနေဘိသကဲ့သို့ ဖြစ်ပါသည်။

မည်သူမျှ လုပ်ငန်းကျွမ်းကျင် နှံ့စပ်မည်ဟု မပြောနိုင်ပါ စသည်ဖြင့် စောဒက တက်ကောင်း တက်ကြပါလိမ့်မည်။ ကျွမ်းကျင်နှံ့စပ်မှု မရှိနိုင်သော်လည်း လုပ်ငန်း အတွေ့အကြုံမှာ အထူး အရေးကြီးပါသည်။ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်၊ မြို့နယ်ပညာရေးမှူး မလုပ်ဖူးပါဘဲနှင့် တိုင်းပညာရေးမှူးအဖြစ် တာဝန်ယူလျက် အခြေခံပညာရေး လုပ်ငန်းများကို စီမံခန့်ခွဲနေခြင်း၊ ကျောင်းအုပ်ချုပ်မှု သင်တန်းတွင် တာဝန်ယူ လေ့ကျင့်ပေးနေခြင်း မှာလည်း အခြေခံပညာရေး လုပ်ငန်းများကို လတ်တလော ပြောင်းလဲရာတွင် ထည့်သွင်း စဉ်းစားရမည့်အချက် ဖြစ်ပါသည်။ မူလတန်း ကျောင်းတစ်ကျောင်းလျှင် ဆရာငါးဦး ရှိရမည်ဟူသော သတ်မှတ်ချက်အရ ခန့်ထားခဲ့ရာ ကျောင်းသား ၁၄ ဦးသာရှိသော မူလတန်းကျောင်း တစ်ကျောင်းတွင် ဆရာ ၇ ဦးရှိနေသည့် ပကတိ အခြေအနေမှန်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ပြောကြားချက်အရ သိရှိရ ပါသည်။ အဆိုပါဖြစ်ရပ်မှာ အဆင့်ဆင့်သော တာဝန်ရှိသူများ၏ လုပ်ငန်း အတွေ့အကြုံ နည်းပါးမှုနှင့် အောက်သက် မကျေမှုများ၏ ရလဒ်အကျိုး ဆက်သာ ဖြစ်ပါသည်။ ပညာရေးစနစ်၏ အားနည်းချက်၊ သင်ရိုးညွှန်းတမ်း၏ အားနည်းချက်များ မဟုတ်ပါ။ ထို့ကြောင့် ပညာရေးပြုပြင်ပြောင်းလဲရာတွင် လတ်တလောအားဖြင့် စီစဉ် ဆောင်ရွက်နိုင်မည့် ပညာရေးလုပ်ငန်းမှာ လုပ်ငန်းကျွမ်းကျင်မှု ပြည့်ဝသော အောက်သက်ကျေသည့် ပညာရေး ပညာရှင်များ အနေနှင့် အခြေခံပညာရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နိုင်ခွင့် ရရှိစေရေးဖြစ်ပါသည်။

ပညာရေးလုပ်ငန်းများသည် ပညာရေးဝန်ကြီးဌာန၏ တစ်ဦးတည်း မူပိုင်မဟုတ်ပါ။ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ အပါအဝင် ပြည်သူအားလုံးနှင့် သက်ဆိုင်နေသဖြင့် ပြည်သူများ၏ဆန္ဒ မပါဘဲ ပညာရေးကို ပြုပြင်ပြောင်းလဲခြင်း မဖြစ်နိုင်ပါဟု ပညာရေးဝန်ကြီးတစ်ဦးက မိန့်ဆိုခဲ့ဖူးပါသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ် ဇွန်လ ၂၅ ရက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၈ အရ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၅၈၊ ပုဒ်မခွဲ (ခ) တွင် ‘မဟာဗျူဟာများ၊ မူဝါဒများနှင့် ယင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်မှု စီမံချက်၊ ပညာရေးဖွံ့ဖြိုးမှုစီမံကိန်းများ၊ ပညာရေးနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် အခြားလုပ်ထုံးလုပ်နည်းများကို ရေးဆွဲရာတွင် မိဘပြည်သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးဆိုင်ရာ လူထု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များနှင့် ကျောင်းသားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို ရယူပြီး ပြည်သူလူထုက ကျယ်ပြန့်စွာ သိရှိစေရန် ဆက်လက်ဆောင်ရွက်ခြင်း’ ဆိုသည်ကို ထည့်သွင်းသတ်မှတ် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ပညာရေးပြုပြင် ပြောင်းလဲရာတွင် ပြဋ္ဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေလမ်းညွှန်ချက်များနှင့် ကိုက်ညီဆီလျော်မှု ရှိစေရပါမည်။ ခေတ်အဆက်ဆက် မြန်မာ့ပညာရေး ပညာရှင်ကြီးများ၏ လုပ်နည်းလုပ်ဟန်များ အနက် ခေတ်နှင့်ဆီလျော်မှု အခြေအနေအရ လက်ဆင့်ကမ်း ဆက်ခံနိုင်ရပါမည်။ လုပ်နည်းလုပ်ဟန် လွဲမှားနေမည် ဆိုပါက အခြေခံပညာရေးကို ဖျက်ဆီးနေခြင်းသာ ဖြစ်ပါကြောင်း သတိပြုကြရမည် ဖြစ်ပါသည်။

မောင်ကျော်ကျော် (ကွင်းကောက်)

]]>
chili2028@gmail.com (The Voice) PERSPECTIVE Tue, 26 Jan 2016 13:14:59 +0000
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ http://www.thevoicemyanmar.com/index.php/perspective/item/9689-lie http://www.thevoicemyanmar.com/index.php/perspective/item/9689-lie လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

မြန်မာလူမျိုးတို့ဟာ ကမ္ဘာပေါ်မှာ အလိမ်ညာဆုံးလူမျိုး ဟုတ် မဟုတ် မသေချာပေမယ့် လိမ်လို့ညာလို့ အကောင်းဆုံးလူမျိုး လို့တော့ ပြောလို့ရပါတယ်။ သူများ ပြောသမျှ ယုံတယ်။ ကိုယ်ကိုယ်တိုင် ယုံလို့ အားမရသေးဘဲ သတင်းကို ထပ်ဆင့်ဖြန့်ဝေပြီး ကိုယ်နဲ့ပတ်သက်တဲ့ မိတ်ဆွေ အပေါင်းအသင်းအပါအဝင် အများသူငါကိုလည်း ယုံအောင် တိုက်တွန်းပြီး ထပ်ဆွယ်ကြသေးတယ်။

မကြာမီရက်ပိုင်းအတွင်းကပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အငြိမ်းစားဝန်ထမ်း တွေကို မြေကွက်တွေပေးမယ်။ လျှောက်ရမယ့် နည်းလမ်းကတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆီကို တိုက်ရိုက်လိပ်မူပြီး စာတိုက်ကနေ လျှောက်ထားရမယ်ဆိုပြီး သတင်းတွေ ထွက်လာတဲ့အတွက် အငြိမ်းစားဝန်ထမ်းများစွာ လျှောက်လွှာတွေ ဝယ်ကြပြီး ရန်ကုန်စာတိုက်ကြီးက နေတစ်ဆင့် လျှောက်ထားကြတယ် ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

ဒီသတင်းကို လာပြောကြကတည်းက ကျွန်တော်က နီးစပ်သူတွေကို ပြောပါတယ်။ ဒီသတင်းက လုံးဝ မဟုတ်ပါဘူးလို့။ အဲဒီတော့ တချို့က မယုံကြပါဘူး။ ဒီတော့ထပ်ပြောပါတယ်။ ဒီသတင်းက သဘာဝလည်း မကျဘူး၊ ဖြစ်လည်းမဖြစ်နိုင်ပါဘူး ဆိုပြီး ထပ်ပြောရပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရဆီမှာ ပေးစရာ ဘာမြေကွက်မှ မရှိပါဘူး။ တကယ်လို့ ရှိတယ်ဆိုစေဦးတော့ နေစရာထိုင်စရာ မရှိလို့ မြန်မာနိုင်ငံ အနှံ့အပြား အုန်းအုန်းထနေတဲ့ ကျူးကျော်သူတွေရဲ့ ပြဿနာကိုတောင် မဖြေရှင်းနိုင်ဘဲနဲ့ သိန်းနဲ့ချီတဲ့ အငြိမ်းစားဝန်ထမ်းတွေကို ဘယ်လိုနည်းနဲ့မှ ပေးစရာအကြောင်း မရှိပါဘူး။ လက်ရှိလုပ်နေတဲ့ ဝန်ထမ်းတွေထဲက လုပ်သက်များတဲ့ ဝန်ထမ်းတွေတောင် မပေးနိုင်ဘဲနဲ့ အငြိမ်းစားဝန်ထမ်း တွေကို မြေကွက်ပေးမယ် ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

နောက်တစ်ချက်က ဘယ်ပစ္စည်းပဲဖြစ်ဖြစ် ကိုယ်ကလိုချင်လို့ လျှောက်ထားတယ်ဆိုရင် (တိုးတိုးတိတ်တိတ် မဟုတ်ဘဲ အများကို ပဲပေးချင်ဦးတော့) စာတိုက်ကနေ ဘယ်သူမှ မလျှောက်ခိုင်းပါဘူး။ ဒီလိုမျိုး စာတိုက်ကနေ ပေးပို့လိုက်တဲ့လျှောက်လွှာ ဆိုတာ ဝန်ကြီးချုပ်မပြောနဲ့ သူ့ရဲ့လက်အောက်က အရာရှိရဲ့ လက်ထဲကိုတောင် မရောက်ပါဘူး။ (အရင် တယ်လီဖုန်းတွေ မဲစနစ်နဲ့ပေးခဲ့တာက ပုံစံတစ်မျိုးပါ) မြေကွက်ပေးတယ် ဆိုတာ မြေကွက်ကို အရင်ဖော်ထုတ်ပြီးမှ ရှိတဲ့အရေအတွက်နဲ့ ပေးနိုင်တဲ့ အရေအတွက်ကို သတ်မှတ်ပြီး ကန့်သတ်ချက်တွေနဲ့ မူတွေ ချမှတ်ပြီးမှ ပေးရတာပါ။ အခုခေတ်ဆို ပိုလို့တောင် ခက်ဦးမယ်။

ဘာပဲလုပ်လုပ် ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြပြီးလုပ်မှ ပြည်သူက လက်ခံမှာပါ။ ဒါကြောင့်မို့လည်း တိုးတိုးတိတ်တိတ် ကျိတ်ပြီးလုပ်ခဲ့တဲ့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက မြို့သစ်စီမံကိန်းကြီးက တစ်ပိုင်းတန်းလန်း ဖြစ်သွားတာပါ။ ဒါတောင်မှ တင်ဒါချပေးပြီးသွားပြီ ဆိုပြီးတော့ ကောလာဟလက ဖြစ်လာသေးတယ်။ ဒီကိစ္စမတိုင်မီကလည်း တချို့လူတွေဆီကို တယ်လီဖုန်းဆက်ပြီးတော့ ကံစမ်းမဲပေါက်တဲ့ အတွက် ဘဏ်ကနေ ငွေလွှဲပို့ပေးပါဆိုလို့ အလိမ်ခံရပြီး ပို့လိုက်တဲ့သူ တွေအကြောင်း လည်း စာစောင်တွေမှာ ဖတ်လိုက်ရပါသေးတယ်။

ဒီအကြောင်းတွေ ပြောရင်းနဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်နီးပါးက ဒီလိုပဲ မသိနားမလည်တဲ့ (ဝန်ထမ်းတွေအပါအဝင်) ပြည်သူတချို့ အလိမ်အညာခံခဲ့ရတာကို သွားပြီး သတိရမိပါသေးတယ်။ အင်းစိန်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်ကို ဆက်သွယ်ဖို့အတွက် လှိုင်မြစ်ကိုဖြတ်သန်း ဖောက်လုပ်မယ့် အောင်ဇေယျတံတား တည်ဆောက်တုန်းက အင်းစိန်ကမ်းနားမှာ နေထိုင်ကြတဲ့ ကျူးကျော်သူတွေကို မြေတစ်ယူနစ် (ကွမ်းယာဆိုင်လောက် ရှိသည်ဖြစ်စေ) အတွက် ငွေကျပ်ငါးသိန်းနဲ့ လှိုင်သာယာဘက် ခြမ်းမှာ မြေတစ်ကွက်စီ ပေးပါတယ်။ ဒီသတင်းဟာ ချက်ချင်းပြန့်သွားပြီး လှိုင်၊ ကမာရွတ် စတဲ့မြို့နယ်တွေမှာ မီးလောင်တုန်းက မြေကွက်ရထားသူ တွေက သူတို့ရထားတဲ့ မြေကွက်တွေကို ပြန်ရောင်းစားပြီးတော့ အင်းစိန်ကမ်းနားမှာ တဲအိမ်ကလေးတွေ လာဆောက်ကြပါတယ်။ အဲဒီတော့ သက်ငယ်မိုး အသစ်တွေနဲ့ ဝါးကပ်အသစ်တွေကာပြီး ဆောက်ထားတဲ့ အိမ်တွေကို မပေးပါဘူး။ ဒီတော့တစ်ခါ သက်ငယ်အဟောင်းတွေနဲ့ ဝါးကပ်အဟောင်းတွေက ဈေးကောင်းကြပါတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ လိမ်လည်ပြီး ငွေနဲ့မြေကွက် ရယူဖို့ ကြိုးစားကြတာပါ။

ဒီလို လူလည်ကျတာတွေ ရှိကြတဲ့အတွက် နောက်တစ်ကြိမ် လှိုင်မြစ်ကူး ရွှေပြည်သာတံတား တည်ဆောက်တဲ့ အခါကျတော့ အိုးအိမ်ဦးစီး ဌာနနဲ့ ဆောက်လုပ်ရေးလုပ်ငန်းက ဘာမှမပေးတော့ပါဘူး။ ဒီလိုမပေးတဲ့ အကြောင်းလည်း အစည်းအဝေးတွေမှာ အိုးအိမ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင်က တရားဝင် ပြောကြားတဲ့အတွက် ကျွန်တော်တို့ကလည်း အောက်ခြေအထိ ဆက်လက် ရှင်းပြကြပါတယ်။ ဒါပေမဲ့ လူလိမ် လူညာပွဲစားတွေက အပြောကောင်းတဲ့အတွက် ပြည်သူတွေက မယုံကြပါဘူး။ ကမ်းနားမှာရှိတဲ့ တံငါရွာကလေး အနီး၊ တံတားတည်ဆောက်မယ့် မြေနေရာနားက လယ်ကွင်းတွေထဲမှာ အခန်းဆယ်ခန်းစီ ပါတဲ့ တဲတန်း လျားကြီးတွေ ဆောက်ပြီး တစ်ခန်းကို ကျပ်ငွေသုံးသောင်းနဲ့ ရောင်းကြပါတယ်။

ကျွန်တော့်အမျိုးသမီးလုပ်တဲ့ ကျောင်းက ဆရာမတွေက သူ့ကို ဆွယ်တဲ့အတွက် ကျွန်တော်က “ဘာမှ ပြန်ရမှာ မဟုတ်တဲ့အကြောင်းနဲ့ တခြားဆရာမတွေကိုပါ မဝယ်ကြဖို့ မှာလိုက်ပါတယ်”။ ဒါပေမဲ့ မယုံကြတဲ့အတွက် သူတို့တွေလည်း တစ်ယောက်တစ်ခန်းစီ ဝယ်ကြတဲ့အကြောင်း နောက်မှ ပြန်ကြားရပါတယ်။ ကုန်ကုန်ပြောရရင် ကျွန်တော့်ရုံးက ဝန်ထမ်းနှစ်ယောက်လောက် ကတောင် ကျွန်တော့်စကား မယုံကြဘဲ ပွဲစားစကားကို ယုံကြပြီး ကျွန်တော်မသိအောင် ဝယ်လိုက်ကြသေးကြောင်း နောက်မှ သိရပါတယ်။

နောက်ဆုံးတော့ နဝတအတွင်းရေးမှူး(၁)၊ တိုင်းမှူးနဲ့ မြို့တော်ဝန်တို့ ကိုယ်တိုင် လာရောက်စစ်ဆေးပြီး လယ်မြေပေါ်မှာ ကျူးကျော် ဆောက်ထားတဲ့ တဲတန်းလျားအသစ်တွေ အကုန်လုံး အဖျက်ခံလိုက် ရပါတယ်။ ပွဲစားကိုယုံပြီး ဝယ်ထားကြတဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေ တော်တော်များများ ဘာတစ်ခုမှ အစားပြန်မရဘဲ အလိမ်ခံလိုက်ရတယ်ဆိုတာ သိလိုက်ရတဲ့ အချိန်မှာတော့ ပွဲစားတွေက ငွေထုပ်ပိုက်ပြီး ထွက်ပြေးသွား ကြပါပြ်ီ။ ဒီအကြောင်းတွေကို ပြန်ပြောပြရတာကတော့ ကျွန်တော် တို့လူမျိုးတွေဟာ ကျအောင်ပြောရင်၊ ယုံအောင်ပြောရင် ဖြစ်နိုင်၊ မဖြစ်နိုင် မစဉ်းစားကြတော့ဘဲ (ကိုယ့်အတွက် အကျိုးရှိမယ်လို့ထင်ရင်) မျက်စိမှိတ်ပြီး ယုံတတ်ကြတယ်ဆိုတာ သင်ခန်းစာ ယူစေချင်လို့ပါပဲ။

အခုလည်းပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရကသာ ကြေညာချက် မထုတ်ပြန်ရင် မြေကွက်ရတယ်၊ ငွေသွင်းရမယ်ဆိုပြီး လျှောက်ထားသူတွေကို ဘဏ်ကနေတစ်ဆင့် ငွေလွှဲခိုင်းဦးမလား မသိပါ။ ဒီလို အလိမ်ခံကြရတာကလည်း အခုမှမဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် လိမ်တဲ့သူတွေက လိမ်နေကြတာ အကြိမ်ရေ များပြီဖြစ်သလို အလိမ်ခံရတဲ့သူ တွေဘက်က ကြည့်ရင်လည်း အလိမ်ခံရတဲ့အကြိမ်တွေ မနည်းတော့ပါဘူး။ မှတ်မိသလောက် ပြန်ပြောရရင် ၁၉၈၆ ခုနှစ်မှာ ကျပ် ၁၀၀ တန်ငွေစက္ကူတွေနဲ့ ၁၉၈၇ ခုနှစ်တွေမှာ ၇၅ ကျပ်တန်၊ ၂၅ ကျပ်တန် စတဲ့ငွေစက္ကူတွေ တရားဝင် ငွေအဖြစ်က ရပ်စဲခံရပြီးတဲ့နောက် ပြည်သူတွေဟာ ကျီးလန့်စာစားဖြစ်ပြီး ငွေစက္ကူတွေ တရားမဝင် ကြေညာမယ်လို့ သတင်းကြားတိုင်း (အစိုးရက မဟုတ်ပါဘူးလို့ ဘယ်လိုပြောပြော မယုံတော့ဘဲ) အပြင်ကကြားရတဲ့ ကောလာဟလသတင်းကိုပဲ ယုံကြည်လက်ခံပြီး လက်ထဲမှာရှိတဲ့ ငွေတွေနဲ့ ဆီတွေ၊ ဆန်တွေကို အပြေးအလွှား ဝယ်ကြလို့ ကုန်ဈေးနှုန်းတွေ တက်ကုန်တာ၊ တတ်နိုင်သူတွေက ရွှေတွေ၊ မြေတွေ အတင်းလိုက်ဝယ်ကြလို့ ရွှေဈေး၊ မြေဈေးတွေ တက်ကုန်တာ စတဲ့ဖြစ်စဉ်တွေဟာ မြန်မာပြည်သူ တွေအတွက် ထူးသော်လည်းမဆန်းတဲ့ သတင်းတွေ ဖြစ်နေကြပါပြီ။ မသေချာ၊ မရေရာ ကြားလိုက်ရတဲ့ သတင်းတွေကြောင့် အမြတ်ထွက်ပြီး အကျိုးစီးပွား ဖြစ်ထွန်းသူတွေကတော့ စီးပွားရေးသမားတွေ ဖြစ်ကြပြီး မယောင်မလည်၊ အူလည်လည်နဲ့ ခံလိုက်ကြရသူတွေကတော့ ပြည်သူ တွေပဲဖြစ်ပါတယ်။

တစ်ဆက်တည်း ပြောရမယ်ဆိုရင် ၂၀၀၂၊ ၂၀၀၃ ခုနှစ်ဝန်းကျင် လောက်က ငွေကြေးအကျိုးဆောင် ကုမ္ပဏီတွေရဲ့ လိမ်လည်လှည့်စားမှု တွေကို ခံခဲ့ကြရပြီး ထွက်ပေါ်လာတဲ့ ကောလာဟလတွေအရ ဘဏ်တွေမှာလည်း အလားတူ ပြည်သူတွေကို ပြန်အမ်းစရာငွေတွေ မရှိတော့ဘူး ဆိုပြီး အလုအယက် ပြေးထုတ်ကြတဲ့အတွက် တချို့ဘဏ်တွေဆိုရင် လူတစ်ယောက် တစ်ပတ်မှာတစ်ရက်၊ တစ်ခါထုတ်ရင် ငွေဘယ်လောက် ဆိုပြီး အကန့်အသတ်နဲ့ ထုတ်ပေးခဲ့တာတွေကို တချို့သောသူတွေ မှတ်မိ ကြဦးမယ် ထင်ပါတယ်။ နောက်ဆုံးနာမည်ကြီး ဘဏ်ကြီးတစ်ခုဆိုရင် တော်တော်နဲ့ နာလန်မထူနိုင်ဖြစ်ပြီး မကြာမီကမှ ပြန်လည် ရပ်တည်လာတာကို တွေ့ရှိရပါတယ်။ ဒီလိုအဖြစ်အပျက်တွေ ဖြစ်ပြီး နောက်ပိုင်းကာလ တွေမှာ ဘဏ်နဲ့ပတ်သက်လို့ တစ်စုံတစ်ခု ကောလာဟလသတင်း ကြားရတဲ့အခါတိုင်း ပြည်သူတွေဟာ မစူးစမ်း၊ မဆင်ခြင်၊ မမေးမြန်း၊ မစုံစမ်းဘဲနဲ့ ကြားရတဲ့သတင်းကို ယုံကြည်ကြပြီး ဘဏ်မှာထည့်ထားတဲ့ငွေတွေကို ပြန်ထုတ်ကြတဲ့အတွက် ဘဏ်တွေ အနေနဲ့လည်း မကြာခဏဆိုသလို ပြည်သူတွေကို ရှင်းလင်းချက်တွေ ထုတ်ပြန်ပေးရတာ၊ ယုံကြည်မှု ပြန်လည်ရရှိအောင် တည်ဆောက်ကြရတာနဲ့ မြန်မာနိုင်ငံရဲ့ဘဏ်စနစ်ဟာ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဖြစ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံသား တွေဟာ အခုလို အစိုးရနဲ့ တရားဝင်အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ သတင်းတွေအပေါ် ယုံကြည်မှုမရှိကြဘဲ အပြင်က ကြားရတဲ့ ကောလာဟလသတင်း တွေကိုပဲ ယုံကြည်ကြတဲ့အတွက် မရိုးသား တဲ့သူတွေ၊ အကြံအဖန်သမားတွေ၊ စီးပွားရေး ဝိသမလောဘသားတွေ စတဲ့ မသမာသူတွေအဖို့ အခုလိုရိုးသားပြီး မသိနားမလည်ကြတဲ့ ပြည်သူတွေကို လိမ်လည်လှည့်ဖြားခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။

တကယ်တော့ ဒီလိုဖြစ်ခဲ့ကြရတာ ဘယ်သူ့ကြောင့်လဲ ဘာကြောင့်လဲ ဆိုတာကိုလည်း ပြန်ပြီးအပြစ်ရှာ မပြောချင်တော့ပါဘူး။ အခုဖြစ်ခဲ့တဲ့ (ပင်စင်စား။ မြေကွက်) ဖြစ်စဉ်မှာလည်း ဒီလောက်တောင် အုန်းအုန်းကျွက်ကျွက် ဖြစ်နေတာကို မီဒီယာတွေက မေးတဲ့အခါကျမှ ရန်ကုန်အစိုးရက မသိပါဘူး၊ မကြားပါဘူးဆိုပြီး နောက်တစ်ရက် နှစ်ရက်အကြာမှ သတင်းထုတ်ပြန်ပေးတာဟာ ချက်ချင်းစက်နှိုးလို့ မရတဲ့ ကားအိုကြီးတစ်စီးကို တွန်းပြီးတော့ နှိုးရတဲ့ပုံစံနဲ့ အလားသဏ္ဌာန်တူပါတယ်။

ဒါကြောင့်မို့ ဒီလိုဖြစ်စဉ်မျိုးတွေ နောင်မဖြစ်ပေါ်ရအောင် မကြာမီ တာဝန်ယူကြရတော့မယ့် နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ အကြီးအကဲတွေ၊ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အစိုးရတွေမှာ တာဝန်ယူကြမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ အစိုးရနဲ့ပြည်သူအကြားမှာ ယုံကြည်မှုရရှိကြဖို့ဆိုရင် သတင်းတွေကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ထုတ်ပြန်ပေးဖို့ အထူးလိုအပ်သလို အများပြည်သူနဲ့ ဆိုင်တဲ့ သတင်းတစ်ခု ဖြစ်ပေါ်လာတိုင်း ဒီသတင်းဟာ အမှန်သတင်းလား၊ မမှန်သတင်းလား ဆိုတာကို အချိန်မဆိုင်းဘဲ ချက်ချင်းထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။

ပြည်သူလူထု အနေနဲ့ကလည်း အများနဲ့ဆိုင်တဲ့ သတင်းတစ်ခု ထွက်ပေါ်လာတိုင်း ချက်ချင်းယုံကြည် လက်ခံပြီး တိုးတိုးတိတ်တိတ် ဆက်လက်ဖြန့်ဝေတာမျိုး မလုပ်ကြဘဲ ဒီသတင်းဟာ ဘယ်အဖွဲ့အစည်းက ထွက်ပေါ်လာတာလဲ၊ တရားဝင် ထုတ်ပြန်တာလား၊ ကောလာဟလ အနေနဲ့ ထွက်ပေါ်လာတာလား၊ ဖြစ်နိုင်ခြေနဲ့ ယုတ္တိယုတ္တာရှိတဲ့ သတင်းလား၊ ယုံကြည် လက်ခံနိုင်လောက်တဲ့ သတင်းဟုတ်ရဲ့လား စသည်ဖြင့် ပင်ကိုဉာဏ်နဲ့ တိုင်းထွာစိစစ်ပြီး တကယ်လို့ သံသယဖြစ်တယ်ဆိုရင် သတင်း မီဒီယာများ မှတစ်ဆင့်ဖြစ်စေ၊ သတင်းနဲ့သက်ဆိုင်တဲ့ ဌာနအဖွဲအစည်းကို တိုက်ရိုက်ဖြစ်စေ စုံစမ်းမေးမြန်းဖို့ လိုအပ်ပါတယ်။

ဒီလိုစိစစ်နိုင်တဲ့ ဗဟုသုတ အကြားအမြင်မျိုး ရှိဖို့ဆိုရင် ပြည်သူတွေ အနေနဲ့ နိစ္စဓူဝ မိမိတို့ရဲ့ ဘဝရပ်တည်ရေး လုံးပန်းနေရုံသက်သက်မျှ မကဘဲ အစိုးရသတင်းစာတွေ အပါအဝင် နေ့စဉ်ထုတ် သတင်းစာတွေကို အစုတ်အပြဲ (မုန့်ထုပ်တဲ့စက္ကူ) အပိုင်းအစကအစ ဖတ်ရှုတာမျိုး၊ မိမိတို့ တူရာတူရာ လုပ်ငန်းသဘာဝအလိုက် စုစည်းမိသူအချင်းချင်း သတင်းစာတစ်စောင်ကို စုပေါင်းဝယ်ယူကြပြီး မျှဝေ ဖတ်ရှုတာမျိုးကို လုပ်ကြဖို့လိုပါတယ်။ (၁၉၇၃၊ ၇၄ ခုနှစ်လောက်က ကျွန်တော် သာယာဝတီ ပန်းကန်စက်မှာ တာဝန်ထမ်းဆောင်စဉ် လစာ ၁၀၀ ကျော်ရတဲ့ဝန်ထမ်း ၂၀ စု စုပေါင်းပြီး အဲဒီအချိန်က ၅ ကျပ်၊ ၁၀ ကျပ်တန်ဖိုးရှိတဲ့ ဗဟုသုတဖြစ်ဖွယ်စာအုပ် လစဉ် တစ်ယောက်တစ်အုပ် ဝယ်ပြီး စုဆောင်းဖတ်ရှုကြတာ စာအုပ်ရာနဲ့ချီတဲ့ စာကြည့်တိုက်ကလေးတစ်ခု ဖြစ်လာပါတယ်။ အခုအဲဒီလို စာအုပ်မျိုးတွေ ၅၀၀၀ ကျပ်၊ ၁၀,၀၀၀ ကျပ် စသည်ဖြစ်ကုန်ပါပြီ)။

နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာကတော့ (အစိုးရအပါအဝင်)ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသား၊ တိုင်းရင်းသားပြည်သူ အပေါင်းတို့ဟာ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုထားရှိပြီး အပြန်အလှန် ချစ်ခင်လေးစား၊ မေတ္တာစေတနာ ထားကြကာ အခြားသူတစ်ဦး ဒုက္ခရောက်မှ ကိုယ်အကျိုးရှိမယ့် ကိစ္စမျိုးကို မလုပ်ကြဖို့နဲ့ လူအချင်းချင်း လှည့်စားခြင်း ကင်းဝေးကြဖို့ လိုအပ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

သိန်းထက်အောင်

]]>
chili2028@gmail.com (The Voice) PERSPECTIVE Tue, 26 Jan 2016 12:11:48 +0000
ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် Dragon’s Lady http://www.thevoicemyanmar.com/index.php/perspective/item/9668-das http://www.thevoicemyanmar.com/index.php/perspective/item/9668-das ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် Dragon’s Lady

ယခုဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စု၊ New York Times သတင်းစာတွင် ဖော်ပြပါရှိသော မြန်မာ့ရေးရာ လေ့လာဆန်းစစ်သူ Min Zin ရေးသားသည့် Daw Aung San Suu Kyi, the Dragon’s Lady ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

ပြီးခဲ့သောနိုဝင်ဘာလက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းဝင်းမြတ်ဦးသည် ရှမ်း ပြည်နယ် တောင်ပိုင်းတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ယှဉ်ပြိုင်ခဲ့ရာ ၎င်းပြန်လည် အရွေးခံရဖို့ အခွင့်အရေးရှိသည်ဟု ယုံကြည်စိတ်ချမှု ရှိခဲ့သည်။ ၎င်း၏ မဲဆန္ဒနယ်မှ ပြည်သူများသည် ယခင်က ဒေသခံ ရှမ်းပါတီကိုသာ အစဉ်တစိုက် မဲပေးခဲ့ကြသည်။

သို့ရာတွင် အထွေထွေရွေးကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်း အနိုင်ရသွားသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဗမာလူများစုပါတီ NLD မှ ကိုယ်စားလှယ်လောင်းကို စိုင်းဝင်းမြတ်ဦး ရှုံးနိမ့်သွားခဲ့ သည်။ အဆုံးအဖြတ်မဲကို ပေးခဲ့သူများမှာ ၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် အရှေ့မြောက်ဒေသသို့ ဝင်ရောက် အခြေစိုက်ခဲ့ကြသူများဖြစ်သည့် ရှမ်းပြည်နယ် မှ ‘ဝ’ တိုင်းရင်းသားများဖြစ်သည်။

ကောလာဟလ စကားများအရ တရုတ်-မြန်မာ နယ်စပ်တွင် အခြေစိုက်သော တပ်ဖွဲ့ဝင် ၃၀,၀၀၀ ခန့်ရှိသည့် အင်အားကြီး UWSA ‘ဝ’ တပ်ဖွဲ့ထံမှ NLD ပါတီကို မဲပေးကြရန် ညွှန်ကြားချက် ရရှိသည်ဟု ဆိုပါသည်။ စာရေးသူနှင့် စကားပြောခဲ့သည့် တရုတ်ပညာရှင်နှင့် ထောက်လှမ်းရေး အသိုင်းအဝိုင်း သတင်းရပ်ကွက်က ဘေဂျင်းသည် တစ်စုံတစ်ရာ ညွှန်ကြားချက် ပေးခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့ကြသော်လည်း အကြီးတန်း ရှမ်းနိုင်ငံရေးသမား တစ်ဦးနှင့် မြန်မာစစ်တပ်မှ သုံးဦးတို့ကမူ ရှမ်းပြည်နယ်မှ ‘ဝ’ တိုင်းရင်းသားများ၏ မဲပေးမှုတွင် တရုတ်တို့ လွှမ်းမိုးမှုရှိခဲ့သည်ဟု ယူဆကြောင်း မှတ်ချက်ပေးကြသည်။

မြန်မာစစ်အစိုးရကို ကာလရှည်ကြာ ထောက်ခံခဲ့ပြီး ဒီမိုကရေစီလိုလားသော ပါတီများအား တွေ့ဆုံရန် ယခင်ကငြင်းဆန်ခဲ့သော ဘေဂျင်းသည် အဘယ်ကြောင့် ယခုအခါ NLD ပါတီကို ထောက်ခံလာခဲ့ပါ သနည်း။ အကြောင်းရင်းတစ်ခုမှာ လက်ရှိနှစ်များတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးဒီရေ ပြောင်းလဲနေခြင်းကို တွေ့မြင်နေရသောကြောင့် ဖြစ်သည်။ နောက်အကြောင်းရင်း တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်အား အပြုသဘော ဆောင်သော လက်တွေ့ကျသူတစ်ဦး အဖြစ် စတင် ရှုမြင်လာခြင်းနှင့် တပ်မတော်က အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်များထံ နိုင်ငံရေးနှင့် စစ်ရေးဆက်ဆံမှု နွေးထွေးတော့မည့် အရိပ်အယောင်များ ပြလာခြင်းတို့ကြောင့် ဖြစ်သည်။

သို့ရာတွင် NLD အပေါ် ဘေဂျင်း၏ ပြန်လည် သင့်မြတ်မှုသည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏ သီးသန့်တာဝန်ဟု အစဉ်တစိုက် ယူဆထားခဲ့ကြသော နိုင်ငံခြားရေး မူဝါဒ၊ နယ်စပ်ရေးရာ၊ ပြည်တွင်းလုံခြုံရေး၊ ဖက်ဒရယ်မူ စသော ကိစ္စရပ်များအပေါ် စစ်ဗိုလ်ချုပ်များ၏ ဘောင်ဝင်မှုကို ခြိမ်းခြောက်လာခဲ့သည်။ သို့ဖြစ်ရာ လာမည့် NLD အစိုးရသစ်နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်မှုသည် နယ်စပ်ဒေသများမှ မငြိမ်သက်မှုများကို တည်ငြိမ်သွားစေရန် အထောက်အကူ ဖြစ်စေနိုင်သော်လည်း နေပြည်တော်ရှိ မြန်မာအီလစ်များ အကြားမှ စိတ်မအေးစရာ အာဏာဟန်ချက်ထိန်းမှုကို ကမောက်ကမ ဖြစ်သွားစေနိုင်သည်။

လက်ရှိ သမ္မတဦးသိန်းစိန်လက်ထက် တရုတ်နှင့် မြန်မာ ဆက်ဆံရေးသည် ၁၉၆၀ ခုနှစ်များအတွင်း တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားကာ ဘေဂျင်းက ကွန်မြူနစ် သူပုန်များကို ထောက်ပံ့ခဲ့သော ကာလ နောက်ပိုင်း မတွေ့ရသလောက်ဖြစ်ခဲ့သည့် အနိမ့်ဆုံး အခြေအနေသို့ ကျဆင်းသွားခဲ့သည်။ ထိုအချိန်က တိန့်ရှောင်ဖိန်နှင့် ဦးနေဝင်းအစိုးရ နှစ်ဖက်စလုံးက ကြားနေနိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးခဲ့ကြ သောကြောင့် နှစ်နိုင်ငံဆက်ဆံရေး တဖြည်းဖြည်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

၁၉၈၈ တွင် စစ်အစိုးရက အာဏာသိမ်းလိုက် သောအခါ နှစ်နိုင်ငံ ဆက်ဆံရေးသည် မဟာဗျူဟာမြောက် လက်တွဲမှုအဆင့်သို့ ခုန်တက်သွားခဲ့သည်။ အနောက်အုပ်စုက မြန်မာစစ်အစိုးရကို ပစ်ပယ်ထားပြီး အရေးယူ ပိတ်ဆို့မှုများဖြင့် ဒဏ်ခတ်ထားခြင်းသည် တရုတ်နှင့်မြန်မာ အကြားမှ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ရှည်လျားကာ နက်ရှိုင်းစေခဲ့သည်။ မြန်မာနိုင်ငံက တရုတ်တို့ လိုအပ်သော သဘာဝ ရင်းမြစ်များနှင့် မဟာဗျူဟာမြောက် ဘင်္ဂလားပင်လယ်အော် ထွက်ပေါက် တို့အပြင် အခြားအရာများစွာကို ပေးအပ်ခဲ့ပြီး ဘေဂျင်းက မြန်မာစစ်အစိုးရ လိုအပ်သော လက်နက်များ၊ စစ်သင်တန်းများ၊ အထောက်အပံ့များနှင့် သံတမန်ရေး အကာအကွယ်တို့ကို ပြန်လည် ဖြည့်ဆည်းပေးခဲ့သည်။

၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အရပ်ဘက် အစိုးရအဖြစ် အသွင်ပြောင်းလဲကာ စတင်ဖြေလျှော့ ပေးလာချိန်တွင် နှစ်နိုင်ငံဆက်ဆံရေး ထပ်မံ ဆိုးဝါးလာခဲ့သည်။ ၂၀၁၁ တွင် တရုတ်တို့ ရင်းနှီးမြှုပ်နှံသော အကြီးစားအဆင့်လွန် မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်မှုစီမံကိန်းကို နေပြည်တော်မှ အရပ်ဘက် အသွင်ယူ အစိုးရသစ်က လူထုဆန္ဒကို အကြောင်းပြကာ ရုတ်တရက် ရပ်ဆိုင်းလိုက်သည်။ ယင်းဖြစ်ရပ်သည် တရုတ်ကုမ္ပဏီများ၏ အခွင့်အရေး အလွဲသုံးစားပြုသော လုပ်ပုံကိုင်ပုံများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှု များအပေါ် ဒေသခံများ၏ ဆန့်ကျင်ကန့်ကွက်မှုကို ထင်ဟပ် တုံ့ပြန်ခြင်း ဖြစ်သည်။ သို့သော် ဘေဂျင်းကမူ မြန်မာအစိုးရသည် ၎င်း၏ ဩဇာစက်ကွင်းမှ လွတ်မြောက်ရန် အားထုတ်သည့် နောက်ထပ် လက္ခဏာတစ်ခုဟု ရှုမြင်ခဲ့သည်။ ဘေဂျင်းက ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်မှု ပြုလုပ်ခဲ့သည်။

မင်းဇင်ရေးသားပြီး NLM ဘာသာပြန်ဆိုသည်။
(ဆက်လက်ဖော်ပြပါမည်။)

]]>
chili2028@gmail.com (The Voice) PERSPECTIVE Sun, 24 Jan 2016 12:24:51 +0000