Wed, 23rd April, 2014
Thursday, 18 July 2013 13:07

မြန်မာ့နွေဦးအတွက် အာရပ်နွေဦး သင်ခန်းစာ

Written by  ကျော်ဝင်း

 

နွေဦးဇာတ်လမ်းတစ်ပုဒ်

၂၀၁၁ ခုနှစ် နှစ်ဦး တူနီးရှားနိုင်ငံမှ အစပြုခဲ့သော ဒီမိုကရေစီ အရေးတော်ကြီးကို နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက‘အာရပ်နွေဦး’ ဟု အမည်သညာ ပြုခဲ့ကြသည်။ သို့နှင့်တိုင် အဆိုပါ ‘အာရပ်နွေဦး’ ဇာတ်လမ်းတွဲထဲမှာ အထင်ကရနေရာတွင် ရှိခဲ့သော ‘အီဂျစ်နွေဦး’ ဇာတ်ကွက်မှာမူ ၂ နှစ် သာသာကာလ အတွင်းမှာပင် မူလမျှော်မှန်းသည်နှင့် ဆန့်ကျင်စွာ ထင်တိုင်းမပေါက် ဖြစ်သွားခဲ့ရချေပြီ။ ဤတွင် ‘နွေဦးကာလ၊ ဟန်းနီးမွန်း အခါသမယများမှာ ဘယ်လောက်ကြာကြာ ခံမည်နည်း’ ဆိုသော ပုစ္ဆာတစ်ရပ်မှာ မေးသင့်မေးထိုက်စွာ ထွက်ပေါ်လာရ လေတော့သည်။

ဇာတ်၏အစကို နောက်ကြောင်းပြန်ရလျှင် ၂၀၁၁ ခုနှစ် ဖေဖောဝါရီလ ၄ ရက် ကိုင်ရိုမြို့တော် တာဟရာရင်ပြင် လူထုစုရုံးမှုကြီးမှ စတင်ရပါလိမ့်မည်။ စုရုံးလာကြသော လူထုကြီးက သမ္မတမူဘာရက် နုတ်ထွက်ဖို့ တစ်ခဲနက် တောင်းဆိုခဲ့ကြသည်။ ရက်ပိုင်းအတွင်း (၂၀၁၁၊ ဖေဖော်ဝါရီ ၁၁ ရက်) တွင် မူဘာရက် နုတ်ထွက်သွားသောအခါ လူထုအုံကြွမှုမှာ ပို၍အရှိန်ရလာခဲ့သည်။ သို့တစေ ဒီမိုကရေစီကား လမ်းစမပေါ်သေး။ အီဂျစ်စစ်တပ်မှ စစ်ကောင်စီဖွဲ့ပြီး နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ နိုင်ငံတကာနှင့် အီဂျစ်လူထု၏ ဖိအားပေးမှုများကြောင့် အာဏာရ စစ်ကောင်စီက အတိုက်အခံများ စုပေါင်းရေးဆွဲထားသော အခြေခံဥပဒေ ပြင်ဆင်ချက်ကို ဆန္ဒခံယူပွဲဖြင့် အတည်ပြု ပေးခဲ့သည်။ ပါလီမန်ရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများ ကျင်းပပေးပါမည်ဟုလည်း ကတိပေးခဲ့ရသည်။

သည်လိုနှင့် ၂၀၁၂ နှစ်ဦးတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ပါသည်။ ပါလီမန် ရွေးကောက်ပွဲတွင် ‘မွတ်ဆလင်ညီနောင်များ အင်အားစုပါတီ’ မှ အများစု အနိုင်ရခဲ့သည်။ သမ္မတ ရွေးကောက်ပွဲ တွင်လည်း အဆိုပါပါတီမှ သမ္မတလောင်း မိုဟာမက်မော်စီကပင် ၅၁ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အနိုင်ရသွားသည်။ သို့တိုင်အောင် အစိုးရ အပြောင်းအလဲအထိ ခရီးပေါက်ခဲ့သော အီဂျစ် ဒီမိုကရေစီမှာ နုနယ်ဆဲအဆင့်မှာပင် မနည်းလှသော စိန်ခေါ်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ တစ်ချိန်က အခြေခံဥပဒေကို လက်တွဲပြင်ဆင်ခဲ့ကြသော လစ်ဘရယ်များနှင့် မွတ်ဆလင် ညီနောင်များကြားတွင် ပြင်းထန်သော ဂိုဏ်းဂဏ တိုက်ပွဲများ ပေါ်ထွက်နေသည်။ လမ်းပေါ် ဆန္ဒပြပွဲများမှာလည်း အထိန်းအကွပ်မရှိ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ သည်လိုနှင့် နောက်ဆုံး အီဂျစ်တပ်မတော်ကပင် သမ္မတမော်စီကို ဖြုတ်ချပြီး တိုင်းပြည်အာဏာကို ပြန်လည် ရယူလိုက်တော့သည်။ ဤသို့ဖြင့် လာခြင်းကောင်းသော နွေဦးတစ်ခုမှာ မည်ရွေ့မည်မျှကြာသည် မမှန်းဆနိုင်သော နွေလယ်ခရီးကြီးကို ဖြတ်သန်းရပေတော့မည်။

ဘာ့ကြောင့်၊ ဘယ်လို

ဤတွင် အီဂျစ်လို ဒီမိုကရေစီ အပြောင်းအလဲကာလကို ဖြတ်ကျော်ရသောနိုင်ငံများ အနေနှင့် ထင်တိုင်းမပေါက်ဘဲ နောက်ပြန်လှိုင်း ထိစေရသည့် အကြောင်းရင်းခံများကို သုတေသန ဖန်ပြားပေါ် တင်ကြည့်လာကြသည်မှာ စိတ်ဝင်စားဖို့ ကောင်းလှသည်။ ယခင်အမေရိကန် ဒုသမ္မတ အယ်လ်ဂိုး ဦးဆောင်သည့် ‘Political Instability Taskforce’ (PITF) သုခမိန်အဖွဲ့က မတည်မငြိမ် ဖြစ်စေသည့် အကြောင်းသုံးချက်ကို ယခုလို ထောက်ပြသည်။

၁။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများက လူထု၏အခြေခံ လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်း မပေးနိုင်ခြင်း။ ဤအချက်က လူထု၏ စိတ်ရှည်သည်းခံနိုင်စွမ်းကို အခြေမှ ကိုင်လှုပ်လာရာ အပြောင်းအလဲ ဖြစ်စဉ်တစ်ရပ်လုံး ကတိမ်းကပါး ဖြစ်စေသည့် ပတ်ဝန်းကျင် အခြေအနေတစ်ရပ်ကို ဖန်တီးပေးထားသလို ဖြစ်နေသည်။

၂။ ယခင်စနစ်ဟောင်း၏ ထိန်းချုပ်ရေး ယန္တရားများ လျင်လျင်မြန်မြန် ပြိုကျနေစဉ်တွင် စနစ်သစ်၏ ‘ဒီမိုကရက်တစ် ကျင့်ထုံးမူဘောင်များ’ (Democratic Institution) မှာလည်း အဆင်သင့် မဖြစ်သေးသည့် စပ်ကူးမပ်ကူး အခြေအနေတစ်ရပ် ရှိနေခြင်း။ ဤအချက်က ဆင်ခြင်တုံ တရားအခြေခံသည့် ‘ရည်မှန်းချက်ရှိရှိ နိုင်ငံရေး’ (Deliberate Politics) ထက် စိတ်လှုပ်ရှားမှု သက်သက်ဖြင့် မောင်းသည့် ‘လှုံ့ဆော်နိုင်ငံရေး’ (Agitated Politics) တွင်ကျယ် လွှမ်းမိုးစေသော အခင်းအကျင်းတစ်ရပ်သို့ ဦးတည်စေသည်။

၃။ ဂိုဏ်းဂဏ ပြဿနာများ။ နိုင်ငံရေးအင်အားစု အသီးသီးကြား မတူကွဲပြားသော အယူအဆမျိုးစံ ရှိရုံမျှဖြင့် ဂိုဏ်းဂဏပြဿနာ ရှိနေပြီဟု ဆိုနိုင်သည်တော့ မဟုတ်ပါ။ သို့တစေ အဆိုပါ သဘောကွဲလွဲမှုများကို ဒီမိုကရက်တစ် မူဘောင်များအတွင်း မဖြေရှင်းနိုင်လျှင်မူ ဂိုဏ်းဂဏ တိုက်ပွဲသဘောမျိုးအထိ ဘရိတ်ပေါက်သွားနိုင်သည်။ နုနယ်ဆဲ အကူးအပြောင်း ကာလမျိုးတွင် ဂိုဏ်းဂဏ ပြဿနာကိုသာ မထိန်းချုပ်နိုင်ပါက နောက်ပြန်လှိုင်းအတွက် အကောင်းဆုံး ရေခံမြေခ ဖြစ်နိုင်သည်ဟု ဆိုပါသည်။

ဆိုခဲ့ပါ အကြောင်းရင်းခံ သုံးချက်အပြင် ပညာရှင်အများ၏ ထောက်ပြချက်များမှာလည်း အလားတူ စိတ်ဝင်စားဖို့ ကောင်းသည်သာ ဖြစ်သည်။ ၎င်းတို့ထဲမှ အချက်နှစ်ချက်ကို ဆက်လက်ဖော်ပြလိုသည်။

၎။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ‘နိုင်ငံရေးဓလေ့’ (Political Culture) ကိုယ်တိုင်မှာပင် ဒီမိုကရေစီနှင့် စရွေးမကိုက်သော ‘ရယ်ဒီကယ် တိမ်းညွတ်မှုများ’ (Radical Trend) စွဲစွဲခိုင်ခိုင် ရှိနေခြင်း။ ရယ်ဒီကယ်တိမ်းညွတ်မှု ဆိုသည်မှာ ဆန့်ကျင်ဘက်အချင်းချင်း စေ့စပ်ညှိနှိုင်း အဖြေရှာ ကြသည်ထက် အပြန်အလှန် ဆန့်ကျင်ဖယ်ထုတ်ဖို့သာ အားသန်သည့် စိတ်သဘာဝကို ဆိုလိုသည်။

၅။ ‘မျှော်လင့်ချက်များကို စနစ်တကျ စီမံခန့်ခွဲမှု မလုပ်နိုင်ခြင်း။’ (Weak Management of Expectation) ။ အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်း မြောက်မြားစွာ ဖြတ်သန်းခဲ့ရသော လူထုဘက်မှ အပြောင်းအလဲတစ်ခု စလိုက်သည်နှင့် အနှစ်နှစ်အလလ ကြိတ်မှိတ်မျိုသိပ်ခဲ့ရသော မျှော်လင့်ချက်များစွာ ပေါက်ကွဲ လျှံကျလာတတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ အရေးကြီးသည်မှာ ခေါင်းဆောင်မှုအနေနှင့် အဆိုပါ မျှော်လင့်ချက်များစွာထဲမှ လက်တွေ့ဖြစ်နိုင်သည်များကို စနစ်တကျ ကိုင်တွယ် ဖြည့်ဆည်းပေးနိုင်ရေးပင် ဖြစ်သည်။ ဤသို့မဟုတ်ဘဲ အများကြိုက် ပေါ်ပြူလာ နိုင်ငံရေး မီးရှူးမီးပန်းများကို အားပြုလိုက်လျှင် မတည်မငြိမ် အခြေအနေတစ်ရပ်သို့ ဦးတည်သွားစေနိုင်သည်ဟု ဆိုပါသည်။

စာရေးသူမှာ အီဂျစ်နိုင်ငံရေး အလှည့်အပြောင်းအပေါ် အခြေခံ ပေါ်ထွက်လာသည့် သုံးသပ်စိစစ်ချက်များကို လက်လှမ်းမီသမျှ ရှာဖတ်ရင်း မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲပေါ် တင်ကြည့်နေမိသည်။

နွေဦးချင်းမတူ - သို့သော်

တစ်ခုတော့ရှိသည်။ မြန်မာ့နွေဦးမှာ အာရပ်နွေဦးနှင့်မတူ။ သူ့ထူးခြားချက်နှင့် သူဖြစ်သည်။ ဆိုခဲ့ပြီးသည့်အတိုင်း အီဂျစ်အပါအဝင် အာရပ်ကမ္ဘာ အပြောင်းအလဲများမှာ လူထုအုံကြွမှုများမှ စတင်သည်က များသည်။
‘အောက်မှလာသော အပြောင်းအလဲ’ (Transformation from below) ဟု ဆိုနိုင်သည်။ လက်ရှိမြန်မာ့ အပြောင်းအလဲကို ဖွင့်ပေးလိုက်သော ၂၀၁၀ ရွေးကောက်ပွဲမှာ ယခင်အစိုးရကိုယ်တိုင်က ကမကထ ပြုခဲ့သည်ဖြစ်ရာ ‘အထက်မှလာသော အပြောင်းအလဲ’ (Transformation from above) ဖြစ်သည်။ အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ဒီမိုကရက်တစ် အင်အားစုများပါ ပါဝင်လာရာမှ ‘အထက်နှင့် အောက်တွဲလာသော အပြောင်းအလဲ’ (Transformation from above and below) ပုံစံဖြစ်သွားသည်။

ဖလောရင့်တက္ကသိုလ်မှ ပါမောက္ခ ရှမစ်တာက အဆိုပါ အပြောင်းအလဲပုံစံကို ‘သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲ’ (Imposed Transition) ဟု ဝိဂြိုဟ်ပြုပါသည်။ သူကပင် ဆိုခဲ့ပါ အပြောင်းအလဲပုံစံ၏ သဘောသဘာဝများကို ရှင်းပြပြီး အထူးသတိပြုကြရမည့် အချက်သုံးချက်ကို ယခုလို ထောက်ပြခဲ့သည်။

၁။ ဤပုံစံအပြောင်းအလဲမှာ မတူသောအင်အားစုများ လက်တွဲ ကြိုးပမ်းကြရသည်ဖြစ်ရာ ‘အများညီဘုံတူညီချက်’ (Command Ground) ရှာဖွေပြီး၊ ရှေ့ဆက်နိုင်ဖို့ အရေးကြီးသည်။ မတူတိုင်း ရန်ဖြစ်နေလျှင် ရှေ့မရောက်ရုံမျှမက နောက်ပြန်ဆုတ်နိုင်စရာ ရှိသည်။

၂။ မြန်မြန်ခရီးပေါက်လိုစိတ်ဖြင့် ‘ရှော့ခ်ရိုက်ကုထုံး’ (Shock Therapy) နည်းကို အားပြုလို့မဖြစ်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ အရပ်ရပ် အခြေအနေက ရှော့ခ်ဒဏ်မခံနိုင်လျှင် ‘ဆေးအတွက်လေး’ နိုင်သည်။ သို့အတွက် ‘တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေး’ (Gradual Change) ကိုသာ အားပြုသင့်သည်။

၃။ အပြောင်းအလဲဖြစ်စဉ် တစ်လျှောက်လုံး ‘ရယ်ဒီကယ်အန္တရာယ်’ (Danger of Radical) ကို အထူးသတိပြုဖို့ လိုလိမ့်မည်။ ရယ်ဒီကယ် တိမ်းညွတ်မှုများ အပေါ်စီးရသွားလျှင် နောက်ပြန်လှိုင်း အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်သည် ... စသည်ဖြင့်။

မြန်မာ့နွေဦး ၂ နှစ်ကျော် ကာလအတွင်း မနည်းလှသော စိန်ခေါ်ချက်များနှင့် ဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ရရာ ပါမောက္ခ ရှမစ်တာ၏ ဆိုခဲ့ပါ သတိပေးထားသည်များမှာ ပို၍ပင်အသက်ဝင်လာဟန် ရှိသည်။ ထို့ထက်ဆိုခဲ့ပြီးသော အီဂျစ်ဇာတ်လမ်း၏ နောက်ကွယ်မှ အကြောင်းတရား ငါးရပ်ကိုလည်း ယနေ့မြန်မာ့နိုင်ငံရေးတွင် တွေ့သင့်သလောက် တွေ့နေရရာ စာရေးသူအနေနှင့် အမှန်ပင် စိုးရိမ်မကင်း ဖြစ်မိသည်။ မြန်မာ့နွေဦး ရှေ့ခရီးတွင် ဘာတွေ ကြုံရဦးမည်နည်း။

လွှတ်တော်နိုင်ငံရေး

ဤသို့ စိုးရိမ်မကင်း ဖြစ်မိသည့်တိုင် ယခုရက်ပိုင်းအတွင်း ဖြေသိမ့်စရာ အချက်ကိုမူ ကျကျနန ရလိုက်ပါသည်။ အခြားမဟုတ်။ ကိုယ်တွေ့ကြုံလိုက်ရသော လွှတ်တော်နိုင်ငံရေးပင် ဖြစ်သည်။ အကြောင်းက သည်လို ...။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကကြီး၏ ခွင့်ပြုချက်အရ စာရေးသူမှာ လွှတ်တော် အစည်းအဝေးများသို့ တက်ရောက် လေ့လာခွင့်ရခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်ကြီးများနှင့်လည်း တစ်နေရာတည်းတွင် အတူတည်းခိုနေထိုင်ရင်း ရင်းရင်းနှီးနှီး ထိတွေ့ ခွင့်ရခဲ့သည်။ ပြောရလျှင် ဤကာလမှာ ဘာမှမကြာလှသေးပါ။ နှစ်ပတ် သာသာမျှသာ ရှိပါသေးသည်။ သို့တိုင်အောင် ဤကာလငယ်လေး အတွင်းမှာပင် ယနေ့လွှတ်တော်၏ အားကောင်းချက် နှစ်ရပ်ကို စူးစူးရှရှ သတိပြုမိ လိုက်ပါသည်။

ပထမအချက်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆက်ဆံရေးနှင့် သဘောထားပင် ဖြစ်သည်။ သူတို့တစ်တွေမှာ ပါတီပေါင်းစုံမှ လာကြသည် ဖြစ်သည့်တိုင် သူတို့ဆက်ဆံရေးမှာ လုပ်ဖော်ကိုင်ဖက် သဘောဆောင်သည်။ လွှတ်တော်တွင်း ကိစ္စရပ်များကို အဖြေရှာကြရာတွင်လည်း သက်ဆိုင်ရာ ပါတီ အမြင်၊ ပါတီအစွဲဖြင့် မချဉ်းကပ်။ ကိစ္စတစ်ခုချင်းအလိုက် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြသည်ကို တွေ့ရသည်။ RAND မဟာဗျူဟာ လေ့လာစောင့်ကြည့်ရေး အဖွဲ့ကြီး၏ အဆိုအရ အမေရိကန် နိုင်ငံရေးဘဝကိုပင် ဒုက္ခပေးနေသည်ဟုဆိုသော ‘ဖြူ-မည်း-နိုင်ငံရေး’ (Polarized Politics) မျိုး မြန်မာလွှတ်တော် အမတ်များကြားတွင် မတွေ့ရသလောက်ရှိ၍ စာရေးသူ ကျေနပ်မိသည်။

ဒုတိယအချက်မှာ ပို၍ပင်အရေးကြီးသည်ဟု ထင်ပါသည်။
ဆိုရလျှင် စာရေးသူ ကျင်လည်ရသည်မှာ လွှတ်တော်ပြင်ပ နိုင်ငံရေးဟု ဆိုနိုင်သည်။ စာပေလောကနှင့် မီဒီယာလောက ဖြစ်သည်။ ဤလောကတွင် အကျယ်လောင်ဆုံး ကြားနေရသည်မှာ လူအများ စိတ်ဝင်စား အာရုံကျသည့်တိုင် လက်တွေ့အဖြေပေါ်ဖို့ မလွယ်သော မျှော်လင့်ချက်တွေသာ ဖြစ်သည်။ စာရေးသူ ထိတွေ့ရသလောက် လွှတ်တော်ကိုယ်စားလှယ်များကမူ ဤသို့မဟုတ်။ လက်တွေ့အရာ ထင်နိုင်လောက်သည့် ကိစ္စများကိုသာ အာရုံပြုထားကြသည်ကို ဆင်ခြင်မိသည်။ ဤအတိုင်းဆိုလျှင် မျှော်လင့်ချက်များကို တစ်စုံတစ်ရာ စီမံခန့်ခွဲနိုင်သည့် အလေ့အထ အစပျိုးနေပြီဟု သဘောရပါသည်။ ဤအချက်မှာ ဖော်ပြခဲ့ပြီးသော နောက်ပြန်လှိုင်း အကြောင်းရင်းခံများထဲမှ တစ်ခုဖြစ်ရာ ပို၍အားတက်စရာကောင်းသော အားသာချက်ဟု ယူဆရသည်။

ဤသို့ဆိုသည်နှင့် ယနေ့လွှတ်တော်မှာ ရင့်ကျက်ခိုင်မာသော ဒီမိုကရက်တစ် လွှတ်တော်ဖြစ်ပြီဟု ယတိပြတ် ဆိုလိုသည်တော့လည်း မဟုတ်ပါ။ သဘာဝကျစွာပင် အားနည်းချက်အချို့ ရှိကောင်း ရှိပါလိမ့်မည်။ ပြောရလျှင် ရက်သတ္တပတ် နှစ်ပတ်မျှလောက်နှင့်လည်း လွှတ်တော်အကြောင်း ပီပီသသ သိနိုင်လိမ့်မည် မဟုတ်ပါ။ သို့တစေ လွှတ်တော် အပါအဝင် တကယ့်နိုင်ငံရေး အခင်းအကျင်းနှင့် ပိုနီးလာလေ ပကတိအရှိကို ပိုဆဝါးနိုင်လေ။ ‘ပလေယာ’ များအပေါ်ပို၍ နားလည်လာလေဆိုသော တွေ့ရှိချက်ကိုမူ ကိုယ်တွေ့ဆင်ခြင် နိုင်ခဲ့ပါ သည်။ ဤသို့သော သဘောပေါက် နားလည်မှုများ ကျယ်ပြန့် ခိုင်မာလာသည်နှင့်အမျှ အပြောင်းအလဲ အန္တရာယ် အသွယ်သွယ်ကို စုပေါင်းကာကွယ် နိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

ကျယ်ပြန့်သော နားလည်မှု၊ ရင့်ကျက်သော စိတ်နှလုံးဖြင့် မြန်မာ့နွေဦးကို စုပေါင်းကာကွယ် စောင့်ရှောက်နိုင်ကြပါ စေသတည်း။

Copyright © 2013 The Voice
All rights reserved
Powered by The Voice