Thu, 17th April, 2014
Thursday, 18 July 2013 12:50

ငိုရခက် ရယ်ရခက် သတင်းများ

Written by  ဦးလှဝင်း (လေသူရဲတစ်ဦး)

 

၁၆-၇-၂၀၁၃ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ စာမျက်နှာ (၅) မှာပါတဲ့ သတင်းသုံးပုဒ်ကို ဖတ်ပြီး ကျွန်တော် ရယ်ရခက် ငိုရခက် ဖြစ်နေမိပါတယ်။

ပထမဆုံးသတင်းကတော့ ‘မီးကင်းတဲ မီးလောင်’တဲ့။
“ဟဲ့ . . . မီးကင်းစောင့်တဲ့တဲက ဘယ်လိုဖြစ်ပြီး မီးထလောင်ရတာလဲ”
“မိုးတွင်းကြီး ဘယ်လိုဖြစ်လို့ မီးလောင်ရတာလဲ”
အဲဒီသတင်းရဲ့ ခေါင်းစဉ်ကိုဖတ်ပြီးတာနဲ့ ရင်ထဲမှာ ရုတ်ခြည်းပေါ်လာတဲ့ ခံစားချက်ပါ။ ချက်ချင်းရယ်ချင်စိတ် ပေါ်လာတာပေါ့ ခင်ဗျား။

နောက် . . . သတင်းကို ဖတ်ကြည့်လိုက်ပြန်တော့ . . .။
ဖြစ်ပျက်ခဲ့တဲ့နေရာက အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် . . . မြို့ပတ်လမ်းမှာရှိတဲ့ မီးကင်းတဲ့ . . . ။
မီးကင်းစောင့်တဲ့သူ ခြင်ကိုက်တဲ့ဒဏ်ကို မခံနိုင်ရှာလို့ ထင်ပါတယ်။ ခြင်ဆေးခွေထွန်းပြီး မီးကင်းစောင့်နေတုန်း အိပ်ငိုက်ပြီး အိပ်ပျော်သွားတယ်။
နောက် . . . ကံဆိုးချင်တော့ ထွန်းထားတဲ့ ခြင်ဆေးခွေမီးက မီးကင်းတဲ ကြမ်းပြင်သစ်သားကို မီးလောင်တယ်။ နောက် ကင်းတဲဝါးထရံကို ကူးတယ်။ အချိန်ကလည်း မနက် ၃ နာရီလောက်ဆိုတော့ အိပ်လို့ကောင်းတဲ့ အချိန်မဟုတ်လား။ မီးကင်းစောင့်ပုဂ္ဂိုလ်ကြီးက မနိုးဘူး။ ဆက်အိပ်ပျော်နေတယ်။ နောက် . . . မီးကင်းတဲမီးက ဆက်ကြီးလာလို့ ရပ်ကွက်ကဝိုင်းပြီး မီးငြှိမ်းသတ်လိုက်ရတယ်တဲ့။

ဒီပြဿနာကြောင့် တာဝန်ရှိရဲဌာနကလည်း မီးကင်းစောင့် ဦးအောင်ဝင်းကို မီးပေါ့ဆမှုနဲ့ အရေးယူ အမှုဖွင့်ထားလိုက်တာပေါ့ဗျာ။ မီးကင်းစောင့်ဦးအောင်ဝင်း အလွန်ကံဆိုးပါတယ်။ ခြင်ဆေးခွေ မီးပေါက်စလေးက သစ်သားကြမ်းခင်းကို မီးလောင်ဖို့ဆိုတာ အလွန်ဖြစ်ခဲပါတယ်။ နောက် . . . အချိန်ကလည်း မိုးတွင်းကြီး။ ရန်ကုန်မှာ မိုးမရွာတဲ့ည မရှိသလောက်ပါပဲ။ ကြမ်းခင်းတွေကလည်း မိုးစိုနေဖို့များပါတယ်။
အဲ . . . ဒါပေမဲ့ မီးလောင်မှု ဖြစ်တယ်တဲ့။
ကျွန်တော့်စိတ်ထဲမှာ မယုံရခက် . . . ယုံရခက် . . . ။
သတင်းခေါင်းစဉ်ကို ဖတ်ပြီးစက ရယ်ချင်တယ်။ သတင်းတစ်ပုဒ်လုံးကို ဖတ်ပြီးတော့ တရားစွဲခံရတဲ့ မီးကင်းစောင့် ဒုက္ခကိုတွေးပြီး သနားတယ်။ မီးကင်းစောင့် အများစုက အလွန်ဆင်းရဲတဲ့သူတွေ မဟုတ်လား။ သူတို့မှာ မိသားစုရှိတယ်။ ခုအမှုဖြစ်ပြီဆိုတော့ သူတို့ရင်ဆိုင်ကြရမယ့် မိသားစု ဒုက္ခက ငိုချင်စရာကြီး မဟုတ်လား။ ကျွန်တော်ငိုချင်လာပါတယ်။

နောက် . . . ဒီစာမျက်နှာ (၅) မှာပဲပါတဲ့ သတင်းတစ်ပုဒ်ကတော့ တေးသံရှင်ဆိုတေး ရန်ကုန်-မန္တလေး အမြန်ကားလမ်းပေါ်မှာ ကားမှောက်တဲ့သတင်း။
တေးသံရှင်ဆိုတေးရဲ့ ဓာတ်ပုံလေးကိုတော့ ဖော်ပြထားတယ်။ ပြုံးမဲ့မဲ့ ဖြစ်နေတဲ့ ကောင်လေးရဲ့မျက်နှာကို ကြည့်ပြီး ကျွန်တော်ကရယ်ချင်တယ်။ မော်တော်ယာဉ်မှောက်မှု ဖြစ်ခဲ့ရတာကတော့ ဇူလိုင်လ ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲ . . . ။ မိုင်တိုင် ၂၉၁/၃ နဲ့ ၂၉၁/၄ အကြားမှာ ဖြစ်ခဲ့တာ။ ယာဉ်မှောက်မှု ဖြစ်ခဲ့တဲ့ကားပေါ်မှာ လူလေးဦးပါရှိပြီး တစ်ဦးသေဆုံးသွားပါတယ်။ ဒီယာဉ်မှောက်မှုနဲ့ ဆက်နွှယ်ပြီး ရန်ကုန်-မန္တလေး လမ်းမကြီးအပေါ် ဒီနေ့အမျိုးမျိုး ဝေဖန်နေကြပါတယ်။ ကာတွန်းဆရာတွေကလည်း ဒီလမ်းစိတ်မချရပုံနှင့် ပတ်သက်ပြီး လှောင်ပြောင်ထားတဲ့ ကာတွန်းတွေ ဆွဲနေကြပါတယ်။

မနှစ်တုန်းက ဒီအချိန်လောက်မှာပဲ ကျွန်တော်ရန်ကုန်မှ ပုဂံမြို့ရောက်တဲ့အထိ ဒီလမ်းပေါ်ဖြတ်ပြီး မော်တော်ကားမောင်းသွားခဲ့ဖူးပါတယ်။ ၂.၁၀.၂၀၁၂ ရက်နေ့ထုတ် သစ္စာဂျာနယ်မှာ“ကျွန်တော်နှင့် ယနေ့ ပုဂံ” ဆိုတဲ့ ဆောင်းပါးရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးထဲမှာ ဒီ ရန်ကုန်-မန္တလေး လမ်းမကြီးက ကျွန်တော့်အတွက် အလွန်ကောင်းတဲ့ လမ်းမကြီးဖြစ်နေတဲ့ အကြောင်းတွေကို ချီးမွမ်းပြီး ရေးထားခဲ့ပါတယ်။

ဘယ်လိုချီးမွမ်းမိခဲ့သလဲ ဆိုတော့ . . . ။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရန်ကုန်အပြင်ဘက်ကို ကားနှင့်ခရီးမသွားမိခဲ့တာ ကြာပါပြီ။ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပထမဆုံးကားမောင်းသွားခဲ့ဖူးတာပါ။
ဒီအမြန်လမ်းမကြီး (Express Way) ကြီးက တယ်ကောင်းပါလား။
ဒီလိုလမ်းမျိုးကို မြန်မာနိုင်ငံမှာ ဒီနေ့ကျွန်တော် ပထမဆုံး ဖြတ်မောင်းဖူးခဲ့တာပါ။ ဒီလမ်းမကြီးကို ဖွင့်လိုက်ပြီဆိုတာ ကြားလိုက်မိပေမယ့် ကိုယ်တွေ့တစ်ကြိမ်မှ မရောက်ခဲ့သေးပါဘူး။ ရယ်ရပါတယ်။

လမ်းမကြီး ဖြောင့်တန်းနေတဲ့ တစ်နေရာမှာ မော်တော်ကားမြန်နှုန်းကို တစ်နာရီ ကီလိုမီတာ ၁၅၀ နှုန်းရောက်တဲ့အထိ ရူးမိုက်စွာ မြှင့်တင်ကြည့် ခဲ့ပါသေးတယ်။ အဲဒီမြန်နှုန်းက ကျွန်တော် လေသူရဲလုပ်လာတဲ့ခေတ်က လေယာဉ်ပျံတွေလေထဲမှာ ပျံသန်းသွားနိုင်တဲ့မြန်နှုန်း။ ဒီနေ့ မြေပြင်မှာ မောင်းသွား နေရပါပြီ။

ဘုရားမခဲ့ပါတယ်။ လမ်းဌာနက ဒီလမ်းအပေါ် ဖြတ်မောင်းဖို့ ကန့်သတ်ထားတဲ့ အမြင့်ဆုံးမြန်နှုန်းက ကီလိုမီတာ ၈၀ နှုန်း။ ကျွန်တော်က ကန့်သတ်နှုန်းကို တစ်ဆနီးပါးကျော်ပြီး မောင်းခဲ့ပါတယ်။ အဲဒီလို မောင်းနေတဲ့ အချိန်မှာ ကျွန်တော့်မော်တော် ကားဘေးမှ ‘ဝူး’ ခနဲ ဖြတ်ကျော်သွားတဲ့ မော်တော်ကားကလည်း ရှိသေးတယ် ခင်ဗျာ။ သူတို့ မော်တော်ကားမြန်နှုန်းဆိုရင် ၁၇၀ နှင့် ၁၈၀ ကြားလောက်တောင် ရှိနေပြီလို့ ထင်ပါတယ်။
အကယ်၍သာ ကျွန်တော်တစ်နာရီ ၁၅၀ ကီလိုမီတာနှုန်းနဲ့ ရူးမိုက်စွာ မောင်းနေတဲ့အချိန်ကသာ တိမ်းမှောက်မှု တစ်ခုခုဖြစ်ခဲ့ရင် ဒီနေ့ ဒီဆောင်းပါးကိုလည်း ရေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဘဝသစ်ကို ရောက်နေပါပြီ။

တကယ်တော့ ဒီအမြန်လမ်းမကြီးမှာ အားနည်းချက်တွေရှိနေတာ မှန်ပါတယ်။ မြန်မာ သမ္မတကြီးကိုယ်တိုင် အမေရိကန် သမ္မတအိုဘားမားနဲ့တွေ့တဲ့ အချိန်မှာ ကျွန်တော်မှတ်မိသလောက် လျှပ်စစ်မီးပြဿနာနဲ့ ဒီအမြန်လမ်းမကြီး ပြဿနာကို အကူအညီ တောင်းခဲ့ဖူးပါတယ်။ ဒီလမ်းမကြီးရဲ့ အားနည်းချက်တွေကိုလည်း ထုတ်ပြောပြခဲ့ပါတယ်။ နည်းပညာ နောက်ကျနေတဲ့ ဒုက္ခပေါ့ခင်ဗျာ။ ဒါကြောင့် မနှစ်ကဒီလမ်းမပေါ်မှာ တစ်နာရီကီလိုမီတာ ၁၅၀ နှုန်းနှင့် ရူးမိုက်စွာ မောင်းခဲ့တာကို သတိရပြီး ပြုံးမိပေမယ့် ဆိုတေးရဲ့ကားမှောက်တဲ့ သတင်းကိုဖတ်ပြီး ငိုချင်မိပြန်တယ်။

ကျွန်တော် အကြံပြုချင်တာ ကတော့ အားနည်းချက်တွေရှိနေတဲ့ ဒီရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ လမ်းဌာနက ကန့်သတ်ထားတဲ့ မြန်နှုန်းထက် ပိုမမောင်းကြဖို့ပါပဲ။

လမ်းမကြီးက သိပ်ကောင်းနေသလို ခံစားမိတော့ ကျွန်တော့်လို လူကြီးပိုင်း ပုဂ္ဂိုလ်တစ်ဦး အနေနဲ့တောင် Over Speed မောင်းခဲ့ဖူးသေးတယ်ဆိုရင် လူငယ်ပိုင်း ယာဉ်မောင်းတွေအတွက်ဆိုရင် ဘယ်ပြောကောင်းတော့မှာလဲ ခင်ဗျာ။ ဂျက်လေယာဉ်မောင်းသလို မောင်းကြတော့မှာပေါ့။

အဲ . . . နောက် ဒီစာမျက်နှာ (၅) မှာပါတဲ့ သတင်းတစ်ပုဒ်ကတော့ ‘ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် မရည်ရွယ်ခဲ့ဟု ဒါရိုက်တာ ဇော်ကိုကိုဆို’ လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းပါပဲ။ ဒီသတင်းကိုဖတ်ပြီးတော့လည်း ပထမဆုံး ကျွန်တော့်ရင်ထဲက ခံစားချက်ကတော့ ရယ်ချင်ပါတယ်။
ဖြစ်ခဲ့ပုံကိုလည်း ကြည့်ပါဦးခင်ဗျာ။
ViCee ဆေးပြားကြော်ငြာ ရိုက်ကူးတုန်းမှာ ဖြစ်ခဲ့တာပါ။ ViCee ဆေးပြားက စိတ်ကို ရွှင်လန်းတက်ကြွမှု ဖြစ်စေနိုင်စွမ်းတဲ့ ဆေးပြားလို့ထင်ရပါတယ်။ ဒါရိုက်တာဇော်ကိုကိုက ယာဉ်ထိန်းရဲတစ်ဦး ViCee ဆေးပြားသောက်ပြီး ကျန်းမာရွှင်လန်းတက်ကြွစွာ တာဝန်ထမ်းဆောင်နေပုံကို သရုပ်ဖော်ပြချင်ပုံ ရပါတယ်။
ဒါပေမဲ့ ပြဿနာက သရုပ်ဆောင်မင်းသား မင်းမင်းထွန်း . . .။ အကမင်းသားဆိုတော့ ယာဉ်ထိန်းရဲ ဘဝကို သရုပ်ဖော်တဲ့ဆီမှာ သူကျွမ်းကျင်တဲ့ ကကွက်တွေ ပါသွားပုံရပါတယ်။ အဲဒီကကွက်ကိုမှ ရွေးပြီး ကြော်ငြာရိုက်ကူးနေတာကို ကြည့်နေတဲ့ လမ်းသွားတစ်ဦးက သူ့ဖုန်းကင်မရာနှင့် ဗီဒီယို ရိုက်ယူလိုက်တယ်။ အင်တာနက်ပေါ်မှာ“ယာဉ် ထိန်းရဲ၏ ကကွက်ဆန်း” ဆိုပြီး တင်လိုက်တယ်တဲ့။
ကွက်ပြီးရိုက်ယူထားတဲ့ ကကွက်ဆိုတော့ အရုပ်ဆိုးတဲ့ ကကွက်လို့ မှတ်ယူစရာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့ခင်ဗျာ။ အပြည့်အစုံမှ မဟုတ်ပေပဲ။

ကံဆိုးသူတွေ ကျောက်တံတားရဲစခန်းမှာ အမှုဖွင့် တရားစွဲတဲ့အထိ ပြဿနာ တက်ကြပါတယ်။ သူတို့အဖြစ်ကလည်း ရယ်ဖို့မကောင်းဘူးလား ခင်ဗျာ။ ဒါပေမဲ့ တရားစွဲခံရတဲ့အထိ ဒုက္ခရောက်ကြတယ်ဆိုတော့ ငိုဖို့ရော မကောင်းဘူးလား။

အဲဒီသတင်းသုံးပုဒ်လုံးကို ၁၆.၇.၂၀၁၃ နေ့ထုတ် The Voice နေ့စဉ်သတင်းစာရဲ့ စာမျက်နှာ (၅) တစ်ခုထဲမှာ ဖော်ပြနိုင်ခဲ့တာလည်း တိုက်ဆိုင်မှုလို့ ပြောရမှာလား။ Voice ဝိုင်းတော်သားတွေရဲ့ ကြိုးစားမှုလို့ ဆိုရမှာလား။

Copyright © 2013 The Voice
All rights reserved
Powered by The Voice