Sun, 20th April, 2014
Thursday, 18 July 2013 07:53

ကနေဒီ၊ ဦးသန့်၊ ကျူးဘား ဒုံးပျံ အကျပ်အတည်းနှင့် သန်း ၆၀ကို မျက်နှာမူသော ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှု

Written by  မှူးဇော်

 

ငြိမ်းချမ်းရေးမှတ်တိုင် ကျူးဘား ဒုံးပျံ အကျပ်အတည်း

မကြာသေးခင်က ကိုလံဘီယာ တက္ကသိုလ်က ဘောဂဗေဒ ပါမောက္ခဖြစ်သူ ဂျက်ဖရီ-ဒီ-ဆာ့ခ်ျ ရေးသားခဲ့သော ငြိမ်းချမ်းရေး ဆောင်ကြဉ်းရာ၌ အဓွန့်ရှည် တည်တံ့ခဲ့သော ဂျွန်အက်ဖ် ကနေဒီ၏ အမွေအနှစ် အမည်ရ ငြိမ်းချမ်းရေး အိုင်ဒီယာ တစ်ရပ်သည် ဆင်ခြင် သုံးသပ်ဖွယ်ရာ သဘောတရား များ ဖြစ်နေသည်။

ယဉ်ကျေးမှု တန်ဖိုးများ၊ အကျိုးစီးပွားများ ထိပ်တိုက်တိုး တိုက်မိသောကြောင့် အမုန်းတရားများ၊ ပဋိပက္ခများမှာ ရှောင်လွှဲ၍ မရနိုင်ကုန်ဟူ၍ လူ အတော်များများက တွေးထင် ယူဆထားကြသည်။ အကျပ်တည်းဆုံးသော၊ အခက်ခဲဆုံးသော အခြေအနေဆိုးမှာပင် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်း ဖော်ဆောင်နိုင်သည့် အကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း ၅၀က အမေရိကန် သမ္မတ ဂျွန်အက်ဖ် ကနေဒီ ကိုယ်တိုင် အထင်အရှား ပြသခဲ့သည်။ စစ်ပွဲ လမ်းဆုံးသို့ လျှောက်ရာလမ်းထက် ငြိမ်းချမ်းရေးသို့ ချီရာလမ်းက ပိုမို ကောင်းမွန်ကြောင်း ကနေဒီ၏ အမြော်အမြင်၊ အဟောအပြော နိုင်ငံရေး ကျွမ်းကျင်မှု စသည်တို့က အခိုင်အမာ သက်သေပြနေပေသည်။

သမိုင်းဖြစ်စဉ်များကို ပြန်ကြည့်လျှင် သမ္မတ ကနေဒီသည် စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံး အထွတ်အထိပ် ကာလ၌ နျူကလီးယား ဆူပါ ပါဝါကြီး နှစ်ခု ဖြစ်သော အမေရိကန်နှင့် ဆိုဗီယက် ပြည်ထောင်စုတို့ကို ငြိမ်းချမ်းရေးသို့ ရောက်ရှိအောင် ဆောင်ကြဉ်း ပေးနိုင်ခဲ့သည်။ လုံးဝ မဖြစ်နိုင် တော့ဟု အများက တွေးထင် ယူဆထားခဲ့ကြသော ၁၉၆၂ ခုနှစ် ကျူးဘား ဒုံးပျံ အကျပ်အတည်းတွင် ကနေဒီ၏ ဖြေရှင်း ဆောင်ရွက်ချက် စံနမူနာသည် ယနေ့ခေတ်သစ် ကမ္ဘာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအတွက်လည်း အကိုးအကားပြုစရာ ဖြစ်နေသေးကြောင်း ဂျက်ဖရီ ဒီဆာ့ခ်ျက ဆိုသည်။

၁၉၆၂ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ကျူးဘား ဒုံးပျံ အကျပ်အတည်းသည် ကမ္ဘာကြီး တစ်ခုလုံးကို အကြောက်တရားများ၊ အဆိုးမြင် သဘောထားများ လွှမ်းမိုးစေခဲ့ပြီး အမေရိကန်နှင့် ဆိုဗီယက်တို့သည် ပြန်လည် ပေါင်းထုပ်နိုင်ခြင်း မရှိနိုင်တော့သည့် အစွန်း တစ်ဖက်ဆီသို့ ရောက် ရှိသွားခဲ့ပြီ ဖြစ်ကြောင်း ကျွမ်းကျင်သူများက တထစ်ချ ယုံကြည်ထားခဲ့ကြသည်။ ယင်းကာလများတွင် ဆူပါ ပါဝါကြီး နှစ်ခုအကြား ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် နယူးယောက်နှင့် ဟာဗားနားသို့ သွားရောက်ကာ ကြားဝင် ညှိနှိုင်းပေးခဲ့သော မြန်မာနိုင်ငံသား အထွေထွေ အတွင်းရေးမှူးချုပ် သည်လည်း သမိုင်းဝင် စေ့စပ် ညှိနှိုင်းမှုများ၏ သမိုင်းမှတ်တိုင် တစ်ရပ်ကို စိုက်ထူနိုင်ခဲ့သလို ဒွိမဏ္ဍိုင် ကမ္ဘာ့ အစီအစဉ်၌ ကုလသမဂ္ဂသည် ငြိမ်းချမ်းသော အငြင်းပွားမှု စင်မြင့်အဖြစ်သို့ ရောက်ရှိစေခဲ့သည်။
ဤကြိုးပမ်းချက်နှင့် စပ်လျဉ်း၍ ဦးသန့်က ပြဿနာတိုင်းတွင် လတ်တလော ဖြေရှင်းရန်နှင့် ရေရှည် ဖြေရှင်းရန် ဟူ၍ မျက်နှာစာ နှစ်ဖက်ရှိသည်၊ ကုလသမဂ္ဂ၏ တာဝန်မှာ လတ်တလော ဖြေရှင်းရန် ရှိသည့် မျက်နှာစာ ဖြစ်သည်၊ လတ်တလော အကျပ်အတည်းကို ပါဝင်ပတ်သက်သူ သုံးဖွဲ့ ရှိသည့် အနက် နှစ်ဖွဲ့ လက်ခံသော သဘောတူညီချက်အရ ပြေလည်အောင် ဖြေရှင်းရမည်ဖြစ်သည် ဟူ၍ မှတ်တမ်းတင်ခဲ့သည်။

စစ်ပွဲကို လွှဲရှောင်ရေး

ယင်းခေတ်ကာလ ကျွမ်းကျင်သူများက ဆူပါ ပါဝါ နှစ်ဖက်စလုံးက နျူကလီးယား တိုက်ခိုက်မှု စတင်မည် မဟုတ်၊ နျူကလီးယား အင်အား ချိန်ခွင်လျှာ ညီမျှရေးကိုသာ ဦးတည်ကြမည်ဟု ခန့်မှန်း ခဲ့ကြသော်လည်း လက်တွေ့ ကြုံတွေ့ခဲ့ရသူ သမ္မတ ကနေဒီမှာ ယင်းတို့ ခန့်မှန်းချက်ထက် သာလွန်သော ဘေးအန္တရာယ်ကြီး ဖြစ်ပေါ်လာနိုင်ကြောင်း လက်ခံ ယုံကြည်ထားခဲ့သည်။ ယင်းသို့ သော နှစ်ဦး နှစ်ဖက် ထိပ်တိုက် ရင်ဆိုင်မိနေသော အကျပ်အတည်း ကာလတွင် မတော်တဆမှုများ၊ ကောက်ချက် အမှားများ၊ သဘောထား တင်းမာသူတို့၏ ရန်လိုမှုများ၊ နည်းဗျူဟာ အမှားများ စသည် တို့ကြောင့် စစ်ပွဲ အတွင်းသို့ ချက်ချင်း သက်ဆင်း ကျရောက်သွားနိုင်သည်။ ကျူးဘား ဒုံးပျံ အကျပ်အတည်းတွင် အမေရိကန်နှင့် ဆိုဗီယက်တို့ နျူကလီးယား စစ်ပွဲသို့ ကူးပြောင်း ရောက်ရှိသွား နိုင်မှုသည် နှစ်ဖက်စလုံး၏ ဆန္ဒ သဘောထားကြောင့် မဟုတ်ဘဲ ကောက်ချက် အမှား ဆက်တိုက် ပြုမူမိခြင်း၊ သဘောထား တင်းမာသူတို့၏ ဖိအားပေးမှုများ ဆက်တိုက် ကြုံတွေ့လာရခြင်း စသည်တို့ ကြောင့် ဖြစ်နိုင်သည်။

ဤသို့သော အခြေအနေတွင် နှစ်ဖက်အကြား ပေါက်ကွဲမှုကြီးအတွက် မီးစ ဖြစ်နိုင်သော အခြေအနေ များကို ရှောင်လွှဲနိုင်ရန် ညီကနေဒီနှင့် အိမ်ဖြူတော် ရုံးအဖွဲ့တို့က Chain of Command ကို ကျော်လွန်၍ ကင်းထောက် လေယာဉ်မှူးများဆီအထိ တိုက်ရိုက် ဆက်သွယ်ကာ ကြိုးပမ်းခဲ့ကြ ရသည်။ ကျူးဘား မြေပြင် တပ်ဖွဲ့များက အမေရိကန် ကင်းထောက် လေယာဉ်ကို လေယာဉ်ပစ် စက်သေနတ်များနှင့် ပစ်ခတ်၍ လေယာဉ်တောင်ပံ ဆန်ခါပေါက် ဖြစ်ခဲ့ရသည်ကို လေယာဉ်မှူးက စာကလေး ငှက်အုပ်နှင့် တိုးမိသည်ဟူ၍ ဖြေကြားခဲ့သည်။ ဤသည်မှာ သမ္မတရုံးက လေယာဉ်မှူးထံ တိုက်ရိုက် ဆက်သွယ်ကာ “မင်းအပစ်ခံရလို့ မရဘူး။ မင်းတစ်ချက် အပစ်ခံရတာနဲ့ စစ်ဖြစ်ပြီ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မင်းအပစ်မခံရဘူးဆိုတာ မှတ်ထားပါ” ဟူ၍ ကြိုတင် မှာကြား ထားခဲ့ခြင်း ကြောင့် ဖြစ်သည်။ နှစ်ဖက် တင်းမာနေသော ထိပ်တိုက် ရင်ဆိုင်နေရသည့် အချိန်မရွေး စစ်ဖြစ်နိုင် သည့် အကျပ်အတည်းကို မည်သို့ စီမံ ခန့်ခွဲရသည်ကို ထင်သာ မြင်သာစေသည့် ဖြစ်စဉ် ဖြစ်ရပ်များ လည်းဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ထာဝရ သစ္စာတရား

၁၉၆၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတ ကနေဒီ ပြောကြားခဲ့သော သမိုင်းဝင် ငြိမ်းချမ်းရေး မိန့်ခွန်းမှာ ထူးခြား လေးနက်လှသည်။ ယင်းကာလတွင် အမေရိကန်ဘက်က တောင်းဆိုချက် တသီတတန်း ကြီး ပါရှိလာမည်ဟု ကမ္ဘာ တစ်ဝန်းလုံးက မျှော်လင့်ထားခဲ့ကြသော်လည်း ကနေဒီ၏ မိန့်ခွန်းတွင် စိတ်ဝင်စားဖွယ်ရာ၊ အံ့အားသင့်ဖွယ်ရာ တိုက်တွန်းချက်များ ပါဝင်လာခဲ့သည်။ ဆိုဗီယက်ဘက်ကို တောင်းဆိုမှုများ၊ ရာဇသံ ပေးခြင်းများ မပါဝင်ဘဲ အမေရိကန်များအနေဖြင့် စစ်ပွဲနှင့် ငြိမ်းချမ်းရေး အပေါ် ထားရှိသော ရပ်တည်ချက်တို့ကို ပြန်လည် စဉ်းစား သုံးသပ်ရန် ပြောကြားခဲ့ပြီး ဆိုဗီယက် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေး ပြုလုပ်နိုင်မည့် လမ်းကြောင်း တစ်ခု ရှိသည်ဟု ယုံကြည်ထားကြောင်း လည်း ထုတ်ဖော် ပြောကြားခဲ့သည်။

“ပထမဆုံး ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ သဘောထားကို ကျွန်တော်တို့ ပြန်ပြီး ဆန်းစစ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ထဲက အတော်များများက ဒါဟာ မဖြစ်နိုင်ဘူးလို့ ထင်နေကြပါတယ်။ အတော်များများက ဒါဟာ လက်တွေ့မကျဘူးလို့ ထင်နေကြပါတယ်။ ဒါပေမဲ့လည်း ဒီလို တွေးထင် ယူဆနေတာဟာ အန္တရာယ်ကြီးလှတဲ့ လက်မြှောက် အရှုံးပေးမှု တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီအတွေးအခေါ်တွေက လူသားတွေ သေကျေ ပျက်စီးစေမယ့် စစ်ပွဲကြီးကို ရှောင်လွှဲလို့ မရတော့ဘူး။ စစ်ဖြစ်မယ့် အခြေအနေကို ထိန်းလို့မရနိုင်တော့ဘူးဆိုတဲ့ ယုံကြည်မှုကို ဖြစ်ပေါ်လာစေပါတယ်။ ဒီသဘောထား ရှုမြင်ချက်ကို ကျွန်တော်တို့ အလွယ်တကူ လက်မခံမိဖို့၊ လက်မခံကြဖို့ လိုပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ လူသားတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပြဿနာတွေကို ကျွန်တော်တို့ လူသားတွေကပဲ ဖြေရှင်းနိုင် ရပါလိမ့်မယ်။”

“ကျွန်တော်တို့ဟာ တစ်ဖက်က လက်နက်တွေကို တန်ပြန် ချေမှုန်းနိုင်မယ့် လက်နက် အသစ်တွေ ဖြစ်ထွန်းစေပြီး တစ်ဖက်နဲ့ တစ်ဖက် သံသယတွေ ကြီးမားသည်ထက် ကြီးမားလာစေတဲ့ အဆိုးမြင် အန္တရာယ် စက်ဝန်းထဲမှာ ပိတ်မိနေခဲ့ ကြပါတယ်။”

“နိုင်ငံတွေကြားက ရန်ငြိုးတွေ၊ လူပုဂ္ဂိုလ်တွေကြားက အာဃာတတွေ ဒါတွေဟာ ထာဝရ တည်တံ့ မနေဘူးဆိုတာလည်း သမိုင်းက ကျွန်တော်တို့ကို ပြသနေပါတယ်။ ကျွန်တော်တို့ ကြိုက်နှစ်သက် တယ်လို့ ယူဆထားပေမယ့်လည်း နောင်တစ်ချိန်မှာ ကြိုက်နှစ်သက်စရာ မကောင်းဘူးလို့ ထင်လာ တာတွေလည်း ရှိပါတယ်။ အချိန်ကာလဆိုတဲ့ ဒီရေနဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေကြောင့် နိုင်ငံတွေ အချင်းချင်း အကြား၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေမှာ အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ်လာတတ်ပါတယ်။”

သမ္မတ ကနေဒီသည် မှန်ကန်လှသော လောက သစ္စာတရားကို ထုတ်ဖော်ခဲ့သူဖြစ်ပြီး ယင်းသင်ခန်းစာ ကို မျက်မှောက်ခေတ်တွင်လည်း ထိထိရောက်ရောက် အသုံးချနိုင်မည်ဖြစ်ကြောင်း ဆာ့ခ်ျက ဆိုသည်။ ယနေ့ အမေရိကန်သည် အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘား၊ အရှေ့အလယ်ပိုင်း စသည်တို့တွင် ဧကန်မဲ့မှုများနှင့် ယုံကြည်မှု ကင်းမဲ့ခြင်းများ ကြုံတွေ့နေရသလို အမေရိကန် မပါဝင်သော၊ ကမ္ဘာတစ်ဝန်းရှိ မရေမတွက်နိုင်သော ပဋိပက္ခများသည်လည်း အလားတူဖြစ်ကြောင်း ဆာ့ခ်ျက ဆိုသည်။

အထက်ပါ ပဋိပက္ခများ အားလုံးကို ကြည့်လျှင် အကျိုးစီးပွားနှင့် ယဉ်ကျေးမှု တန်ဖိုးများ ထိပ်တိုက် တိုးမိခြင်းကြောင့် ရန်လိုမှုနှင့် အမုန်းတရားများ ရှောင်လွှဲမရတော့ဟု အတော်များများက ထင်မြင် ယူဆထားကြကြောင်း၊ အမေရိကန် သမ္မတ အိုဘားမားအနေနှင့် အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘား နိုင်ငံများနှင့် ဆက်ဆံရာတွင် နောက်ထပ် ခြေလှမ်းများ တက်လှမ်းသင့်ကြောင်း၊ ထိုသို့ ခြေလှမ်းသစ် များ တက်လှမ်းရာတွင် သမ္မတ ကနေဒီ ထားရစ်ခဲ့သော ငြိမ်းချမ်းရေး အမွေကို အသုံးချ ဆောင်ရွက် သင့်ကြောင်း ဆာ့ခ်ျက တိုက်တွန်း ပြောကြားထားသည်။

မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကျူးဘားအရေး မျဉ်းပြိုင်

ကနေဒီ၏ ကျူးဘား ဒုံးပျံ အကျပ်အတည်းက ပေးထားရစ်သော ငြိမ်းချမ်းရေး သင်ခန်းစာကို ဂျက်ဖရီ ဒီဆာ့ခ်ျ ပြောသလို ကျန် ကမ္ဘာ တစ်ဝန်း ပဋိပက္ခများနှင့် မျဉ်းပြိုင် ဆွဲကြည့်နိုင်သကဲ့သို့ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး ခရီးကြမ်းနှင့်လည်း တိုက်ဆိုင်စစ်ဆေး ကြည့်နိုင်သည်။ ကနေဒီနှင့် အိမ်ဖြူတော်ရုံး အဖွဲ့သည် ကွန်ဆာဗေးတစ်များ၏ ဖိအားပေးမှုကို ကြံ့ကြံ့ခံကာ စစ်ပွဲကို ရှောင်လွှဲ ခဲ့ကြရသလို ခရူးရှက်ဗ်၏ သဘောထား အစစ်အမှန်ကို သိရှိနိုင်ရန်လည်း သံတမန် လမ်းကြောင်း၊ ထောက်လှမ်းရေး လမ်းကြောင်း မဟုတ်သည့် အရပ်သား ဆက်သွယ်ရေး လမ်းကြောင်း အသစ်ကို အသုံးပြုခဲ့ကြရသည်။ ငြိမ်းချမ်းရေး ဒိုင်ယာလော့ တစ်ရပ် ကမ်းလှမ်းနိုင်ရန်အတွက် ခရူးရှက်ဗ်ဘက်မှ ထွက်လာသော စကားလုံးများကို ပိုင်းခြား လေ့လာ သုံးသပ်ခဲ့ရသလို ၎င်းတို့ဘက်မှ ခိုင်မာသော လိုက်လျောမှုကိုလည်း အဆိုပါ ချယ်နယ်မှ ပေးပို့ခဲ့ကြရသည်။နောက်ဆုံး ခရူးရှက်ဗ်၏ ပေးစာ နှစ်စောင်ကို ခွဲခြမ်း စိတ်ဖြာကာ မည်သည်က ခရူးရှက်ဗ်၏ သဘောထား အစစ်အမှန်လဲဟူသည်ကို ခွဲခြားခဲ့ရသည်အထိ ဖြစ်သည်။

ယခုအခါတွင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော နိုင်ငံတော် သမ္မတကြီး၊ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် မီဒီယာများ၊ ပြည်သူများ အားလုံးက ငြိမ်းချမ်းရေးသည် လတ်တလော လိုအပ်ချက်၊ ယင်းဒေသများ ဖွံ့ဖြိုး တိုးတက်ရေးသည် ရေရှည် လိုအပ်ချက်အဖြစ် တညီတညွတ် တည်း သဘောတူညီနေကြပြီ ဖြစ်သည်။ မဟာဗျူဟာ သဘောဖြစ်သော ရည်မှန်းချက် မူဘောင်များ ထပ်တူညီနေပြီ ဖြစ်ရာ နည်းဗျူဟာ သဘောဆောင်သော လုပ်ငန်းစဉ်များ၊ နည်းလမ်းများကြောင့် အဓိက အရေးကြီးသော မဟာဗျူဟာ တူညီချက် ပျောက်ပျက်မသွားရန် အရေးကြီးနေပြီ ဖြစ်သည်။ လူသားများ အစပြု ဖန်တီးခဲ့သော ပဋိပက္ခနှင့် ပြဿနာများကို ယနေ့ မြန်မာနိုင်ငံ၏ Stakeholder အားလုံး ပါဝင်သော လူသားများကပင် ပြန်လည် ဖြေရှင်း ငြိမ်းချမ်းစေသင့်ပြီ ဖြစ်သည်။ အလားတူ အကဲဆတ်လှသော ငြိမ်းချမ်းရေး အဆင့်တိုင်းတွင် ကွန်ဆာဗေးတစ် ယိမ်းသော အတွေးအခေါ်များ သတိပြု ဆင်ခြင်သင့်ပြီ ဖြစ်သလို ငြိမ်းချမ်းရေးကို အလွယ်တကူ ကျောမခိုင်းရန်လည်း အရေးကြီး လှပေသည်။ ငြိမ်းချမ်းရေး တည်ဆောက်ရေးသည် သန်း ၆၀ အတွက် အရေးတကြီး လိုအပ်နေသော နိုင်ငံ တည်ဆောက်ရေးပင်ဖြစ်ရာ အားလုံး ပါဝင်သော ငြိမ်းချမ်းရေးသို့ ချီရာလမ်း၌ သမ္မတ ကနေဒီ ပြောကြားခဲ့သလို ငြိမ်းချမ်းရေးအပေါ် ထားရှိသော သဘောထား အမြင်များ၌ ‘မဖြစ်နိုင်’ ဟူသော အယူအဆများ ဖယ်ခွာချပါမည့်အကြောင်း၊ Concept ဟူသော မူဘောင် အငြင်းပွားမှု၌ အခြေခံဥပဒေ ပြင်ဆင်ရေးအထိ အားလုံး ပါဝင်သော ဘုံသဘောတူညီချက် ရရှိထားပြီးဖြစ်ရာ Process ဟူသော နည်းလမ်းဆိုင်ရာ အငြင်းပွားမှုများကို သန်း ၆၀ ကို မျက်နှာမူသော စေ့စပ် ညှိနှိုင်းမှုဖြင့်သာ အဖြေ ရှာကြပါမည့်အကြောင်း ရေးသား တင်ပြလိုက်ရပေသည်။

[Ref – JFK’s Enduring Legacy in Peacemaking by Jeffrey D. Sachs]

Copyright © 2013 The Voice
All rights reserved
Powered by The Voice