Fri, 18th April, 2014
Saturday, 13 July 2013 10:04

မြန်မာ့ပညာရေး အရည်အသွေး မြင့်မားရေးနှင့် ခေတ်မီ ပညာရေးစနစ်သို့ ပြောင်းလဲရေး

Written by  ဦးတင်စော

 

ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲကြမယ်ဆိုရင် ပညာရေးမှာရှိတဲ့ အပိုင်းကဏ္ဍ နှစ်ပိုင်းဖြစ်တဲ့ အခြေခံ ပညာရေးနဲ့ အဆင့်မြင့် ပညာရေးဆိုတဲ့ အပိုင်းတွေကို သီးခြားမဟုတ်ဘဲ ဆက်စပ်ပြီး ပြုပြင် ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ပထမဦးစွာ ပြုပြင် ပြောင်းလဲသင့်တဲ့ အပိုင်းကတော့ အခြေခံပညာရေး အပိုင်း ဖြစ်ပါတယ်။ အခြေခံပညာရဲ့ ဘာကို ပြောင်းလဲသင့်သလဲဆိုရင် သင်ကြား၊ သင်ယူမှုအပိုင်းကို အဓိက ပြုပြင် ပြောင်းလဲသင့်တယ်လို့ ယူဆပါတယ်။

သင်ကြား၊ သင်ယူမှု အပိုင်းကို ပြောင်းမယ်ဆိုရင် အဲဒီအထဲမှာပါတဲ့ သင်ကြားနည်းစနစ်၊ ဆရာ၊ ဆရာမများရဲ့ လိုအပ်နေတဲ့ အရည်အသွေး မြင့်မားမှုအပိုင်း၊ ဆရာ၊ ဆရာမများရဲ့ အာမခံချက်ရှိတဲ့ ဘဝဖူလုံမှု အပိုင်း၊ ပြောင်းလဲမယ့် သင်ကြားနည်း စနစ်ကို နိုင်ငံတကာ အကူအညီနဲ့ တောရော မြို့ပါ အခြေခံပညာ ကျောင်းများကို လိုက်နာ ဆောင်ရွက် အကောင်အထည်ဖော်သည်အထိ စနစ်ကျနစွာ ဆောင်ရွက်မှု အပိုင်း၊ နိုင်ငံတော်က ခေတ်မီ သင်ထောက်ကူ ပစ္စည်းများ၊ ဆရာနဲ့ ကျောင်းသားအချိုး မျှတမှု ရှိ မရှိ စတဲ့ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်မှု အပိုင်း၊ ယခင်က ရှိခဲ့တဲ့ အောင်ချက်ကို အဓိကထားရာကနေပြီး နိုင်ငံသားတိုင်း ပညာအရည်အသွေး မြင့်မားပြီး နိုင်ငံအကျိုးပြု ပညာများ ရရှိရေးကို ကျောင်းသား မိဘများကပါ အင်အားအပြည့် ပါဝင်ရေးဟာလည်း အဓိက လိုအပ်တယ်လို့ တင်ပြ ဆွေးနွေးလိုပါတယ်။

ယနေ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံသစ်ဆီကို ဦးတည် ပြောင်းလဲနေပါပြီ။ နိုင်ငံရေး၊ စီးပွားရေး ကစပြီး နိုင်ငံတော်ရဲ့ လိုအပ်တဲ့ အပိုင်းတွေကို ဒီမိုကရေစီ စံနှုန်းအတိုင်း မီနိုင်အောင် ပြုပြင်ပြောင်းလဲ စ ပြုနေပါပြီ။ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ ပညာရေး တိုးတက်ဖို့ဟာ အဓိက လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ယခုရှိနေတဲ့ ပညာရေးစနစ် ပျက်စီး ယိုယွင်းလာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အဲဒီကာလအတွင်းမှာ ရှိခဲ့ကြတဲ့ လူငယ် ကျောင်းသားထု တစ်ရပ်လုံးဟာလည်း ဘွဲ့၊ ဒီဂရီတွေတော့ ရခဲ့ကြပါတယ်။ ဒါပေမဲ့ နိုင်ငံအကျိုးပြု လုပ်ငန်းခွင်မှာ အသုံးချနိုင်မှု မရှိခဲ့ကြဘူး။ လူငယ်များဟာ နိုင်ငံအတွက် လိုအပ်တဲ့ အရည်အသွေးတွေ ကျဆင်းသွားခဲ့ကြတယ်။ နောင်တစ်ချိန် ရဲ့ ဒီမိုကရေစီ နိုင်ငံသစ်မှာ အဓိက နေရာယူ ဆောင်ရွက်ကြရမှာက ဒီနေ့ လူငယ်တွေပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီနေ့လူငယ်တွေကို ဘက်စုံ တိုးတက်အောင် ခုချိန်ကစပြီး ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ အဓိက လိုအပ်နေတဲ့ အပိုင်းက ပညာရေးစနစ်နဲ့ လူငယ်များရဲ့ ကျန်းမာကြံ့ခိုင်ရေးအပိုင်း ဖြစ်ပါတယ်။

လက်ရှိ ပညာရေးစနစ်ကို ဘာကြောင့် ပြောင်းလဲချင်ကြသလဲဆိုရင် သာလိကာ၊ ကြက်တူရွေး ပညာရေး စနစ်လို့ အမည်ပေးခံခဲ့ရတဲ့ အလွတ်ကျက်မှတ် ပညာရေးစနစ် ဖြစ်နေလို့ပါ။ ပညာတစ်ခုကို ဆရာက မှတ်စုပေးတယ်။ ဒါကို အလွတ် ကျက်မှတ်တယ်။ စာမေးပွဲမှာ ကျက်ထားတာပါရင် ဖြေတယ်၊ အောင်တယ်။ အဲဒီ ကျက်ထားတာတွေ ကြာရင် မေ့တယ်။ ဘွဲ့ရပြီး မကြာခင်မှာ အဲဒီကျက်ထားတဲ့ ပညာတွေ မရှိတော့ဘူး။ သင်ခန်းစာရဲ့ အနှစ်အရသာကို မသိ၊ အတတ်ပညာကိုလည်း တတ်ကျွမ်းမှု မရှိခဲ့တော့ နိုင်ငံအတွက် အကျိုးရှိစွာ အသုံးမချနိုင်တော့ဘူး။ ဒါကြောင့် ဒီနေ့ ပညာရေးဟာ ကလေးတွေရဲ့ဉာဏ်ရည် (မှတ်ဉာဏ်) ကိုသာ အဓိကထား သင်ကြား စစ်ဆေးလာခဲ့တဲ့ ပညာရေး ဖြစ်ပါတယ်။ သင်ထားတဲ့ ပညာ (အလွတ်ကျက်မှတ် ပညာ) ကို အသုံးချတတ်မှုလွန်စွာ နည်းကြ ပါတယ်။ သိပ္ပံဘာသာရပ်ဆိုတာ ကျက်မှတ်ထားရုံနဲ့ အသုံးမချတတ်ပါဘူး။ ဥပမာ-ဓာတ်ငွေ့ တစ်ခုရဲ့ ဓာတ်ခွဲခန်းမှာ ထုတ်ဖော်ပုံကို သင်ယူတဲ့အခါ အလွတ် ကျက်တယ်၊ ဖြေတယ်။ အဲဒီ ကျောင်းသားကို ဓာတ်ခွဲခန်းမှာ ကိုယ်တိုင် ထုတ်တတ်သလားလို့ မေးခဲ့ရင် မတတ်ဘူးလို့ ဖြေကြမှာ။ အခုခေတ်မှာ လက်တွေ့ခန်းဆိုတာမှာ အသုံးချ သင်ကြားတယ်၊ လက်တွေ့ လုပ်ခိုင်းတယ်ဆိုတာ အင်မတန်မှ နည်းကြပါတယ်။ ဒီနေ့ ပညာရေးကို မှတ်ဉာဏ် ဦးစားပေးကနေပြီး ကိုယ်တိုင်အသိ၊ ကိုယ်တိုင် အတတ်၊ ကိုယ်တိုင် အဖြေရှာ ပညာရေးကို ပြောင်းချင်ကြတာပါ။

ကျောင်းသားတွေဟာ သင်ခန်းစာပါ အကြောင်းအရာတွေကို ကိုယ်တိုင် ရှာဖွေလေ့လာ၊ ဆရာကို တင်ပြ၊ ဆွေးနွေး၊ ပြုစုဖို့ လိုအပ်ပါတယ်။ သိပ္ပံဘာသာရပ်တွေ ဆိုရင် ဆရာ သင်ကြား ပို့ချခဲ့တာကို လက်တွေ့ခန်းမှာ လေ့လာ၊ လေ့ကျင့်၊ အဖြေရှာ၊ အဲဒီကရတဲ့ ပညာရပ်တွေကို ဆရာကို တင်ပြ၊ ဆွေးနွေးပြီး အတတ်ပညာကို ရှာဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် ကလေးများရဲ့ စူးစမ်း လေ့လာလိုစိတ်၊ အမှားအမှန်ကို ရဲရဲရင့်ရင့် သတ္တိရှိရှိနဲ့ ပြောရဲ၊ တင်ပြရဲတဲ့ စိတ်တွေ ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ။ မိဘ၊ ဆရာများက ပျောက်ဆုံးနေတဲ့ စိတ်တွေကို ပြုစု ပျိုးထောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ ဒီနေ့ ကလေး အတော်များများဟာ ပညာသင်ယူကြတဲ့အခါမှာ ဆရာပေးတဲ့ သင်ခန်းစာကို ရေးမှတ် ကူးယူပြီး ငြိမ်သက်စွာ သင်ယူနေကြတာကို တွေ့ရ ပါတယ်။ သူတို့ကိုယ်တိုင် ပါဝင် ဆွေးနွေးခြင်း၊ သိလိုသော အရာကို မေးမြန်းခြင်း၊ တင်ပြခြင်း မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမများက လည်း သင်ကြားတဲ့ ဘာသာရပ်အတွက် မေးမြန်းခွင့်၊ ဆွေးနွေးခွင့်တွေ ပေးတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ငါပြောတာကို နားထောင်၊ လေကြော မရှည်နဲ့၊ အမေးအမြန်းကို ထူတယ်။ ကလေးများ သိလိုစိတ်၊ တတ်လိုစိတ်၊ မေးမြန်းစိတ်တွေကို ချိုးနှိမ်ပြီး ပိတ်ပင်ခဲ့ကြတာ နှစ်ပေါင်း များစွာ ကြာခဲ့ပါပြီ။ ဒီမိုကရေစီနိုင်ငံရဲ့ သားကောင်းများ ဖြစ်ထွန်း ပေါ်ပေါက်ရေးကို ရှေးရှုမယ်ဆိုရင် ပြောရဲ၊ ဆိုရဲ၊ တင်ပြရဲ၊ ဝေဖန် သုံးသပ်တတ်ရေး စတာတွေကို ပညာသင်တဲ့ ငယ်ရွယ်စဉ် ကာလကပဲ လေ့ကျင့် ပြုစု ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ဆရာကို ရင်းနှီးအောင် လေ့ကျင့်ပေးဖို့ လိုသလို ဆရာကို မကြောက်အောင်လည်း လေ့ကျင့်ပေးဖို့ လိုပါတယ်။

အခု အခြေအနေက ကလေး အများစုဟာ အကြောက်တရား လွှမ်းမိုးပြီး ထိုးထောင်ထွက်နေတဲ့ ဗီဇ သတ္တိလေးတွေတောင် ငုပ်လျှိုး ကွယ်ပျောက်သွားခဲ့တယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ မိဘဖြစ်ဖြစ်၊ ဆရာဖြစ်ဖြစ် မိမိရဲ့ သားသမီး၊ တပည့်တို့ရဲ့ ဝေဖန် ဆွေးနွေး၊ အကြံပေး၊ တင်ပြချက်တွေကို အရေးတယူ လက်ခံသင့်ပါတယ်။ အခုကတော့ ငါဆရာကွ၊ ငါတို့က မင်းရဲ့ မိဘတွေကွ၊ ငါတို့ကို ဝေဖန် ထောက်ပြနေစရာ မလိုဘူးဆိုတဲ့ အာဏာရှင်စိတ်ဓာတ် မမွေးဖို့ အထူး လိုအပ်ပါတယ်။ ‘ငါ၏ လုပ်ဟန်၊ အားလုံးမှန်သည်၊ ဝေဖန်သူတို့ ဖောက်ပြန်၏’ ဆိုတဲ့စိတ်မျိုး မရှိဖို့ မိဘနဲ့ ဆရာတွေမှာ အထူး လိုအပ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ ‘အတိုက်အခံပြောသူ တို့ရန်သူ’ လို့ သတ်မှတ်လာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ကလေးက လူကြီးအထိကို အတိုက်အခံပြောတာ လက်မခံခဲ့ဘူး။ အတိုက်အခံဆိုတာ အမှားကို ထောက်ပြ၊ အမှန်ကို တင်ပြသူတွေသာ ဖြစ်ပါတယ်။ ဝေဖန် ထောက်ပြသူတွေ ဟာ မိုက်ကန်းသူ၊ ပုန်ကန်သူတွေ မဟုတ်ကြပါဘူး။ အတိုက်အခံမရှိတဲ့ အဖွဲ့ အစည်း၊ နိုင်ငံဟာ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ အတိုက်အခံကို လက်မခံတဲ့ နိုင်ငံ အများစုဟာ အာဏာရှင်နိုင်ငံများသာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘ၊ ဆရာများဟာ သားသမီး၊ တပည့်တွေရဲ့ မှန်ကန်တဲ့ လမ်းကြောင်းက အတိုက်အခံ ဝေဖန် ပြောကြားလာခဲ့ရင် ကျိုးကြောင်း ဆက်စပ် တွေးတောပြီး ကလေးများရဲ့ စိတ် ဗီဇလေးကို အနာတရဖြစ်အောင် ရိုက်မချိုးဘဲ ပြုစု ပျိုးထောင်ပေးဖို့ အထူး လိုအပ်ပါတယ်။

ပညာရေးဌာနအနေနဲ့ ခေတ်မီ တိုးတက်တဲ့ ပညာရေးစနစ်အဖြစ် ပြုပြင်ပြောင်းလဲဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ကြိုးစားခဲ့ကြပါတယ်။ အခြေခံ ပညာရေးကို စတင် စမ်းသပ်ခဲ့တယ်။ ဒီနေ့လူတိုင်း ပြောနေတဲ့ ကြက်တူရွေး ပညာရေးစနစ် ပျောက်ကွယ် ဖျက်သိမ်းဖို့ ကြိုးစားခဲ့ကြတယ်။ အဓိက ကတော့ သင်ကြားနည်း၊ သင်ယူနည်းတွေကို ပြုပြင်ဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီ စမ်းသပ်တဲ့ သင်နည်းတွေထဲက Child Center Approach (CCA) လို့ ခေါ်တဲ့ ကလေးကို ဗဟိုပြုတဲ့ သင်နည်း ကတော့ ဒီနေ့ လူအများ လက်ခံပြီး ပြောင်းယူလိုနေကြတဲ့ သင်နည်းပါပဲ။ အခြေခံပညာကျောင်း တွေမှာ သုတေသနပြု စမ်းသပ်ခဲ့ကြတယ်။ ပြီးတော့ ပညာရေးကောလိပ်က တစ်ဆင့် ဖြန့်ပေးတယ်။ ပညာရေးကောလိပ် ဆရာ၊ ဆရာမများကို သင်တန်း အကြိမ်ကြိမ်ပေးတယ်။ မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးမှူးများကို သင်တန်း အကြိမ်ကြိမ် ပေးတယ်။ ပညာရေး ကောလိပ်များက ဆရာ၊ ဆရာမများဟာ သင်တန်းလာတက်ကြတဲ့ သင်တန်းသူ၊ သင်တန်းသားများကို ပို့ချပေးတယ်။ အဲဒီ သင်တန်းသူ၊ သင်တန်းသားများ သင်တန်းဆင်းသွားပြီး လုပ်ငန်းခွင် ဝင်သွားရင် ကလေးဗဟိုပြု သင်ကြားနည်းကို စတင် အကောင်အထည်ဖော် သင်ကြားဖို့ အထပ်ထပ် မှာကြားခဲ့တယ်။ ဒါပေမဲ့ လုပ်ငန်းခွင် ဝင်သွားတာနဲ့ အောင်ချက် အဓိကထား သင်ကြားရတဲ့အခါမှာ မှတ်စုခေါ်ပေး၊ အလွတ် ကျက် ပညာရေးစနစ်ထဲပဲ စီးဝင်သွားကြတယ်။

ပညာရေး ကောလိပ်တွေက သင်ကြား ပို့ချပေးလိုက်တဲ့ ကလေးဗဟိုပြု သင်နည်းဟာ ကျောင်းသား ကိုယ်တိုင် အားထုတ် သင်ယူမှုကို လွတ်လပ်စွာ ရှာဖွေပြီး စဉ်းစား၊ တွေးခေါ်၊ စုဆောင်း တင်ပြတဲ့နည်း တစ်နည်းပြောရရင် ကျောင်းသားဟာ သင်ယူမှု ပညာကို ကိုယ်တိုင်ရှာဖွေ လေ့လာစုဆောင်းပြီး ဆရာကို တင်ပြပြီး ဆရာများကလည်း သင်ယူမှုစွမ်းရည်ကို အကဲဖြတ်ကာ ထိရောက်တဲ့သင်ပေး သင်ယူမှုကို ဦးစားပေးတဲ့ သင်နည်း ဖြစ်ပါတယ်။ စာမေးပွဲ စစ်ဆေး အကဲဖြတ်တဲ့အခါမှာလည်း ကလေးများရဲ့ သင်ယူမှု စွမ်းရည်ကို စစ်ဆေးတဲ့ ပညာရေးဖြစ်ဖို့ လိုအပ်ပါတယ်။ အခုကတော့ ပညာရေး ကောလိပ်က ပို့ချပေးလိုက်တဲ့ သင်ကြားနည်းက တစ်မျိုး၊ အခြေခံ ကျောင်းများရဲ့ သင်ကြားမှုနှင့် သင်ယူမှု စစ်ဆေးအကဲဖြတ်မှု တစ်ဖုံ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ပညာရေး ကောလိပ်မှာ သင်ကြား ပို့ချပေးနေတာနဲ့ အခြေခံပညာ ကျောင်းများရဲ့ သင်ကြား သင်ယူမှုဟာ အဆက်အစပ် ပြတ်လပ်နေတာကို တွေ့ရပါတယ်။ အခု နောက်ဆုံး သိရတာကတော့ အခြေခံ ကျောင်းများအားလုံး (CCA) (ကလေး ဗဟို သင်နည်း) အတိုင်း တိတိကျကျ လိုက်နာ သင်ကြား ရမယ်လို့ ညွှန်ကြားထားပြီဆိုတာ သိရပါတယ်။ အဓိက ကတော့ မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးမှူး များက သေသေချာချာ ကြပ်မတ် ပြုပြင်ပြောင်းလဲပေးဖို့ အထူး လိုအပ်ပါတယ်။ အောင်ချက်ကောင်း ကို အဓိကထားနေမှုဟာလည်း ပြုပြင် ပြောင်းလဲရန် လိုအပ်တဲ့ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်ပါ တယ်။

သင်ကြား သင်ယူမှု ပြုပြင်ပြောင်းလဲရေး ကဏ္ဍမှာ အဓိကက ဆရာများရဲ့ သင်ခန်းစာ ကြိုတင် ပြင်ဆင်မှုဟာ အရေးတကြီး လိုအပ်ပါတယ်။ သင်ခန်းစာတစ်ခု သင်တော့မယ်ဆိုရင် မိမိသင်ကြားမယ့် သင်ခန်းစာကို CCA နဲ့ ဘယ် သင်နည်းကို အသုံးပြု သင်ရမယ်၊ သင်ကြားတဲ့အချိန် ဘယ်လောက် သုံးပြီး သင်ခန်းစာကို သင်မယ်၊ အဲဒီနေရာမှာ ဘယ် သင်ထောက်ကူတွေကို သုံးမယ်၊ အဲဒီသင်ခန်းစာ နဲ့ ပတ်သက်ပြီး ကလေးတွေ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ဖို့ စာကြည့်တိုက်က ဘယ် စာအုပ်တွေ ကို ကြိုတင်ရှာဖွေ ပြင်ဆင်ထားရမယ်။ သင်ထောက်ကူ ပစ္စည်းတွေကို စုံစုံလင်လင် ပြင်ဆင်ထားဖို့ အထူး လိုအပ်ပါတယ်။ ပစ္စည်းစစ်၊ ပစ္စည်းတု၊ ကားချပ်၊ VCD, Slide, Internet စသည်ဖြင့် ကြိုတင် ပြင်ဆင်ထားဖို့ လိုပါမယ်။ ကလေးများဟာ သင်ခန်းစာနဲ့ ပတ်သက်တဲ့ စာအုပ်ဆိုလို့ လေ့ကျင့်ခန်း Text Book တစ်ခုပဲ ရှိကြတော့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ဖို့ ကျောင်းက စာကြည့်တိုက်တွေမှာ သင်ရိုးပါ သင်ခန်းစာနဲ့ ပတ်သက်တဲ့ အခြား စာအုပ်တွေ ရှာဖွေ စုဆောင်းထားဖို့ လိုအပ်ပါတယ်။ သိပ္ပံဘာသာရပ်များအတွက် ဓာတ်ခွဲခန်းမှာ သင်ခန်းစာနဲ့ ပတ်သက်တဲ့ ပစ္စည်းများစုံဖို့ လိုသလို ဓာတ်ခွဲခန်းကို အမှန်တကယ် အသုံးပြု သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ဒါတွေကို တကယ် အသုံးပြု မပြု ပုံမှန် စစ်ဆေး ဆောင်ရွက်နေဖို့ လိုပါတယ်။

အခြေခံကျောင်း တချို့တွေမှာ TV, VCD အောက်စက်၊ Computer တွေ ပေးထားတာတွေ ရှိကြပါတယ်။ အသုံးပြု သင်ကြားသလား၊ သင်ကြားနိုင်မှုရော ရှိသလား အမှန်အကန် စစ်ဆေးဖို့ လိုပါတယ်။ မြို့ကျောင်းတွေမှာ လျှပ်စစ်မီး ပျက်လိုက်၊ လာလိုက်နဲ့ နယ်ကျောင်းဆို ဝေးရောပေါ့။ မီးစက်တွေလည်း တချို့ကျောင်းတွေကို ပေးတယ်။ ဘယ် ဓာတ်ဆီ၊ ဘယ် ဒီဇယ်နဲ့ အသုံးပြုကြမလဲ။ ဝယ်သုံးလို့ ရတယ်။ ဘယ်ငွေနဲ့ ဝယ်မလဲ။ တစ်နေ့ တစ်ရက် မဟုတ်ဘူးလေ။ ကျောင်းအတော်များများမှာ Computer ခန်းဆိုတာ လူကြီးလာရင်ပြဖို့ For Show အတွက်ပဲ ရှိကြတယ်။ ဒါကြောင့် အမှန်တကယ် ပြုပြင် ပြောင်းလဲကြတော့မယ်ဆိုရင် လိုအပ်ချက် အားလုံးကို နိုင်ငံတော်က ကျခံပြီး ပံ့ပိုး ဖြည့်ဆည်းထားပေးဖို့ လိုအပ်ပါတယ်။

ဆရာ၊ ဆရာမများ အပိုင်းကလည်း သင်ကြား သင်ယူမှုအတွက် ပြည့်စုံမှု မရှိသေးရင် ရှိအောင် ဖန်တီးပေးဖို့ တင်ပြရမယ်။ စာသင်ချိန်ကို ပြင်ဆင်တဲ့ အခါမှာလည်း သင်ကြားချိန်၊ မေးခွန်းမေးခြင်း၊ ဖြေကြားခြင်း အတွက်ပါ အချိန်ကို သတ်မှတ် ခွဲဝေထားရမယ်။ ကလေးများက ပြန်လည် ပြုစုတင်ပြတဲ့ အခါမှာလည်း မှီငြမ်း တင်ပြတဲ့ စာအုပ်တွေကို ဆရာ၊ ဆရာမများက ကြိုတင် လေ့လာပြီး ကျွမ်းကျင် နှံ့စပ်အောင် ဆောင်ရွက်ထားရမယ်။ ဒါကြောင့် ဆရာ၊ ဆရာမများရဲ့ ဘာသာရပ်အပေါ် ကျွမ်းကျင် တတ်မြောက်မှုဟာလည်း အထူးပဲ လိုအပ်ပါတယ်။ ဒီတော့ အခြေခံပညာ အောက်ရှိ ကျောင်းများမှာ (တောရော မြို့ပါမကျန်) စာကြည့်တိုက်မှ သင်ရိုးအတွက် မှီငြမ်းနိုင်တဲ့ စာအုပ်တွေ ထားရှိနေဖို့ လိုအပ်ပါတယ်။

ကလေးများ အနာဂတ်ဟာ ဆရာ၊ ဆရာမ လက်ထဲမှာ ရှိတာမို့ နိုင်ငံတကာ တက္ကသိုလ်များနဲ့ ချိတ်ဆက်ပြီး မိမိဘာသာရပ်ဆိုင်ရာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ဖို့၊ Computer, Internet စသည်တို့ ကျွမ်းကျင်စွာ အသုံးချတတ်အောင် ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။ ဆရာ၊ ဆရာမတို့ရဲ့ အရည်အသွေး၊ အရည်အချင်းဟာလည်း ယခုလက်ရှိထက် များစွာ တိုးတက်ဖို့ လိုအပ်ပါတယ်။ ဘယ်နေရာမှာမဆို ပြုပြင် ပြောင်းလဲပြီဆိုရင် အထက်တစ်ခုတည်း ပြောင်းလဲနေလို့လည်း မရပါဘူး။ အောက်ခြေမှာ တကယ်ပဲ ပြောင်းလဲနေပြီလား ဆိုတာကို သွားရောက် ကြည့်ရှု၊ စစ်ဆေး (ဟန်ရေးပြ မဟုတ်) လိုအပ်တာကို ပံ့ပိုး ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

အချုပ်အားဖြင့် တင်ပြရရင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲကြမယ်ဆိုရင် သင်ရိုးညွှန်းတမ်း အပိုင်းက အစ ပြုပြင် ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ခေတ်နှင့် ဆီလျော်တဲ့ သင်ရိုး၊ ဒေသနှင့် ဆီလျော်တဲ့ သင်ရိုး Decentralization ဖြစ်ဖို့ လိုအပ်ပါတယ်။ သင်ရိုး မာတိကာများ အနေနဲ့ကလည်း ကြုံတိုင်း၊ သင့်တိုင်း ဆွဲထည့်တာမျိုးမဟုတ်ဘဲ သင့်တော်တဲ့ အခြေအနေပေါ် မူတည်ပြီး ရေးဆွဲဖို့ လိုအပ်ပါတယ်။ ဒါတွေကိုလည်း နိုင်ငံတကာရဲ့ စံနှုန်းနဲ့ ချင့်တွက် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ သင်ကြားမှု၊ သင်ယူမှုအပိုင်း၊ စစ်ဆေး အကဲဖြတ်တဲ့ အပိုင်းတွေကိုလည်း ဘယ်စနစ်ကို မူတည် ပြောင်းလဲသင့်တယ်ဆိုတာ ဆွေးနွေး ဆုံးဖြတ် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

ဆရာ၊ ဆရာမများရဲ့ အရည်အသွေး ခုထက် ကောင်းမွန် တောက်ပြောင်လာဖို့ ဘယ်လို ဆောင်ရွက် သင့်တယ်၊ ဆရာ၊ ဆရာမများရဲ့ ဘဝ ဖူလုံမှု ကောင်းဖို့ ဘယ်လို ဆောင်ရွက်ကြရမယ်။ ဆရာ၊ ဆရာများရဲ့ သင်ကြားမှု စွမ်းရည် တိုးတက်ဖို့ သင်ခန်းစာ ပြင်ဆင်မှုအပိုင်း၊ သင်ထောက်ကူ အသုံးပြုမှု အပိုင်း၊ ပြည့်စုံတဲ့ ကျောင်း အဆောက်အအုံ (အားကစားကွင်း၊ အားကစားပစ္စည်း အပါအဝင်) နိုင်ငံတော်က ဖြည့်ဆည်းပေးရန် လိုအပ်မှု အပိုင်း၊ ကျောင်းသားနဲ့ ဆရာ အချိုးညီမျှ ခန့်ထားပေးနိုင်မှု၊ တောရော မြို့ပါ ခန့်ထားတဲ့ ဆရာများ အလုပ်ခွင့်ဝင်မှု ရှိ မရှိ၊ သွားရေး လာရေး ကောင်းမွန်မှု ရှိ မရှိ စတာတွေကအစ အသေးစိတ် ပြုပြင် ပြောင်းလဲဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice