Wednesday, 19th June 2013
Wednesday, 30 January 2013 08:44

မဟာခေါင်းဆောင်

Written by  ဇေယျသူ
Rate this item
(0 votes)

 

"ခေါင်းဆောင်တို့၏ ခေါင်းဆောင်” အဆင့်သို့ တက်လှမ်းနိုင်သူ သည် မဟာ ခေါင်းဆောင်ဖြစ်သည်။
ခေါင်းဆောင်တို့၏ ခေါင်းဆောင်ဖြစ်ရန် လိုအပ်ချက် သုံးရပ် ရှိသည်။
၁။ မိမိအဖွဲ့အစည်း အောင်မြင်ရန် ထူးချွန်ထက်မြက်သူများ လိုအပ်ကြောင်း သိရမည်။
၂။ မိမိကိုယ်တိုင် ထူးချွန် ထက်မြက်သူ ဖြစ်ရ မည်။
၃။ နေရာတိုင်းတွင် မိမိ မတော်နိုင်ကြောင်း၊ တော်ဖို့ မလိုကြောင်း သိရမည်။

အဖွဲ့သားများသည် အဖွဲ့အစည်းပင်ဖြစ်သည်။ အဖွဲ့အစည်းကို အဖွဲ့သားများနှင့်သာ တည်ဆောက်ထားသည့် အတွက် ယင်းတွင် ပါဝင်နေသော အဖွဲ့ဝင်များ၏ အရည်အသွေးသည် အဖွဲ့အစည်း၏ အရည်အသွေးပင် ဖြစ်သည်။ အဖွဲ့တွင်းရှိသူများ အရည်အချင်းနိမ့် လျှင် အဖွဲ့အစည်း နိမ့်ပါးမည်။ ထိုသဘောတရားကို သိသည့် ခေါင်းဆောင် သည် တော်သူ ထက်သူများကို မြတ်နိုးသည်။ မိမိတွင် ရှိနှင့်ပြီးသား သူများကိုလည်း အရည်အသွေး အမြဲ မြှင့်တင်ရန် ကြိုးစားသည်။ သူတို့တွင် ရှိပြီး အရည်အသွေးကို မည်သို့ မွမ်းမံရမည်၊ မရှိသေးသော အရည်အသွေးကို မည်သို့ ဖြည့်ပေးရမည်ကို အမြဲ ကြံဆ နေသည်။ သို့ဖြင့် အဖွဲ့အစည်းတွင်းတွင် အရည်အသွေး မြှင့်တင်ရေးသည် နေ့စဉ်နှင့် အမျှ ဆောင်ရွက်ရမည့် တာဝန်၊ ယဉ်ကျေးမှု ဖြစ်လာသည်။ လက်ရှိ လုပ်နေကျ အလုပ်ကို ရှိရင်းစွဲထက်ကောင်းအောင်၊ အရည်အသွေးချင်း တူလျှင် ကြာချိန်လျော့အောင်၊ မလုပ်နိုင်သည့်အလုပ် လုပ်နိုင်လာ အောင် စဉ်းစား ဆောင်ရွက်သည့် အလေ့အကျင့် ထွန်းကားလာမည်။

ထိုသို့စဉ်းစားသော၊ ကျင့်ကြံသောခေါင်းဆောင် ဦးဆောင်သည့် အဖွဲ့အစည်းသည် ကြီးသည်ထက်ကြီးလာသည်၊ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာသည်။ လူနှစ်ယောက် တစ်ပိုင်းနှင့် ဂိုဒေါင်တွင်းတွင် စခဲ့ရသော်လည်း တစ်စတစ်စနှင့် တစ်ကမ္ဘာလုံး ဈေးကွက်ကို ချုပ်ကိုင် နိုင်သော၊ ကမ္ဘာတွင် သြဇာတိက္ကမ ကြီးသော အဖွဲ့အစည်းကြီးဖြစ်လာ လိမ့်မည်။ သူရဲကောင်းကို မြတ်နိုးသည့်၊ ပညာရှိကို မြှောက်စားသည့် မြန်မာဘုရင်များ လက်ထက်တွင် တိုင်းပြည် အောင်မြင်ကြီးပွား သာယာဝ ပြောသည်မှာ တိုက်ဆိုင်ခြင်း မဟုတ်ပါ။

အဖွဲ့အစည်းကြီးလာလေလေ ခေါင်းဆောင်တို့၏ ခေါင်းဆောင် စိတ်ထားနိုင်ရန် ပိုမိုလိုအပ်သည်။ လူတစ်ကိုယ် တစ်ရက် အချိန် ၂၄ နာရီ ရသည်ချင်း အတူတူ ဖြစ်သောကြောင့် နေရာတကာ အသေးစိတ် လိုက်ကြည့်နိုင်မည် မဟုတ်။ အားလုံးသော တာဝန်များကို လိုက်ကြည့် ကြပ်မတ် ဆောင်ရွက်နေလျှင် အရေးအကြီးဆုံးသော လုပ်ငန်းဆောင်တာများ လက်လွတ် သွားမည်။ အချို့ အလုပ်တာဝန်များကို မိမိကဲ့သို့ ကြပ်မတ် ဦးဆောင်နိုင်သော ခေါင်းဆောင်များနှင့် လွှဲထားပြီး မိမိလုပ်မှ ဖြစ်မည့် အခြားအလုပ်များကို အာရုံစိုက်ရမည်။

မိမိကိုယ်တိုင် ထူးချွန်ထက်မြက်သူ ဖြစ်ပါက ထူးချွန်ထက်မြက်သူကို မြတ်နိုး တတ်သလို မိမိအား နောက်လူများ ကျော်တက်သွားမည် ကို မကြောက်။ သူတို့ တက်လာလျှင်လည်း မိမိကလည်း ကြိုးစားနေသောကြောင့် မိမိကို မီမည် မဟုတ်ဟု ယုံကြည်ခြင်းကြောင့်လည်း ပါသည်။ ထို့ကြောင့် သူသည် သူ့အဖွဲ့အစည်းတွင်းတွင် တော်သူများကို ထည့်သွင်းသည်။

မထူးချွန်သူ၊ အရည်အချင်းနည်းသူ ကမူ မရှိ ရှိသည်နှင့် ဟန်ကိုယ့်ဖို့ လုပ်နေရသူ ဖြစ်သည့်အတိုင်း အစွမ်းအစ ပြနိုင်သူဆိုလျှင် ရှိန်သည်။ အရောင်အဝါလေးထွက်၊ အများသူငါ အသိအမှတ်ပြုလာ လျှင် ကြောက်သည်။ ထိုအခါတွင် တစ်နည်းမဟုတ် တစ်နည်းဖြင့် ခေါက်ထား၊ ချောင်ထိုးရန် ကြိုးစားလာတော့သည်။ ထူးချွန်သူကို ခေါင်းဆောင်က ထိုသို့ ရန်သူသဖွယ် သဘောထား လာလျှင် အဖွဲ့အစည်း တွင်းတွင် ထူးချွန်ရန် မက်လုံး ပျောက်ဆုံးသွားပြီ။ ထူးချွန်လျှင် ဒုက္ခရောက်မည်ဟု သဘောပေါက်သွားလျှင် ထူးချွန်ခြင်းသည် အဖွဲ့သား တို့အတွက် အန္တရာယ်ဖြစ်သွားသည်။ ထူးချွန်အောင် မလုပ်သင့်တော့၊ အစွမ်းထုတ် မသုံးသင့်တော့၊ ရေလိုက်ငါးလိုက် ရောယိမ်းလိုက် ဘသား ယိမ်းလိုက် ခပ်လျှိုလျှိုနေခြင်းသာ အကောင်းဆုံးဟု စိတ်တွင်မှတ်ယူ သွားကြတော့သည်။ မလျှိုနိုင်လျှင် ထွက်ရပ်လမ်းသို့ မြန်းရတော့မည်။

ခေါင်းဆောင်သည် တော်သောသူကို မထားဝံ့လျှင် အဖွဲ့အစည်း တွင်းတွင် မျက်နှာကြက် နိမ့်နိမ့် (Low Ceiling) တစ်ခု တပ်ဆင် လိုက်သလို ဖြစ်သွားမည်။ မျက်နှာကြက်သည် အမြင့်ဆုံးအမှတ် ဖြစ်ပြီး မျက်နှာကြက် အထက် မည်သူမျှ တက်မလာနိုင်တော့။ အဖွဲ့အစည်းတွင်း တွင် နေသူတို့သည် ခေါင်းဆောင်အောက် တစ်ဆင့်နိမ့် အရည်အချင်း ရှိမှ နေရတော့မည်ဖြစ်သောကြောင့် ကျန်သူများသည် ခေါင်းဆောင်အောက် များစွာ နိမ့်သွားတော့မည်။ ထို့ပြင် ခေါင်းဆောင်က စတင် ကာလိုက်သော မျက်နှာကြက်ကြောင့် အဖွဲ့တွင်းတွင် မျက်နှာကြက် ယဉ်ကျေးမှု ဖြစ်ထွန်းလာပြီး တစ်ဆင့်ပြီး တစ်ဆင့် မျက်နှာကြက်ကာ ကြတော့မည်။ ခေါင်းဆောင် ကိုယ်တိုင်က နိမ့်နေလျှင် တစ်ဆင့်ပြီးတစ်ဆင့် နိမ့်ရင်းနိမ့်ရင်းဖြင့် ကျန်အဖွဲ့သားများသည် မြေကြီးပေါ် တွင် ပြားကပ်နေရန်သာ ရှိတော့သည်။

အရာရာတိုင်းတွင် မိမိ မတော်နိုင်ကြောင်း သဘောပေါက်လျှင်လည်း ”ခေါင်းဆောင်တို့၏ ခေါင်းဆောင်” ဖြစ်လာနိုင်သည်။ အမေရိကန်သမ္မတ ရေဂင် ဆိုပါစို့။ သူသည် ရုပ်ရှင်လောကတွင် ရှိစဉ်က ဒုတိယတန်းစား ရုပ်ရှင်များတွင်သာ သရုပ်ဆောင်ခဲ့ရသည့် သာမန် အဆင့် သရုပ်ဆောင်သာဖြစ်ပြီး အတန်းပညာလည်း ထူးထူးချွန်ချွန် မရှိလှ။ သူ၏ အကြံပေးများသည် သူ့နယ်ပယ်နှင့်သူ ထိတ်ထိတ်ကြဲ၊ ကမ္ဘာ့ထိပ်တန်းအဆင့် ရှိသူများ ဖြစ်သောကြောင့် ထိုနယ်ပယ်များတွင် ရေဂင်ထက် သာကြောင်း သာမန်လူပင် သိသည်။ ရေဂင်သည် သက်ဆိုင်ရာ ဘာသာရပ်များတွင် ထိုသူများထက် တော်ရန်မလို။ ထိုပညာရှင်တို့ သူ့ထက်သာသည်ကိုလည်း တွေးပူ ကြောက်ရွံ့ရန်မလို။ သူ့အလုပ်က ထိုသူများ အလုပ်လုပ်နိုင်အောင် ဆက်စပ် ညှိနှိုင်းပေးရန်၊ သူတို့ပေး သည့် အကြံဉာဏ်ကို တိုက်ဆိုင်စစ်ဆေးပြီး တိုင်းပြည်အခြေအနေနှင့် ကိုက်ညီ မကိုက်ညီ ဆုံးဖြတ်ပေးရန်သာ။ ရေဂင်သည် သမ္မတ သက်တမ်း နှစ်ကြိမ်ဆက် ထမ်းဆောင်ခဲ့သလို အမေရိကန်ပြည်ထောင်စုနှင့် အပြိုင် ထိုစဉ်က တည်ရှိခဲ့သည့် မဟာအင်အားကြီး ဆိုဗီယက်ပြည်ထောင်စုကို ဖြိုချခဲ့သူဟု နာမည်ကြီးသည်။

မိမိကျွမ်းကျင်မှု မရှိသည့်နေရာများတွင် တော်သူ ထက်သူကို တာဝန်ပေးနိုင်ရန် ပိုအရေးကြီးသည်။ ဖြစ်နိုင်လျှင် သက်ဆိုင်ရာနယ်ပယ် တွင် ကမ္ဘာပေါ်တွင် အတော်ဆုံးသူကို ခေါ်ယူရဦးမည်။ ထိုသူရောက် လာသောကြောင့် မိမိကုလားထိုင်ရွေ့မည်၊ လှုပ်မည်မဟုတ်။ မိမိ အဖွဲ့အစည်းအောင်မြင်အောင်၊ မိမိကုလားထိုင် ပိုကြီးလာအောင်ပင် ထိုသူက တည်ဆောက်ပေးလိမ့်ဦးမည်။

အမေရိကန်သမိုင်းတွင် အကြီးမြတ်ဆုံးသမ္မတ များထဲတွင် ထိပ်ဆုံးမှ ပါဝင်သူ လင်ကွန်းသည် ”ခေါင်းဆောင်တို့၏ ခေါင်းဆောင်” မျိုးဖြစ် သည်။ သူ့ထက် အရည်အချင်းရှိသည်ဟု သတ်မှတ်ခြင်း ခံရသည့်၊ သူ့ထက်လည်း နာမည်ကျော်သည့် ပုဂ္ဂိုလ်ကြီးများကို အစိုးရအဖွဲ့ တွင်းသို့ သူသမ္မတဖြစ်လာချိန်တွင် ထည့်သွင်းဖွဲ့စည်းသည်။ လင်ကွန်း တစ်ယောက် သူ့ကြိုးကွင်းသူစွပ်ပြီ၊ ကိုယ့်ကိုယ်ကိုယ် အရောင်မှိန် အောင်လုပ်ပြီဟု လူအများက ထင်မှတ်ကြသော်လည်း သူစုစည်းလိုက် သော သူ၏ပြိုင်ဘက် လူတော်ကြီးများအားနှင့် လင်ကွန်းသည် အမေရိကန် သမိုင်း၏ အချိုးအကွေ့၊ အခက်ခဲဆုံး ကာလများကို ကျော်ဖြတ်နိုင် ခဲ့ပြီး အမေရိကန် ပြည်ထောင်စုအတွက် အောင်မြင်မှု မှတ်တိုင်များ စိုက်ထူ နိုင်ခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးများသည်လည်း လင်ကွန်းနှင့် အလုပ်တွဲ လုပ်ရင်းလုပ်ရင်း သူ့အား အလွန်လေးစား လာခဲ့ကြပြီး သစ္စာရှိ ရောင်းရင်းကြီးများ ဖြစ်လာကြသည်။

ယနေ့ခေတ်တွင် အမေရိကန် ပြည်ထောင်စုမှ အိုဘားမားနှင့် ဟီလာရီ ကလင်တန်တို့သည် အလွယ်တကူ လက်ညှိုးထိုးပြနိုင်သည့် ”ခေါင်းဆောင်တို့၏ ခေါင်းဆောင်” ဥပမာဖြစ်သည်။ အိုဘားမား ၂၀၀၈ သမ္မတ ရွေးကောက်ပွဲ မဝင်မီ အထိ အမေရိကန်တွင်ပင် လူသိပ်မသိ။ဟီလာရီကို တစ်ကမ္ဘာလုံးက သိသည်။ နှစ်ကြိမ်ဆက်တိုက် သမ္မတ ကလင်တန်၏ဇနီး (First Lady) အဖြစ် အိမ်ဖြူတော်ထက်တွင် ရှစ်နှစ် ကြာခဲ့ပြီး ထိပ်ပိုင်းမူဝါဒ ချမှတ်ပုံများ၊ အခက်အခဲများကို အတွင်းကျကျ သိရှိခဲ့သလို နောက်ပိုင်းတွင် ထက်ထက်မြက်မြက် လွှတ်တော် အမတ် ဖြစ်လာခဲ့သည်။ ဒီမိုကရက် ပါတီ၏ သမ္မတလောင်းအဖြစ် တင်မြှောက်ခံရမည်ဟု အများက ထင်ကြေးပေးခံရပြီးမှ သူတင်ကိုယ် တင် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကြရင်း အိုဘားမားကို ရှုံးနိမ့်သွား သည်။ သို့ရာတွင် အိုဘားမား သမ္မတဖြစ်လာ အပြီးတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဟီလာရီကလင်တန်ကို ဖိတ်ခေါ် ခန့်အပ်သည်။ နဂို ထက်မြက်သူဖြစ်ပြီး ခင်ပွန်း ဘီလ်ကလင်တန်ကို အထောက်အပံ့ ကောင်းစွာပေးခဲ့သူ၊ ကမ္ဘာ့နိုင်ငံ အများအပြားမှ ခေါင်းဆောင်များနှင့် လူချင်း ရင်းနှီးသူ ဟီလာရီကို မကြောက်မရွံ့ အငြိုးအတေးမရှိ ဖိတ်ခေါ်ခဲ့သည့် အိုဘားမားလက်ထက် အမေရိကန် နိုင်ငံခြားရေး မူဝါဒသည် အောင်မြင်မှုများစွာ ရရှိခဲ့သည်။

မြန်မာထဲတွင် အထင်ရှားဆုံးသော ”ခေါင်းဆောင်တို့၏ ခေါင်းဆောင်” မှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း သည် မိမိရည်မှန်းချက် ရောက်ရန် ခေါင်းဆောင်တို့ကို အမြဲဖိတ်ခေါ် နေရာပေးလေ့ရှိသည်။ အင်္ဂလိပ်အစိုးရ ခေတ်က မြန်မာအရာရှိကြီး များကို အစိုးရ၏ လက်ကိုင်တုတ်ဟု လူငယ်တော်လှန်ရေးသမားများက ရန်သူသဖွယ် သတ်မှတ်ခဲ့ကြသော်လည်း လွတ်လပ်ရေး ရလုလု အချိန် တွင် ဗိုလ်ချုပ်က ခေါ်ယူနေရာပေးပြီး လိုအပ်သည့်နေရာမှ တာဝန် ထမ်းဆောင်စေသည်။ သူသည် သူ့နေရာနှင့်သူ ထိုက်တန်သော သူတို့ကို ခေါ်ယူရမည်၊ ခေါင်းဆောင်တို့ကို ခေါင်းဆောင်ရမည်ကို မကြောက်။ မြန်မာနိုင်ငံ ကောင်းစားဖို့ လူတော်များ လိုအပ်ကြောင်း သိသောကြောင့်၊ ပင်ကိုကလည်း လူတော်ချစ်သူ ဖြစ်သောကြောင့် ထိုသို့ အရည်အချင်း ပေါ်တွင်သာ အဓိကထား လူရွေးနိုင်ခြင်း ဖြစ်သည်။ မိမိကဲ့သို့ ခေါင်းဆောင်များ ပေါ်ထွန်းလာရန် အားပေးသော၊ ခေါင်းဆောင်များကို ခေါင်းဆောင်ရန် ဝန်မလေးသော ခေါင်းဆောင် သည် မဟာခေါင်းဆောင် ဖြစ်သည်။

Read 1270 times Last modified on Wednesday, 30 January 2013 09:04
Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.