Tuesday, 18th June 2013
Wednesday, 30 January 2013 06:45

ပြောင်းလဲမှု စီမံခြင်း (၁၅)

Written by  ပါမောက္ခဒေါက်တာအောင်ထွန်းသက်
Rate this item
(0 votes)

 

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ သန့်ရှင်းတဲ့ အစိုးရရှိဖို့ အရေးကြီးကြောင်းကို သတိပေးခဲ့ ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင် ပြောင်းလဲမှုတွေ အရှိန်အဟုန် မြန်မြန်နဲ့ အကောင်အထည် ဖော်နိုင်ဖို့ ဒီအချက် နှစ်ချက်က အဓိက ကျလှပါတယ်။

တစ်လောက ပြီးစီး သွားခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကွန်မြူနစ်ပါတီ ညီလာခံမှာ ဥက္ကဋ္ဌ အသစ်က အဂတိလိုက်စားမှု ပပျောက်အောင် လုပ်ဖို့ အရေးကြီးကြောင်းကိုလည်း ဖော်ထုတ်ခဲ့ ပါတယ်။ အမှန်တော့ ဒီအဂတိ လိုက်စားမှုဟာ နိုင်ငံအားလုံး အတွက် ဦးစားပေး ဆောင်ရွက်ရမယ့် ကိစ္စတစ်ရပ် ဖြစ်နေတာ တွေ့ရပါတယ်။ အဂတိ လိုက်စားမှုကို ဖြေရှင်းရာမှာ ဈေးကွက်ကို အားကိုးရုံနဲ့ မလုံလောက်ဘဲ နိုင်ငံတော် အစိုးရများက ဦးဆောင်ပြီး ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ခက်တာက အစိုးရကို ဘယ်သူက ထိန်းချုပ် နိုင်မှာလဲ။

အမှန်တော့ အဂတိ လိုက်စားမှုဟာ ပြစ်မှုတစ်ရပ် ဖြစ်တာမို့ တရားဥပဒေအရ အရေးယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ကိုင်တွယ်တဲ့ နေရာမှာ ဆရာဝန် တစ်ဦးလို၊ အင်ဂျင်နီယာ တစ်ဦးလို ကိုင်တွယ်သွားဖို့ အရေးကြီးလှပါတယ်။ ဘာကြောင့် ဆရာဝန်နဲ့ အင်ဂျင်နီယာ နှစ်ဦးရဲ့ ချဉ်းကပ်မှုကို လိုအပ်သလဲ ဆိုတော့ အဂတိ လိုက်စားမှုဟာ ရောဂါ တစ်ရပ်ဖြစ်တယ်။ ဒီရောဂါဟာ လူ့အဖွဲ့အစည်း တစ်ခုလုံးမှာ စွဲကပ်နေတယ်။ ပေးတဲ့သူမှာ အပြစ်ရှိသလို ယူတဲ့သူမှာ လည်း အပြစ်ရှိတယ်။ ရောဂါတစ်ရပ် အနေနဲ့ ကုစားတဲ့ အခါ ဆေးမြီးတိုနဲ့ ကုသလို့ မရဘဲ ကိုယ်ခန္ဓာ အစိတ်အပိုင်း အားလုံးကို ဆန်းစစ်၊ စစ်ဆေးပြီး ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်က ခုလို ကုသဖို့ လိုအပ်သလို တစ်ဖက်ကတော့ စီမံ အုပ်ချုပ်မှု စနစ်ကို စနစ်တကျ ဖော်ဆောင်ရမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ခြင်းဟာ အင်ဂျင်နီယာ တစ်ဦး အနေနဲ့ ပြုပြင်ထိန်းသိမ်းခြင်း အလုပ်၊ ကြိုတင်ကာကွယ်မှု အလုပ်နဲ့တူပါတယ်။ အဂတိလိုက်စားမှု ဖြစ်ရခြင်းဟာ အစိုးရယန္တရား ပျက်စီးသွားတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှုကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ ဆေးပညာ ရှုထောင့်နဲ့ အင်ဂျင်နီယာ ရှုထောင့် နှစ်ရပ်စလုံး သုံးပြီး ရင်ဆိုင် ဖြေရှင်းရမှာ ဖြစ်ပါတယ်။

တစ်ချိန်တုန်းက အဂတိ လိုက်စားမှုကို ပေါ့ပေါ့ဆဆ သုံးသပ် ကြပြီး ဝင်ငွေရွှေ့ပြောင်းခြင်း ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ ပြည်သူ့ဝန်ထမ်းတွေ ရုံးလုပ်ခ လစာဟာ နည်းပါးတာမို့ သူတို့ဟာ ပြည်သူ့ ဝန်ဆောင်မှုကို ပြည်သူတွေ ဆီကနေ အခကြေးငွေ ကောက်ခံ ကြတယ်။ တစ်နည်းပြောရင် ပြည်သူ့ ဝန်ထမ်းတွေဟာ အိမ်ရှင်နဲ့ တူပြီး အိမ်ငှားတွေဖြစ်တဲ့ ပြည်သူတွေထံမှာ အိမ်ငှားခကို ကောက်ခံ ကြတယ်။ ဒီလို ဆောင်ရွက်တာမို့ ဝင်ငွေကောင်းတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ တာဝန်ယူနေသူတွေရဲ့ ဝင်ငွေနဲ့ ပြည်သူ့ ဝန်ထမ်းတွေရဲ့ဝင်ငွေဟာ မျှညီ သွားနိုင်တယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ ဆင်းရဲသားတွေ အတွက် ပိုပြီးနစ်နာတာ တွေ့ရပါတယ်။ သူတို့ဟာ ချမ်းသာတဲ့သူ တွေထက် ပိုပြီး ပေးဆပ်နေရတာ တွေ့ရပါတယ်။ အခုလို "အိမ်ငှားခ” တောင်းခံမှုနဲ့ ပတ်သက်ပြီး နှစ်မျိုးနှစ်စား ရှိတာ တွေ့ရပါတယ်။ တစ်ခုက အုပ်ချုပ်ရေး ဖြစ်ပြီး နောက်တစ်ခုကတော့ နိုင်ငံရေးဖြစ်ပါတယ်။ အုပ်ချုပ်ရေး ဝန်ထမ်းများ ပြည်သူ့ ဝန်ထမ်းများရဲ့ လုပ်ခလစာနဲ့ ပုဂ္ဂလိက ကဏ္ဍမှာ အလုပ်လုပ်နေကြသူတွေရဲ့ လုပ်ခလစာကို အလွယ်တကူ နှိုင်းယှဉ်နိုင်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လာရင် အခွင့်အာဏာ ကြီးမား လှတာမို့ တန်ဖိုးဟာလည်း ကြီးမားမှာဖြစ်တယ်။

အမေရိကန် ပြည်ထောင်စုမှာ မကြာသေးမီ ကာလက ကျင်းပ သွားတဲ့ သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံ ကုန်ကျခဲ့ကြောင်း သိရပါတယ်။ အရွေးခံမယ့် နိုင်ငံရေး ပါတီတွေကို လှူဒါန်းနိုင်တဲ့ ငွေပမာဏကို အကန့်အသတ် လုပ်ထားခြင်း မရှိတာမို့ နိုင်ငံရေး ဖြစ်စဉ်ဟာ သြဇာလွှမ်းမိုး နိုင်အောင် ငွေနဲ့ ဝယ်ယူနိုင်တဲ့ အနေအထား ဖြစ်နေတာ တွေ့ရပါတယ်။ အဂတိလိုက်စားမှု ပပျောက်မှု အတွက် တာဝန်ရှိသူတွေဟာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်မှု ယန္တရားတွေ၊ ဥပဒေပြု တာဝန် ရှိသူတွေ၊ တရားစီရင်တဲ့ သူတွေ၊ စာနယ်ဇင်း အဖွဲ့ဝင်တွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းက တာဝန်ယူသူတွေ အားလုံးနဲ့ ပတ်သက်နေတာ ဖြစ်ပါတယ်။

အဂတိ လိုက်စားမှုကို ရင်ဆိုင် ဖြေရှင်းတဲ့ နေရာမှာ အကောင်းဆုံး ချဉ်းကပ်မှုက ပွင့်လင်းမြင်သာမှုပဲ ဖြစ်ပါတယ်။ အဂတိ လိုက်စား မှုတွေကို မီးမောင်းထိုးပြီး အလင်းရောင်ပေးဖို့ လိုအပ်ပါတယ်။ သမားတော်ရဲ့ ချဉ်းကပ်မှုကို အသုံးပြုပြီး ဆရာဝန်များလို့ တင်စား သတ်မှတ်နိုင်တဲ့ ဥပဒေ ဝန်ထမ်းတွေ၊ သတင်းမီဒီယာ သမားတွေ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ၊ စာရင်းစစ်ချုပ်ရုံးက ဝန်ထမ်း တွေ သူတို့ရဲ့ ကျွမ်းကျင်လိမ္မာ ထက်မြက်မှုတွေကို မြှင့်တင်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အင်ဂျင်နီယာ ရှုထောင့်က ကျတော့ အိုင်တီ၊ မီဒီယာ၊ ပညာရေးနဲ့ စီမံအုပ်ချုပ်မှု ယန္တရားတွေကို ပြုပြင်ပြောင်းလဲ သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခုလို ဆောင်ရွက်ခြင်းဟာ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ခြင်းသာ ဖြစ်ပါတယ်။ အမှန်တော့ ပြည်သူနဲ့အစိုးရ အကြားမှာ ယုံကြည်မှုဟာ အရေးကြီးလှပါတယ်။ ယုံကြည်မှု ပျက်ပြားသွားရင် အလွယ်တကူ တည်ဆောက်ဖို့ ခဲယဉ်းမှာ ဖြစ်တာတွေ့ရပါတယ်။

အမှန်တော့ အဂတိ လိုက်စားမှုကို ရင်ဆိုင်ခြင်း ဟာ လူသားတွေရဲ့ အားနည်းချက် ပျော့ညံ့မှုတွေကို ဖြည့်ဆည်းပေးမှု သာဖြစ်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေဟာ အကျင့်သီလ ပြည့်စုံတဲ့သူ တွေဖြစ်ဖို့ လိုအပ်မှာဖြစ်တယ်။ ဒါကြောင့် ပြည်သူ့ဝန်ထမ်းတွေကို စနစ်တကျ ရွေးချယ်ခန့်ထားဖို့ အလွန် အရေးကြီးလှပါတယ်။

အဂတိ လိုက်စားမှုဟာ ဆရာတို့ နိုင်ငံမှာ ယဉ်ကျေးမှု တစ်ရပ် မဖြစ်လာအောင် တားဆီးရမှာဖြစ်ပါတယ်။ ထုံးစံဖြစ်နေတာကို ခပ်ပေါ့ပေါ့ လက်ခံလို့ မရပါဘူး။ သည်းခံလို့လည်း မဖြစ်ပါဘူး။ အကျင့်ပါနေလို့ မလုပ်ရင် မဖြစ်တာမို့ လိုတဲ့ ဆင်ခြင်တွေဟာ လက်ခံစရာတွေ မဟုတ်ပါဘူး။

ပြည်သူ့ဝန်ထမ်းတွေ၊ တာဝန်အမျိုးမျိုး ယူနေကြသူတွေဟာ အဂတိ လိုက်စားမှုနဲ့ ကင်းရမယ်။ ဖြူစင်ရမယ်။ လုံးဝ အစွန်းအထင်း မရှိရဘူး။ နိုင်ငံတကာမှာ အဂတိလိုက်စားမှုကို တိုင်းထွာတဲ့ ညွှန်ကိန်းက Corruption Perception Index (CPI) ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုဟာ အမှန်တော့ အမြင်တစ်ရပ်ဖြစ် တယ်။ ဒီညွှန်ကိန်းကို သုံးပြီး ဂျာမနီ နိုင်ငံမှာရှိတဲ့ NGO တစ်ခုဖြစ် တဲ့ Transparency International ဟာ နိုင်ငံတွေကို တိုင်းထွာ ပေးပါ တယ်။ ၂၀၀၉ ခုနှစ် စာရင်း အရ မြန်မာနိုင်ငံက အဆိုးဆုံး နိုင်ငံ လေးနိုင်ငံ စာရင်းမှာ ပါဝင်နေတာ တွေ့ရပါတယ်။ ဝမ်းနည်းစရာ ကောင်းသလို ရှက်စရာလည်း ကောင်းပါတယ်။

အဂတိလိုက်စားမှု ပပျောက်အောင် အမျိုးသား လှုပ်ရှားမှု တစ်ရပ် အနေနဲ့ စဉ်းစားပြီး အစိုးရ လွှတ်တော်၊ ပြည်သူနဲ့ မီဒီယာတို့ ပူးပေါင်းပြီး ရင်ဆိုင် ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးဟာ သိက္ခာသမာဓိ ရှိပြီး ဒီအကျင့်သီလကို တန်ဖိုးထားတတ် ကြသူတွေဖြစ်ပါတယ်။ ကင်ဆာရောဂါထက် ကြောက်စရာ ကောင်းလှတဲ့ အဂတိ လိုက်စားမှု ရောဂါကို ဝိုင်းဝန်း ဖြေရှင်းကြပါစို့လို့ တိုက်တွန်း လိုပါတယ်။

Read 357 times
Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.