Sun, 20th April, 2014
Monday, 28 January 2013 04:35

အလယ်ကလူ စကားမဝဲပါ

Written by  ကိုမင်း


ခြံစည်းရိုး ခွထိုင်ခြင်းဟူသော နိုင်ငံရေး စကားတစ်ခု ကြားဖူးနားဝ ရှိပါတယ်။ အဓိပ္ပာယ် ကတော့ နာပျော်ဖွယ် မရှိလှပါ။ ဒီဘက်ကသာလျှင် ဒီဘက်ကို ကူးနိုင်အောင် ဟိုဘက်က သာလျှင် ဟိုဘက်ကို ခုန်ချနိုင်အောင် ချောင်းနေခြင်းကို ဆိုလိုပါတယ်။ ထိုသူတို့ သည်ကား အလယ်လူ မဟုတ်ကြပါ။ အုပ်ချုပ်ရေး ဘက်မှ နိုင်ငံရေး အင်အားစု၌ လည်းမပါ၊ အတိုက်အခံ အင်အားစုလည်း မဟုတ်သော ပြည်သူလူထု အများစုကြီးက သာလျှင် အလယ်လူများ ဖြစ်ကြပါတယ်။

ခြံစည်းရိုး ခွထိုင်သူများသည် ဘက်နှစ်ဖက်ကြားမှာ နေခြင်း ဖြစ်ပြီး သာမန်ပြည်သူ များမှာတော့ တံတိုင်းကြီး သုံးတိုင်း၏ ဝိုင်းပတ်ခြင်း ခံထားရသော အလယ်လူ အစစ်များ ဖြစ်ကြပါတယ်။ အာဏာလက်ရှိ အစိုးရမင်းများက တစ်ဖက်၊ အခွင့်ထူးခံ အုပ်စုကြီး များက တစ်ဖက်၊ အတိုက်အခံ နိုင်ငံရေးအင်အားစု များကတစ်ဖက်၊ သုံးဖက်သော တံတိုင်းကြီးများ အလယ်မှ ပီဘိ သာမန်ပြည်သူ များသာ ဖြစ်ကြပါတယ်။

"ဘယ်နယ်က လာသလဲ၊ အလယ်ကလူ စကားဝဲ၏" ငယ်စဉ် ကတည်းက နှုတ်တက် ရခဲ့ကြသည့် မြန်မာ မူလတန်း ဖတ်စာ ကလေးပါ။ လူများ စကားဝဲတတ်ကြပါသည်။ မိခင်ဘာသာ မဟုတ်သော ပြောနေဆိုနေကျ မဟုတ်သော အခြားဘာသာစကား ပြောကြသည့် အခါ မပီသဘဲ ဝဲကြခြင်းသာ ဖြစ်သည်။ ရိုးရိုးသားသား ဖြစ်၍ ဘာမျှပြောစရာမရှိပါ။ အချို့လူများ စကား ဝဲကြသည်မှာ မိခင်ဘာသာကို ပြောလျက် ဝဲကြခြင်း ဖြစ်ပါသည်။ သည်ဘက်တွင် သည်လို ပြော၍ ဟိုဘက်တွင် ဟိုလို ပြောခြင်းကို ဝဲသည်ဟု ကျွန်တော် ဆိုလိုပါသည်။ ဟိုဘက်ဝဲလိုက်၊ သည်ဘက်ဝဲလိုက်။

ကျွန်တော် နိုင်ငံရေးသမား မဟုတ်ပါ။ ဘာမှလဲ မဟုတ်ပါ။ လူသူလေးပါး လေးစား လောက်သော အခွင့်အာဏာ ပါဝါ၊ စီးပွား ဥစ္စာ၊ အတတ်အသိပညာ ကျွန်တော့်တွင် မရှိပါ။ သူလိုကိုယ်လို     လူသာမန် ပြည်သူ တစ်ယောက်မျှသာ။ သို့သော် ထိုအရာ အားလုံးထက် အရေးကြီးသည်မှာ ကျွန်တော်သည် မြန်မာလူမျိုး စစ်စစ် မိဘ နှစ်ပါးက မွေးဖွားလာသော မြန်မာတိုင်းရင်းသား စစ်စစ်ဖြစ်ပါသည်။ မြန်မာစင်စစ် ဖြစ်သည့် အားလျော်စွာ မြန်မာ ပြည်ထောင်စုကြီး အရေး မှန်သမျှ တို့တွင် ကျွန်တော့် အရေးလည်း ပါဝင်သည်ဟု ခံယူလျက် ဤစာစုအား စကားမဝဲဘဲ ပီပီသသကြီး ရေးပါမည်။

ကျွန်တော် ကဲ့သို့သော သာမန်ပြည်သူ များသည်  အာဏာဖြင့် နှိပ်ကွပ်သည့် အခါကလည်း ငြိမ်ဝပ်ကြရပါ၏။ ငွေကြေးဖြင့် ဖိသိပ် တော့လည်း ပိပြား ခဲ့ကြရပါ၏။ ယခုအခါ ပြောခွင့် ဆိုရေးလေး ရှိသည့် အခိုက် အလယ်လူအစစ် ကျွန်တော် တည့်တည့်ပဲ ပီပီသသ ကြီး ပြောပါမည်။ PR စနစ်အား လုံးဝ သဘောမတူပါ။

အကြောင်းရှိပါသည်။ နိုင်ငံရေး စကားလုံး PR ဆိုသည်ကို မနေ့တစ်နေ့ကမှ ဆိုသလို ကြားဖူးခြင်း ဖြစ်ပါသည်။ ဟိုယခင် ကျွန်တော်သိသော PR မှာ အမြဲတမ်း နေထိုင်ခွင့်ဖြစ်သည်။ ယခု အချိုးကျ ရွေးကောက်ပွဲစနစ် PR သည်လည်း လွှတ်တော် ကိုယ်စားလှယ်ကြီး တော်တော်များများကို လွှတ်တော်ကြီး များသို့ အမြဲတမ်း တက်ရောက်ခွင့် ရှိနေစေမည် ကဲ့သို့ ဖြစ်နေသည်။ လူပုဂ္ဂိုလ်၏ သီးသန့် အရည်အသွေးကို ကြည့်၍ ရွေးချယ်ရသည် မဟုတ်ဘဲ ပါတီကို ရွေးရမည် ဆိုသောအခါ မဲမရသော ပါတီရယ်လို့ မည်သို့မျှ ရှိမလာ နိုင်ပါ။ ထိုအခါ ပါတီအတွက် အသုံးတည့် သော်လည်း လူထုက အော့ကြောလန်သော ပုဂ္ဂိုလ်ကြီး များကို လွှတ်တော် ထိုင်ခုံကြီးများတွင် အမြဲလိုလို တွေ့မြင်နေရ ပေဦးမည်။ ထို့ကြောင့် အချိုးကျ ရွေးကောက်ပွဲ စနစ်ကို သဘော မတူပါ။

ဒုတိယ အချက်ကို ရေးပါဦးမည်။ ၂၀၁၀ ရွေးကောက်ပွဲ အကြို ကာလက အခြေခံ လူတန်းစား အချို့ကို ကျွန်တော် ဗျူးကြည့်ပါသည်။ “မဲထည့်မှာလား၊ ဘယ်သူ့ကို မဲထည့်မှာလဲ၊ ဘာကြောင့် ထိုသူကို ရွေးတာလဲ” စသဖြင့် မေးခဲ့မိသည်။ အများစုက ရွေးကောက်ပွဲကို စိတ်မဝင်စား ကြပါ။ “ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမှာ”ဟု ဖြေသူကသာ များသည်။ တစ်ယောက်သောသူ ဖြေသည်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။ “မင်းသားကြီးကို သူကြိုက်သည်။ မင်းသားကြီးက လမ်းတွေ၊ တံတားတွေ ဆောက်ပေးထားတာ” ဟု ပြောပါသည်။ သူဆိုချင်သည်မှာ မင်းသားကြီးကို သူမဲပေးမည် ဆိုသည့် သဘောပင်။ ထိုသူသည် အနှေးယာဉ် လုပ်သားတစ်ဦး ဖြစ်သည်။ ထိုအချိန်က မင်းသားကြီး အိမ် အပြင်ပင် ထွက်ခွင့်မရှိ ဆိုသည်ကို သူမသိ ရှာပါ။ ဤသို့သော အခြေအနေတွင် ရွေးချယ်ပုံ ရှုပ်ထွေးလှသော PR စနစ်သည် ပြည်သူ နှစ်သက်ရာ ရွေးချယ်မှုကို အကောင်အထည် ဖော်ပေးနိုင်စွမ်း ရှိပါမည်လား မေးရပါတော့မည်။ သို့ဖြစ်၍ အချိုးကျ ရွေးကောက်ပွဲ စနစ် PR ကို သဘောမတူပါ။

တတိယ အချက်ကို ပြောပါဦးမည်။ ကျွန်တော်တို့ ပြည်ထောင်စု တွင် ဌာနေ တိုင်းရင်းသားချည်း သက်သက် ၁၃၅ စု ရှိပါသည်။ တစ်ခါ ခြံစည်းရိုး တိုးဝင်လာသော နိုင်ငံသားများ၊ တံတိုင်း ကျော်ခွလာသော နိုင်ငံသားများ များစွာကလည်း ရှိနေပါသည်။ “ခြင်္သေ့ အမြီးတော့ မလုပ် ဘူးကွ၊ မြင်းဦးခေါင်းပဲ လုပ်မယ်” ဆိုသည့် မိမိကိုယ် မိမိမြောက် ဘဝဂ်ထိ ရောက်ချင်သော သူတွေကလည်း များလှပါသည်။ ဆိုခဲ့ပါ အခြေအနေ တို့ကြောင့် ကျွန်တော်တို့ နိုင်ငံတွင် ကမ္ဘာ့စံချိန်သစ် နိုင်ငံရေး ပါတီများ ပေါ်ပေါက်လာဖွယ် ရှိနေပါသည်။ ရှိပြီးသား လက်ခွဲ ပါတီ များအပြင် ထပ်မံ၍ ပါတီပွား များစွာကိုလည်း မြင်ယောင်ပါသေးသည်။ လက်ယာ အစွန်းရောက်၊ လက်ဝဲ အစွန်းရောက်၊ ဘာသာရေး အစွန်း ရောက် ပါတီများလည်း ပေါ်ထွန်း လာပေလိမ့်ဦးမည်။ နဂိုကပင် ရွေးချယ်ခံက ၇၅ ရာခိုင်နှုန်းသာ ရှိနေရသည့် အနက် ထပ်မံ၍ ဖဲ့ထုတ် ခံရမည် ဆိုပါလျှင်...။ ဒီတော့ကာ မလိုသည် များကို ဖယ်ထုတ်၊ လိုနေ သည်ကို ထပ်ဖြည့်၊ ပြုပြင်စရာ များကို ပြုပြင်ရမည့် အခြေခံ ဥပဒေကြီး သည် ကမ္ဘာတည် သရွေ့ အဓွန့်ရှည်စေသော်ဟု ကျွန်တော်တို့ ဥဒါန်းကျူး ရပါတော့မည်။

အခြေခံဥပဒေကို မည်သည့် အခါမျှ မပြင်ကြေးဟု သစ္စာနှံထားရသည့် ဒီမိုကရေစီ တိုင်းပြည်ရယ်လို့ ကျွန်တော်ဖြင့် မကြားဘူးပါ။ မဇ္ဈိမကိုသာ လိုလားလျက် ဒီမိုကရေစီ စစ်စစ်သာ ဖြစ်စေ လိုသောကြောင့် PR စနစ်ကို သဘော မတူပါ။

စတုတ္ထ အချက်ကို ပြောပါမည်။ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြု အာဏာ၊ တရားစီရင်ရေး အာဏာ တို့အတွင်း ဝင်ကြကုန်သော ပုဂ္ဂိုလ်ကြီး များ၏ ပိုင်ဆိုင်မှု အရပ်ရပ် ဓနဥစ္စာတို့ကို တရားဝင် ဖော်ထုတ် တင်ပြ မှတ်တမ်းတင်ရန် အဆိုကို လွှတ်တော် အတွင်း မဲခွဲ ဆုံးဖြတ်သော အခါက ထောက်ခံမဲ ၆၈ မဲသာ ရရှိ ခဲ့ပါသည်။ ထိုရော အခါ အလယ်လူ ပြည်သူများက သူတို့ မဲပေး ရွေးချယ်လိုက်သော ကိုယ်စားလှယ် ကြီးများသည် ထောက်ခံမဲ ပေးသည်လား၊ ကန့်ကွက်မဲ ပေးသည်လား သိလိုစိတ် ပြင်းပြ လာခဲ့ကြပါသည်။ ကျွန်တော်တို့ မသိနိုင်၊ မသိခဲ့ကြရပါ။ တစ်ဖန် ယခုလူကို မရွေး ပါတီကို ရွေးချယ် ရမည် ဆိုသောအခါ ကျွန်တော်တို့ အားကြီး စိတ်ညစ်ရပါသည် (ဆရာ ဦးလှဝင်းလေသံ)။ ထို့ကြောင့် PR (Proportional Representation) အချိုးကျ ကိုယ်စားပြု ရွေးချယ်ပုံ စနစ်အား သဘော မတူပါ။

အထက်တွင် ဖော်ပြခဲ့သော အချက်လေးချက်သည် ကျွန်တော်၏ မိတ်ဆွေ မဲပေးပြည်သူ တစ်ဦးမှ သူ၏ ပီအာ အပေါ်ထားရှိသော သဘော ထားနှင့် တုံ့ပြန် ဆွေးနွေးချက်များမှ လည်းကောင်း၊ ပြည်သူ့ခေတ် ဂျာနယ်မှ ဖော်ပြ ပေးခဲ့သော ပီအာ ဆောင်းပါးများကို ဖတ်ရှု ရစဉ်က စာရေးသူ၏ စိတ်တွင် ထင်မြင်လာသော ယူဆချက် များမှလည်း ကောင်း ထုတ်ဖော် ဆန္ဒပြု ရေးသားခြင်း ဖြစ်ပါသည်။ အကြောင်းမှာ ရှေ့နှစ်ပတ် ခန့်က The Voice Weekly တွင် ၂၀၁၅ ၌ အစိုးရက အချိုးကျ ရွေးကောက်ပွဲ စနစ် (PR) ကို အသုံးပြုလာ နိုင်ကြောင်း သတင်းတိုလေး တစ်ပုဒ် ဖတ်ရှုမိလိုက် သောကြောင့်ဖြစ်သည်။

တစ်ဖန် နိုင်ငံရေး စာပေပညာရှင် ဆရာကျော်ဝင်း သြဂုတ် ၉၊ ၂ဝ၁၂ နေ့ထုတ် 7 Day News Journal တွင် ရေးသား ခဲ့သော ပီအာ-လား၊ တပ်ပေါင်းစု-လား၊ ပိုနေမြဲ၊ ကျားနေမြဲ-လား (ဘေးမှ ရပ်ကြည့်သူ တစ်ဦး၏ ထင်မြင်ချက်များ) ဆောင်းပါးမှ ဆရာကျော်ဝင်း ၏ ထင်မြင် သုံးသပ်ချက် များကို ပြန်လည်၍ အနှစ်ချုပ် ဖော်ပြလိုပါတယ်။

ထင်မြင်ချက်(၁) - ဤစနစ်(ပီအာ)ကို ကျင့်သုံးမည် ဆိုပါက (စွမ်းဆောင်ရည် အရရော မရိုးသားမှု များကြောင့်ပါ) အားနည်း ချို့ယွင်းချက်များ ရှိလာ နိုင်သည်။

- ပီအာစနစ်က နိုင်ငံရေး ပါတီများ ညှိနှိုင်း ဆောင်ရွက်ကြ ရမည်ဖြစ်ရာ ဘုံတူညီချက် (Common Ground) ရှာဖို့ ခက်လိမ့်မည် ထင်သည်။

- အရေးကြီးသော ဆုံးဖြတ်ချက်များ (ဥပမာ- ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး) ချမှတ်ရန် လုံလောက်သည့် ၇၅ ရာခိုင်နှုန်း ရဖို့  မလွယ်ကူဟု စဉ်းစားမိသည်။ ဤသို့ဆိုလျှင် မြန်မာ့ ဒီမိုကရေစီ ရေးမှာ အီလည်တန့်ခံမှုနှင့် ကြုံရနိုင်သည်။ ဆိုရလျှင် ရွှေပြည်တော် မျှော်တိုင်း ဝေးပင် ဖြစ်သွား နိုင်သည်။

ဤသို့ ဆိုသည်နှင့် ပီအာကို ဆန့်ကျင်သည် မဟုတ်ပါ။ ရေရှည် အတွက် ကောင်းနိုင်ပါသည်။ အထူးသဖြင့် ဆိုခဲ့ပါ တတိယ အချက်ကို အလေးထား စဉ်းစားပေးစေ ချင်ပါသည်။

ထင်မြင်ချက်(၂) - ပီအာဖြစ်စေ၊ လက်ရှိ FPTP ဖြစ်စေ၊ သို့မဟုတ် ဤနှစ်ခု ပေါင်းစပ်၍ဖြစ်စေ မည်သည့် စနစ်ဖြင့် သွားသွား တပ်ပေါင်းစု နိုင်ငံရေး စိတ်ဓာတ် မပျောက်မှသာ မြန်မာ့ဒီမိုကရေစီ ဝင်္ကပါ လမ်းမှ ဖောက်ထွက် နိုင်လိမ့်မည် ထင်သည်။

အထက်ပါ ဆရာကျော်ဝင်း၏ ထင်မြင်ချက် များကိုလည်း ကျွန်တော် အလေးအနက်ထား စဉ်းစား ခဲ့ပါသည်။ ဆိုခဲ့ပြီးသည့် အတိုင်း ကျွန်တော်သည် နိုင်ငံရေးသမား၊ နိုင်ငံရေး လေ့လာသူ၊ နိုင်ငံရေး ကျွမ်းကျင်သူ ဘာတစ်ခုမှ မဟုတ်ပါ။ သို့သော် လူသည် နိုင်ငံရေး သတ္တဝါဖြစ်သည် ဟူသော အယူအဆကို လက်ခံသူ ဖြစ်သော ကြောင့် ပီအာ ဟူသော နိုင်ငံရေးစနစ်အား ယခုကာလ အခါသမယ တွင် လက်သင့်ခံနိုင်မှု မရှိသေးပါဟု အလယ်လူ ပြည်သူ တစ်ဦး၏ သဘောထား ဆန္ဒကို အများသိစေရန် တင်ပြ လိုက်ရပါသည်။

Ref: ပြည်သူ့ခေတ်ဂျာနယ်များ
ပီအာ-လား၊ တပ်ပေါင်းစု-လား၊ ပိုနေမြဲ၊ ကျားနေမြဲ-လား (ဆောင်းပါး) အတွဲ(၁၁)၊ အမှတ်(၂၂ ) 7 Days News Journal

Copyright © 2013 The Voice
All rights reserved
Powered by The Voice