Saturday, 25th May 2013
Wednesday, 23 January 2013 08:07

ငြိမ်းချမ်းရေးခရီး

Written by  လှမောင်ရွှေ
Rate this item
(0 votes)

ဒီကနေ့ ၂၀၁၃ ခုနှစ် ဇန်ဝါရီလ (၁၂) ရက်နေ့၊ ပြည်ထောင်စု အစိုးရနဲ့  ကရင် အမျိုးသားအစည်းအရုံး(KNU) တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့တာ တစ်နှစ် ပြည့်ခဲ့ပါပြီ။ ဒီနေ့ ကျရောက်တဲ့ ၂၇၅၂ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ နဲ့လည်း တိုက်ဆိုင်နေပါတယ်။ သန်း(၆၀)ထဲက ငြိမ်းချမ်းရေး လိုချင်တဲ့ နိုင်ငံသားတစ်ဦး အနေနဲ့၊ တစ်နှစ်ပြည့်ကနေ နောင်နှစ်ပေါင်း ရာထောင်ချီ ခိုင်မြဲစေချင်ပါတယ်။ ကျွန်တော့်လိုပဲ မိတ်ဆွေများလည်း အပစ်အခတ် ရပ်စဲမှုကို ပျက်စေချင်ကြမှာ မဟုတ်ဘူး၊ ငြိမ်းချမ်းရေးကို ခိုင်မြဲ စေချင်ကြမှာပါ။  မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းမှာ ဖြစ်နေဆဲ တိုက်ခိုက်မှုတွေကိုလည်း  ပြီးဆုံးစေချင်ကြမှာပါ။ KNU နဲ့ အပစ်အခတ် ရပ်စဲမှု တနှစ်ပြည့်မှာ ကျွန်တော်တို့  တစ်ထောင့် တစ်နေရာက ပါဝင်ခွင့် ရခဲ့တဲ့ တစ်နှစ်ကျော် ကာလရဲ့ အတွေ့အကြုံတချို့၊ အတွေးအမြင် တစ်ချို့ကို ဝေမျှလိုပါတယ်။ သဘောမတူတာလဲ ဖြစ်နိုင်ပါတယ် ၊ မကြိုက်တာပါ ဖြစ်နိုင်ပါတယ်။

၂၀၁၁ ခုနှစ် မတ်လမှာ သမ္မတကြီး ဦးသိန်းစိန် လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး အစိုးရအဖွဲ့သစ်ရဲ့ တာဝန်များကို စတင် ထမ်းဆောင် ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတာတွေ အတွက် ညှိနှိုင်းမှုတွေကို သက်ဆိုင်တဲ့သူတွေက ကြိုးစားဆောင်ရွက် ခဲ့ပေမဲ့ အဆင်မပြေနိုင်ခဲ့ပါဘူး။ ၂၀၁၁၊ သြဂုတ်လ (၁၈) ရက်မှာ နိုင်ငံတော် သမ္မတ က တိုင်းရင်းသား လက်နက်ကိုင် အားလုံးထံ  ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို တရားဝင် ကြေငြာကမ်းလှမ်း ခဲ့တာ တွေ့ခဲ့ရပါတယ်။၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၇)ရက် မှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အနေနဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းဖို့ ပြည်ပကို ပထမဆုံး စတင် ထွက်ခွါ ခဲ့ပါတယ်။ ဝန်ကြီးနဲ့ သူ့လက်ထောက် ဦးစိုးမိုးအောင်က လွဲလို့ ကျန်သူများဟာ အရပ်သားများသာ ဖြစ်ပါတယ်။ KNU နဲ့ တကယ်ပဲ စတင် တွေ့နိုင်ဖို့စီစဉ်ခဲ့သူများ ဖြစ်ကြတဲ့ ဦးချစ်သန်း ၊ ဦးငွေစိုး ၊ ဦးကိုကိုမောင် နဲ့မစု တို့ကို ဒီနေရာ ကနေ အားလုံး ကိုယ်စား အထူး ကျေးဇူးတင်ကြောင်း စိတ်ရင်း အမှန်နဲ့ ပြောပါရစေ။ ထိုင်းနိုင်ငံအနှံ့ ရေကြီးနေလို့  ၆နာရီ ခရီးကို အသွား ၁၃ နာရီ ၊ အပြန် ၁၄ နာရီ လောက်အချိန်ပေးပြီး သွားခဲ့ကြရပါတယ်။၂၀၁၁ ခုနှစ် အောက်တိုဘာလ (၉) ရက်မှာ KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ၊  ဗဟိုကော်မတီဝင် ဖဒိုအားတိုး ၊ စောလှထွန်းတို့ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဝန်ကြီး ဦးအောင်မင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ပထမဆုံး ဆွေးနွေးပွဲဖြစ်လို့ ငြိမ်းချမ်းရေး ဖိတ်စာကမ်းလှမ်း ၊ သမ္မတအသစ်ရဲ့ ငြိမ်းချမ်းရေး သဘောထားများကို ရှင်းပြ၊ ယုံကြည်မှုကို ကြိုးစား တည်ဆောက်ခဲ့ပါတယ်။ KNU အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ရိုးသားမှုကိုလည်း လေးစား အားကျမိပါတယ်။ ထူးခြားချက် တခုကတော့ အပြန်ခရီးစဉ် ဘန်ကောက်မှာ ဝန်ကြီး ဦးအောင်မင်း အနေနဲ့ ပြည်ပရောက် မြန်မာတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသား ပထမဆုံး သမ္မတကြီးရဲ့သား ဦးဟန်ရောင်ဝေ(U Harn Yawnghwe) ၊ ဦးဘိုဘိုကျော်ငြိမ်း ၊ ဦးညိုအုန်းမြင့် ၊ ဦးအောင်နိုင်ဦး ၊ ဦးအောင်သူငြိမ်း တို့ကို သီးခြားစီ တွေ့ဆုံနိုင်ခဲ့ပြီး သမ္မတသစ်နဲ့ အစိုးရ အဖွဲ့ကြိုးစား ဆောင်ရွက်မဲ့ State Building ၊ Nation Building ၊ Peace Process တို့ကို ရှင်းပြခဲ့ပါတယ်။ သူတို့ကလည်း ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စု ဝန်ကြီး တစ်ဦးရဲ့ ငြိမ်းချမ်းရေး ခရီးစဉ်အစမှာ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် တွေဖြစ်တဲ့ ဦးတင်မောင်သန်းနဲ့ Dr.ကျော်ရင်လှိုင် တို့လည်း ဆွေးနွေးပွဲတွေမှာ ပါဝင် ခဲ့ပါတယ်။ နောက်ပိုင်းဖြစ်စဉ်တွေဟာ မြန်ဆန်လွန်းလို့ တခါတခါ ပြန်တွေးမိရင် အံ့သြမဆုံး ဖြစ်မိပါတယ်။ နှစ်ပေါင်း များစွာ အတွင်း ပြည်ထောင်စုဝန်ကြီးတစ်ဦး မဲဆောက်ကို ရောက်တယ်။ (မဲဆောက်ဟာ နာမည်ကြီးတဲ့ နေရာ တစ်ခုပါ။ ၂၀၀၈ မှာ KNU အထွေထွေ အတွင်းရေးမှူးချုပ် ဖဒိုမန်းရှာ  လုပ်ကြံ ခံခဲ့ ရတဲ့နေရာ၊ အခုထိ တရားခံကို မဖော်နိုင်သေးပါဘူး။ ပြီးတော့ မြန်မာ အတိုက်အခံ အများစု ရှိတဲ့ နေရာဖြစ်လို့ပါ) KNU နဲ့ ဆွေးနွေးအပြီး နောက်တရက်မှာ အတိုက်အခံ တချို့နဲ့ တွေ့ခဲ့တာ ဖြစ်ပါတယ်။ နောက် နှစ်ပတ်လောက်ပဲ ကြာပါတယ်။ သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ဦးဟန်ရောင်ဝေ ပြည်တွင်းကို အလည်ဝင်ခွင့် ရခဲ့ပါတယ်။ သူရှင်းပြတာက "သူ့အနေနဲ့ အမိမြေကို နှစ်ပေါင်း လေးဆယ်ကျော်ကြာမှ ပထမဆုံးအကြိမ် တရားဝင် အလည်ရောက်ခဲ့တယ် ၊ သူ့မွေးရပ်မြေ ရှမ်းပြည်ကိုလည်း  သွားလည်ခဲ့တယ်။ ဆွေးနွေးနိုင်တဲ့ သူတွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယုံကြည်မှု တစုံတရာလည်း ရခဲ့ပါတယ်" လို့ ပြောပါတယ်။ ဝန်ကြီး ဦးအောင်မင်းကိုလည်း ငြိမ်းချမ်းရေးမှာ သူအတတ်နိုင်ဆုံး ပါဝင် ကူညီမယ် လို့ မပြန်ခင်မှာ ပြောသွားပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလထဲမှာ မြန်မာ့ ငြိမ်းချမ်းရေး သမိုင်းမှာ မှတ်တိုင် တခုအဖြစ် ကျန်ခဲ့မယ်လို့ ကျွန်တော်ယူဆတဲ့ အဖြစ်ပျက်တွေ ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ နိုဝင်ဘာလ (၁၈) ရက်မှာ ဝန်ကြီးဦးအောင်မင်းနဲ့ သူ့လက်ထောက်၊ ပြီးတော့ ကျွန်တော်တို့ (ဦးတင်မောင်သန်း၊ Dr. နေဝင်းမောင် ၊ Dr.ကျော်ရင်လှိုင် ၊ ဦးဆန်နီညွှန့်သိန်း နဲ့ ဦးကျော်နီခင်တို့ပါ)  တာချီလိတ်ကနေ ဖြတ်ပြီး ချင်ရိုင်း (Chiang Rai) ဆိုတဲ့ မြို့လေးကို သွားကြပါတယ်။ နောက်တရက်မှာ ဦးဟန်ရောင်ဝေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ စီစဉ်ပေးတဲ့ Meeting  Place မှာ ဆွေးနွေးပွဲတွေ စပါတယ်။ တိုင်းရင်းသား အားလုံး လိုချင်တာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ၊ တန်းတူညီမျှမှု ၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ပါ။ ဒီ Meeting မှာ ညီမျှမှု တချို့ စရတယ်လို့ ထင်ပါတယ်။ ဒီတွေ့ဆုံပွဲဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစဖြစ်တယ်။ အဖွဲ့အသေးအကြီး မခွဲခြားပဲ ပဏာမ ဆွေးနွေးပွဲမှာ အဖွဲ့တိုင်း တန်းတူ ညီမျှတဲ့ ဆွေးနွေးချိန် ရကြပါတယ်။ ပထမ ဒုဗိုလ်ချုပ်ကြီးရွက်ဆစ် (Lt.General Yawd Serk)  ဦးဆောင်တဲ့ RCSS/SSA အဖွဲ့နဲ့ စပြီး ဆွေးနွေးပါတယ်။ အဖွဲ့ဝင် (၉) ဦးခန့် ပါဝင်ပါတယ်။ ဒုတိယ ဆွေးနွေးပွဲက ဖဒိုဒေးဗစ်ထော ၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ၊ ဖဒိုအားတိုး တို့(၃)ဦးပါတဲ့ KNU အဖွဲ့ ၊ တတိယ ဗိုလ်ချုပ်ဘီထူး ဦးဆောင်တဲ့ KNPP အဖွဲ့ ၊ စတုတ္တပွဲက ဥက္ကဋ္ဌ ပူးဇင်ကျုံး (Pu Zing Cung) နဲ့   ဒေါက်တာရွှေခါး ဦးဆောင်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ၊ ပဉ္စမ နဲ့ နောက်ဆုံးကတော့ KIO က ဒု ဥက္ကဋ္ဌ ဦးအန်ဘန်လ နဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ  ဦးဆောင်တဲ့ (၆) ဦး ပါတဲ့ အဖွဲ့ပါ။ အခြားလူတွေ အတွက်တော့ မသိဘူး။ ကျွန်တော့်အတွက်ကတော့ အတော့်ကို စိတ်လှုပ်ရှား စရာပါ။  သင်ယူစရာ  ၊  မှတ်သား စရာ၊ စဉ်းစားစရာ တွေ အများကြီးပါ။ နာမည်ကျော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ တနေ့ထဲမှာ (၅)ဖွဲ့နဲ့ ဆွေးနွေးပွဲမျိုး ဒီဘက်ခေတ်မှာ ရှိတယ်ဆိုတာ ကျွန်တော် မဖတ်ဖူး မမှတ်ဖူးပါဘူး။ ဆွေးနွေးပွဲ တစ်ပွဲပြီးတိုင်းမှာ လက်ဆွဲ နှုတ်ဆက်တိုင်း ခပ်တင်းတင်း Hand Shake လုပ် ၊ Eye to Eye contact လုပ်ရင်း ငြိမ်းချမ်းရေးအတွက်လည်း နိုင်ငံသားတဦးအနေနဲ့ အားတက်မိခဲ့ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ ပြောသမျှကို  အပြုံးမပျက်ပဲ စိတ်ရှည်သည်းခံပြီး  အတတ်နိုင်ဆုံး ယုံကြည်မှုတည်ဆောက်ဖို့ ဝန်ကြီး ဦးအောင်မင်း အထူးကြိုးစားခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီး၊ ဝန်ကြီးဦးအောင်မင်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင် အားလုံးနဲ့ ဦးဟန်ရောင်ဝေ တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်း အတန်ကြာထဲက ကျွန်တော်တို့နဲ့ ဆွေးနွေးဖက် ၊ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတဲ့ ဦးဘိုဘိုကျော်ငြိမ်း၊ ဦးညိုအုန်းမြင့်နဲ့ ဦးအောင်နိုင်ဦး တို့လည်း ချင်ရိုင်း(Chiang Rai) ကို လိုက်လာကြပြီး ဝန်ကြီးကို အားဖြည့်ပေးကြပါတယ်။ Exile ပဲဖြစ်ဖြစ်၊ scholar ပဲဖြစ်ဖြစ်၊ ဝန်ကြီးပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး လိုချင်ကြတာတော့ အတူတူပဲဖြစ်မှာပါ။ အဲဒီည ညစာ စားပွဲကတော့ အဖွဲ့ပေါင်းစုံနဲ့ ပျော်စရာကြီးပါပဲဗျာ။ နောက်နေ့ KNU အဖွဲ့နဲ့ KIO အဖွဲ့ကို သီးခြားစီ ထပ်ဆွေးနွေးဖို့ ဖိတ်ကြားပေမယ့် KNU တစ်ဖွဲ့သာ လာနိုင်ပါတော့တယ်။ ဝန်ကြီး ဦးအောင်မင်း အခန်းမှာ တကယ့်ကို တရင်းတနှီး နာရီပေါင်းများစွာ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ ဆရာဒေးဗစ်ထောနဲ့ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ ဆီက ပညာတွေ၊ အတွေ့အကြုံတွေကို ကျွန်တော့် အဖို့တော့ တအံ့တသြ ဖြစ်လို့မဆုံး လေ့လာ မှတ်သားနေမိပါတယ်။ သူတို့ရဲ့ အတွေးအမြင်တွေကို သိရတော့ ပိုပြီးတော့လည်း စာနာမိပါတယ်။

ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက သူငယ်စဉ် စစ်သားဘဝမှာ သူ့သေနတ်ပြောင်း ချိန်မှတ်ထဲကို ရောက်လာတဲ့ မြန်မာစစ်သားကို သူခလုတ် မဆွဲခင်မှာ ချီတုံချတုံ ဖြစ်မိတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ "သူ့ကို ငါမသတ်ရင် ငါအသတ်ခံရနိုင်တယ်" ဆိုတဲ့ စစ်သားစိတ်နဲ့ဘဲ ခလုတ်ဆွဲခဲ့တယ်။ ဒါပေမယ့် သူစိတ်မကောင်းပါဘူးလို့ ပြန်ရှင်းပြရင်း ပြောပါတယ်။  အခု ဒီအဖြစ်မျိုးတွေ သူ လုံးဝ မမြင်လို မကြားလို မဖြစ်လိုတော့ဘူးလို့ ဆက်ပြောပါတယ်။ ကျွန်တော့အတွက်တော့ "ဒီမြန်မာ စစ်သားဟာ ကျွန်တော့် အဖေဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် ကျွန်တော့် ညီ ဖြစ်ခဲ့ရင်" လို့ တွေးမိတိုင်း ရင်ထဲမှာ မွန်းကျပ်လာပါတယ်။ ရှေ့တန်းသွားပြီး မိသားစုတွေဆီ ပြန်မလာနိုင်တော့တဲ့ တပ်မတော်သားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ဘယ်လောက်များ ရှိသွားပြီလဲ။

ဝန်ကြီး ဦးအောင်မင်းကလည်း သူ ဘာ့ကြောင့် ငြိမ်းချမ်းရေး လိုချင် ရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူဖြတ်သန်းခဲ့ရတဲ့ မြန်မာ့ တပ်မတော် အရာရှိဘဝကို ရှင်းပြရင်း ယုံကြည်မှုတွေ ထိုက်သင့်သလောက် ဆောက်နိုင်ခဲ့ပါတယ်။ ဆွေးနွေးပွဲ နောက်ဆုံးမှာ ဝန်ကြီးနဲ့ KNLA စစ်ဦးစီးချုပ်ဟာ သတိဆွဲပြီး အပြန်အလှန် အလေးပြုကြတာကို ကြည့်ရင်း ရင်ထဲ တလှပ်လှပ်ဖြစ်အောင် ခံစားရပါတယ်။ ကာယကံရှင် ဗိုလ်ချုပ်နှစ်ဦးက ပိုလို့တောင် ခံစားကြရမယ်ဆိုတာ သံသယ ဖြစ်စရာမလိုပါ။ ဆွေးနွေးပွဲ တလျှောက်လုံး ဝန်ကြီးဟာ သူ့ထက် အသက်ကြီးတဲ့ KNU လူကြီး သုံးဦးကို တလေးတစားနဲ့ "အဘ" လို့ ခေါ်တာ တွေ့ရပြီး ဝန်ကြီးကိုလည်း တဖက်က လူကြီးတွေက "ဗိုလ်ချုပ်" လို့ဘဲ ခေါ်ကြ ပြောကြပြီး လေးလေးစား ဆက်ဆံကြတာ တွေ့ရပါတယ်။

မာရသွန် ဆွေးနွေးပွဲတွေက အပြန် နိုဝင်ဘာ ၂၁၊ ၂၀၁၁ မှာ ဝန်ကြီးနဲ့ ကျွန်တော်တို့ဟာ တာချီလိတ်ကို ဝင်ပြီး နဂါးနှစ်ကောင် မိုင်ဖုန်း ဆရာတော်ကို ငြိမ်းချမ်းရေးကိစ္စ ရှင်းပြလျှောက်ထားရင်း သွားရောက် ဖူးမြော်ခဲ့ကြပါတယ်။ ဆရာတော်က ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးတာလဲ မှတ်မိပါတယ်။

နိုဝင်ဘာ ၂၄၊ ၂၀၁၁ မှာ ကျွန်တော်တို့ အလွယ်တကူ Team (B) လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တစ်ဖွဲ့ကို  နိုင်ငံတော် သမ္မတကြီးက ဝန်ကြီး ဦးအောင်မင်း ခေါင်းဆာင်ပြီး ထပ်ဖွဲ့ပေးခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ နိုဝင်ဘာလ (၃၀) ရက်၊ ၂၀၁၁ မှာ နေပြည်တော်ကို သမိုင်းဝင် လာရောက်ခဲ့ပါတယ်။ မှတ်မှတ်ရရ နောက်နှစ်ရက် အကြာ ဒီဇင်ဘာ (၂) ရက်နေ့ တောင်ကြီးမှာ RCSS/SSA အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပါတယ်။ ချင်ရိုင်း(Chiang Rai) ဆွေးနွေးပွဲ အပြီး (၁၂) ရက် အကြာမှာ အရင်က မရေးထိုးနိုင်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးကို အခု အစိုးရ အဖွဲ့သစ်မှာ ပထမဆုံး လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့ အဖွဲ့အဖြစ် သမိုင်းဝင် သွားပါတယ်။

သမ္မတကြီး၊ အစိုးရအဖွဲ့၊ ဝန်ကြီး ဦးအောင်မင်းရဲ့ Team (B) နဲ့ ကျွန်တော်တို့ လုပ်အားပေးတွေ အားလုံး ပိုပြီး အားတက်လာကြပါတယ်။ နောက်ထပ် ဘန်ကောက်၊ မဲဆောက်ကို အကြိမ်ကြိမ် ခရီးထွက် ညှိနှိုင်း နိုင်ခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီ (MNSP) နဲ့ တွေ့ဖို့ စံခလဘူရီ (Sangkhlaburi) ကိုလည်း ရောက်ခဲ့ပါတယ်။ ဒီကြိုးစား အားထုတ်မှု တွေရဲ့ ရလဒ်ဟာ ငြိမ်းချမ်းရေး အတွက် အလွန်ဘဲ အထောက်အကူ ဖြစ်ခဲ့ပါတယ်။

၂၀၁၂၊ ဇန်နဝါရီလ (၁)ရက်နေ့မှာ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ဒေါက်တာနေဝင်းမောင် ကွယ်လွန်ခဲ့ပါတယ်။ ဇန်နဝါရီလ (၅) ရက်နေ့မှာ ချင်းအမျိုးသား တပ်ဦး(CNF) နဲ့ ချင်းပြည်နယ်၊ ဟားခါးမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရေးထိုး နိုင်ခဲ့ပါတယ်။ အစိုးအဖွဲ့သစ်အနေရဲ့ ဒုတိယမြောက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ အဖွဲ့အဖြစ် စာရင်းဝင်သွားပါတယ်။ ဇန်နဝါရီလ (၁၀)ရက်နေ့မှာ ဆရာဒေးဗစ်ထော ဦးဆောင်တဲ့ KNU ကိုယ်စားလှယ် အဖွဲ့ဝင် (၁၉) ဦးပါအဖွဲ့ဟာ မြဝတီကနေ ဝင်လာပါတယ်။ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီးဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ အခြား တာဝန်ရှိသူတို့က သွားရောက် ကြိုဆို ခဲ့ကြပါတယ်။ လမ်းတလျှောက်မှာလည်း ကရင်၊ ဗမာ ပြည်သူလူထုတွေဟာ မျှော်လင့်မှု မျက်နှာတွေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုနေကြတာ တွေ့ရပါတယ်။ KNU ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဆရာဒေးဗစ်ထော နဲ့ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ဝန်ကြီးဦးအောင်မင်းက သူ့ကားရဲ့ သူထိုင်နေကျ နေရာ နောက်ခန်းမှာ အဘတို့ ထိုင်ပါ။ သူကိုယ်တိုင်က ရှေ့ခန်းမှာ ထိုင်ပြီး သူ့ကို လက်ထောက် တစ်ဦးလို သဘောထားပါ။ ကားအတူစီးရင်း လမ်းမှာ ဆွေးနွေးသွားကြတာပေါ့ လို့ ပြောတာကို KNU ခေါင်းဆောင်များ အတော်အားနာ သွားကြပုံ ရပါတယ်။ ယုံကြည်မှု တည်ဆောက်တယ် ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ ကျွန်တော်ကတော့ နှစ်ဖက် ခေါင်းဆောင်များ လမ်းတလျှောက် ဆွေးနွေးတာကို နားထောင်နိုင်ခွင့် ရှိတဲ့ ငြိမ်းချမ်းရေးယာဉ်ရဲ့ ယာဉ်မောင်းအဖြစ် လုပ်ခွင့် ရတာကိုဘဲ အတော် သဘောကျ ဂုဏ်ယူနေမိပါတယ်။ ဒါ့အပြင် အလွတ်သဘော ဆွေးနွေးပွဲတွေကော ၊ စားပွဲဝိုင်း ဆွေးနွေးပွဲတွေမှာပါ နာရီပေါင်းများစွာ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲ စားပွဲဝိုင်းကို ရောက်မလာနိုင်သေးတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ယုံကြည်မှု့ မရနိုင်သေးတာ ဘယ်သူ့ကိုမှ အပြစ်မတင်သင့်ပါဘူး။ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ အဖြစ်က တခဏနဲ့တော့ ပြီးမြောက်အောင် မလုပ်နိုင်ပါဘူး။ ယုံကြည်မှုတွေ ရှိလာအောင် Stakeholders များ အားလုံးက ဝိုင်းပြီး ဆောင်ရွက် ကြရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း (၂၀၀)လောက် ရှိတဲ့အထဲမှာ ကျွန်တော်တို့ နိုင်ငံလောက် များပြားတဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ ဒီလောက်များပြားတဲ့ အင်အား ကမ္ဘာပေါ်မှာ ရှိမယ် မထင်ပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ မလွယ်ကူ ပါဘူး။ တော်တော်ခက်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ သန်း(၆၀) အတွက် ဒီခက်တဲ့ လမ်းအပြင် အခြားနည်းလမ်း ရွေးစရာ မရှိဘူး ထင်ပါတယ်။ ဒီခက်တဲ့လမ်းကိုဘဲ ကျွန်တော်တို့အားလုံး အောင်မြင်အောင် ကြိုးစားကြရပါလိမ့်မယ်။

KNU နဲ့ အပစ်အခတ် ရပ်စဲမှုဟာ ပြောသလောက် မလွယ်ခဲ့ပါဘူး။ တနှစ်ပြည့်ချိန်မှာတောင် ပြန်ဖော်ပြဖို့ မသင့်သေးတဲ့ အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီး နှစ်ဖက်ဆွေးနွေးဖက် ခေါင်းဆောင်တွေဟာ တာဝန်ယူမှု၊ တာဝန်သိမှု၊ ငြိမ်းချမ်းရေး အတွက် ပြင်းပြတဲ့စိတ်နဲ့ (၆၁)နှစ် ကျော်ကြာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကို ရပ်ဆိုင်းနိုင်ဖို့၊ နှစ်ဖက် စစ်သည်တော်တွေ၊ မြေဇာပင် ပြည်သူလူထုတွေရဲ့ အသက်တွေ ထပ်မဆုံးရှုံးဖို့၊ ဒုက္ခတွေ မခံစားရဖို့ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ အဆုတ်တခြမ်းပဲ အလုပ်လုပ်တော့တဲ့ ဆရာဒေးဗစ်ထောဟာ ခြေလှမ်း ဆယ်လှမ်းလောက် လျှောက်ပြီးရင် တခါနားရတဲ့ အခြေနေနဲ့ အားတင်းပြီး ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ အတူ သူ့အဖွဲ့ဝင်များနဲ့ ဒီပွဲမှာ အထူးကြိုးစား ခဲ့ပါတယ်။

ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီးဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ သက်ဆိုင်ရာ စစ်ဖက်နယ်ဖက်က ပုဂ္ဂိုလ်များကလည်း တကယ့်ကို စိတ်ရင်းမှန်နဲ့ ကြိုးစားခဲ့ကြတာကို ဒီတသက် မမေ့နိုင်ပါဘူး။ ဆွေးနွေးပွဲ ခန်းမအပြင်မှာ စိုးရိမ်စိတ်နဲ့ စောင့်နေကြတဲ့ ကရင်တိုင်းရင်းသား လူကြီးတွေ၊ ရပ်မိရပ်ဖတွေ အားလုံး လက်မှတ်ထိုးနိုင်ပြီ ဆိုတဲ့ သတင်းကြောင့် ဝမ်းသာအဲလဲ ဖြစ်ကြ၊ အပြန်အလှန်ဖက်ကြပြီး မျက်ရည်ကျကြတာကို တွေ့ရပြီးတော့ ကိုယ်တိုင်လည်း ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရပါတယ်။ KNU ရဲ့ ဖိတ်ကြားမှုနဲ့ ရောက်လာတဲ့ Observer တစ်ဦးဖြစ်တဲ့ "Center for Peace and Conflict Studies (Cambodia)" က Mrs. Emma Leslie က မျက်ရည်တွေနဲ့ "လှမောင်ရွှေ၊ ဒီနေ့ အဖြစ်အပျက်တွေကို နင့်သူငယ်ချင်း နေဝင်းမောင်က Heaven ကနေ ကြည့်ပြီး ကောင်းချီးပေးနေတယ်လို့ နင်မထင်ဘူးလား" ဆိုတဲ့ စကားနဲ့အတူ ကောင်းကင်ကို မော့ကြည့်ရင်း ပြောလာတော့ ကျွန်တော်လည်း မျက်ရည် မထိန်းနိုင်ခဲ့ပါဘူး။ အဲဒီအချိန်အထိ မြန်မာနိုင်ငံကို နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာတဲ့တိုင်အောင် ပြန်မလာနိုင်သေးတဲ့ အဝေးရောက်နေတဲ့ ဦးအောင်နိုင်ဦးကလည်း ဝန်ကြီးကို ဖုန်းလှမ်းဆက်ပြီး ဂုဏ်ပြုစကားပြောရင်း သူလည်း ဝမ်းသာ၊ ဝမ်းနည်းဖြစ်ပြီး မျက်ရည် မထိန်းနိုင်ခဲ့ပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာတက်တဲ့ စစ်တိုင်း (၃)တိုင်းက နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးတွေနဲ့ KNLA တပ်မဟာ (၇) က နာမည်ကျော် ဗိုလ်မှူးချုပ် စောဂျော်နီတို့ အမှတ်တရ ဓါတ်ပုံ တွဲရိုက်ကြတာလည်း အဲဒီတုန်းက တအံ့တသြဖြစ်စရာ အနေနဲ့ မှတ်မိနေပါသေးတယ်။

အဲဒီနေ့က လက်မှတ်ရေးထိုးပြီး နောက် (၄) နာရီအကြာမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ နိုင်ငံတော် သမ္မတက နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကြေငြာစာ ထုတ်ခဲ့တာလည်း မင်္ဂလာပေါ် မင်္ဂလာဆင့်တဲ့ လုပ်ဆောင်မှု ဖြစ်ခဲ့ပါတယ်။ လက်မှတ်ထိုးတဲ့နေ့ ညနေမှာဘဲ မော်လမြိုင်ကို ထွက်လာခဲ့ကြပြီး မော်လမြိုင်၊ ပဲခူးနဲ့ နေပြည်တော်တွေမှာ နောက်ဆက်တွဲ တွေ့ဆုံ ဆွေးနွေးပွဲတွေလည်း လုပ်နိုင်ခဲ့ပါတယ်။

၂၀၁၂၊ ဧပြီလထဲမှာ ဒေါ်နော်စီ ဖိုးရာစိန် ဦးဆောင်တဲ့ KNU အဖွဲ့ဟာ ဆက်လက် ဆွေးနွေးဖို့ ပြည်တွင်းကို ဒုတိယအကြိမ် တရားဝင် လာရောက်ခဲ့ကြပါတယ်။ ဧပြီလ (၅) ရက်နေ့မှာ KNU က ခေါင်းဆောင် (၅) ဦးဟာ နိုင်ငံတော် သမ္မတကြီးနဲ့ နေပြည်တော်မှာ နှစ်နာရီကြာ တွေ့ဆုံ နိုင်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ KNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက  "သမ္မတကြီး အနေနဲ့ တနိုင်ငံလုံး ငြိမ်းချမ်းအောင် ခွန်အားပြည့် ဆက်လက် ဆောင်ရွက်နိုင်ဖို့၊ KNU နဲ့ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲမှုကနေ ရေရှည် ခိုင်မာတည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စေဖို့ " လို့ ပြောပြီး ကရင်ရိုးရာ သင်တိုင်းကို  သမ္မတကြီးကို ကိုယ်တိုင် ဝတ်ဆင်ပေးခဲ့ပါတယ်။ သမ္မတကြီးကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ အဲဒီ ကရင်သင်တိုင်းကို ဝတ်ဆင်ပေးနေတဲ့ အခိုက်အတန့်ဟာ ကျွန်တော့်လို သာမန်ပြည်သူ တစ်ယောက်အဖို့တော့ ကြက်သီး မွေးညင်းထရလောက်တဲ့ အထိ ဝမ်းသာပီတိ ဖြစ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာပဲ သမ္မတကြီးက ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့နဲ့ အရှည် တည်တံ့နိုင်ဖို့အတွက် အချက် (၆) ချက် ကို သူ့ရဲ့ အတွေ့အကြုံအရ ပြောပြပါတယ်။ အဲဒါတွေကတော့ (၁) အစိုးရဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ပြင်းပြတဲ့ဆန္ဒနဲ့ လိုလိုချင်ချင် ရှိရမယ်။ (၂) တပ်မတော်ဟာ ငြိမ်းချမ်းရေးကို ပြင်းပြတဲ့ဆန္ဒနဲ့ လိုလိုချင်ချင် ရှိရမယ်။ (၃) တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ပြင်းပြတဲ့ဆန္ဒနဲ့ လိုလိုချင်ချင် ရှိရမယ်။ (၄) ပြည်သူလူထုကလည်း ငြိမ်းချမ်းရေးတွေ ဖြစ်ပေါ်လာအောင်  ဝိုင်းဝန်းကြိုးစားကြရပါမယ်။ (၅) နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ဖြစ်စဉ်တွေကို လိုလားထောက်ခံမှု ရှိရမယ်။ (၆) ငြိမ်းချမ်းရေး ဖော်ဆောင်ရမယ့် နှစ်ဖက် Player တွေဟာ ပြင်းပြတဲ့ ဆန္ဒနဲ့ လိမ္မာပါးနပ်မှု ရှိရမယ် လို့ ဆိုပါတယ်။ အခု ဒီအခြေနေတွေ ပြည့်စုံနေပြီဖြစ်လို့ ငြိမ်းချမ်းရေး ရအောင် လုပ်ကြပါစို့ တိုက်တွန်းပါတယ်။ ဒီတွေ့ဆုံမှုဟာ လေးလတာ အပစ်အခတ် ရပ်စဲမှုရဲ့ နောက်မှာ အကြီးမားဆုံး ယုံကြည်မှုကို တည်ဆောက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တနှစ်ပြည့်တဲ့အထိ သေနတ်သံ မကြားရသလောက်ဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ တပ်မတော် ခေါင်းဆောင်များ ၊ KNLA ခေါင်းဆောင်များကို တကယ်ပဲ ကျေးဇူး တင်မိပါတယ်။ ရေရှည်လည်း ဆက်လက် ထိန်းသိမ်း သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

KNU အဖွဲ့ဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ထူးခြားအောင်မြင်မှုနဲ့အတူ သမိုင်းမှတ်တိုင်သစ်တွေကို စိုက်ထူနိုင်ခဲ့တဲ့ အဖွဲ့အစည်း ဆိုလည်း မမှားပါဘူး။ ထူးခြားချက်အနေနဲ့ KNU ဟာ နေပြည်တော်အထိ ရောက်ခဲ့ပြီး ဒု သမ္မတ၊ ကာကွယ်ရေးဝန်ကြီး အပါအဝင် ဒု ဗိုလ်ချုပ်ကြီးများ နဲ့အတူ ညစာစားပွဲမှာ ဆုံနိုင်ခဲ့ကြပါတယ်။ ပိုပြီး ထူးခြားတာကတော့ KNU အဖွဲ့ဟာ တနှစ်အတွင်းမှာ နိုင်ငံတော် သမ္မတကြီးနဲ့ နှစ်ကြိမ်၊ ဒု သမ္မတ နဲ့ နှစ်ကြိမ် နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တစ်ကြိမ်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တကြိမ် တွေ့ဆုံထားပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အောင်မြင်တဲ့ သမိုင်းမှတ်တိုင်များ စိုက်ထူ ထားနိုင်ခဲ့ပါပြီ။

ကျွန်တော်တို့ နိုင်ငံမှာ အဖြစ်အပျက်ပေါင်းများစွာ တခုပြီးတခု ဖြစ်ပျက်သွားပါတယ်။ အခု တနှစ်ပြည့်ပါပြီ။ ငြိမ်းချမ်းရေးအတွက် ကြိုးစားကြရင်း ဆရာဒေးဗစ်ထော၊ KNU  က ဗိုလ်မှူးကြီး မိုးဖြူ၊ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ဒေါက်တာနေဝင်းမောင် တို့အပြင် ကျွန်တော်သိသော၊ မသိသော လူပေါင်းများစွာ ကွယ်လွန်သွားခဲ့ပါပြီ။ တစ်နှစ်ပြည့်ကနေ နောင်နှစ်ပေါင်း ရာထောင်ချီ ခိုင်ခန့်မယ့် ငြိမ်းချမ်းရေးကို ကျန်ခဲ့တဲ့ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးက ဆက်ပြီး ဆောင်ရွက်ကြရပါလိမ့်မယ်။ ကျွန်တော်တို့ နောင်လာနောက်သား မျိုးဆက်တွေ အတွက် အပစ်အခတ်တွေ ရပ်စဲကြပြီး ငြိမ်းချမ်းရေးတွေ ရသည် အထိ၊ ပြီးတော့ ရလာတဲ့ ငြိမ်းချမ်းရေးကို ခိုင်မာသထက် ခိုင်မာအောင် ကြိုးစားပြီး ဆောင်ရွက်ကြဖို့ အားလုံးကို မေတ္တာ ရပ်ခံပါရစေ။

KNU အဖွဲ့လိုဘဲ နိုင်ငံတော် အစိုးရနဲ့ အပစ်အခတ် ရပ်စဲမှု လက်မှတ် ရေးထိုးတဲ့ အဖွဲ့ပေါင်းများစွာ ရှိပါတယ်။ ဒီအဖွဲ့တွေကိုလည်း ဒီနေရာကနေ ပြည်သူလူထု ကိုယ်စား ကျေးဇူးတင်ပါကြောင်း၊ ဂုဏ်ပြုပါကြောင်းနဲ့ ဆက်လက် ထိန်းသိမ်းပြီး ငြိမ်းချမ်းရေး အတွက် နောက်ထပ် တဆင့်ပြီး တဆင့် ဆက်သွား နိုင်ပါစေကြောင်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်။ နောက်ထပ် ကြိုးစား ညှိနှိုင်းနေတဲ့ အဖွဲ့တွေလည်း ရှိပါသေးတယ်။ KIO အပါအဝင် ဒီအဖွဲ့တွေ အားလုံးလည်း တဆင့်ပြီး တဆင့် ညှိနှိုင်းဆွေးနွေး၊ ယုံကြည်မှု တည်ဆောက်၊ မျှတတဲ့ တိုင်းရင်းသား အခွင့်အရေးတွေ ရရှိလာပြီး ဒီနိုင်ငံရဲ့ Nation Building ၊ State Building မှာ ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ကြဖို့ကိုလည်း မျှော်လင့် ပါတယ်။

ကျွန်တော့်စာကို ၂၀၁၂၊ အောက်တိုဘာလ (၁၄) ရက်နေ့က မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တဲ့ ဆရာဒေးဗစ်ထော ကို အစွမ်းကုန် ကြိုးစား ကုသပေးခဲ့တဲ့ ဆရာဝန် ဗိုလ်မှူးကြီးရဲ့ စကားနဲ့ အဆုံးသတ် လိုပါတယ်။ "အရင်တုန်းက တစ်ရက်ထဲမှာ မိုင်းထိတဲ့ တပ်မတော်သား အများဆုံး နှစ်ဆယ်ကျော် အထိ ခြေဖြတ်၊ လက်ဖြတ် Case တွေ လုပ်ခဲ့ရဘူးတယ်။ အခု အဲဒီလို Case တွေ မရှိသလောက်ဖြစ်လို့ ဆေးကျောင်းသားတွေကို Video File တွေ ပြပြီး သင်နေရတယ်။ နောက်ထပ် သူ့ဘဝ တလျှောက်လုံး ဒီလို Video File နဲ့ပဲ သင်ရတဲ့ ဘဝကို ရလိုပါတယ်" တဲ့။

(ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတဲ့ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ အဖွဲ့အစည်း အသီးသီးနဲ့ ပြည်သူလူထု အားလုံးကို ဒီနေရာကနေ ကျေးဇူးတင် လေးစားမှုနဲ့ ဦးညွတ် အလေးပြုပါတယ်။)

လှမောင်ရွှေ

၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်

Read 367 times Last modified on Thursday, 24 January 2013 07:11
Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.