Wednesday, 19th June 2013
Saturday, 12 January 2013 06:44

ပေတံက ပြောသော စကား

Written by  ဇေယျသူ
Rate this item
(0 votes)



လူမှန်လျှင် ပေတံ ရှိစမြဲ ဖြစ်သော်လည်း ကိုယ်ပိုင်ပေတံ ရှိလျှင် အကောင်းဆုံးဖြစ်သည်။ အထူးသဖြင့် အခြားသူတို့ မလုပ်ဖူး သေးသော အလုပ်ကို လုပ်မည့်သူ၊ မကြံစည်ဖူးသေးသော အကြံကို ကြံစည်မည့်သူ၊ မသွားဖူးသေးသော လမ်းကို ဖောက်မည့်သူ လျှောက်မည့်သူ တို့သည် ကိုယ်ပိုင်ပေတံ အဆောင်သင့်ဆုံးသူများ ဖြစ်သလို ဆောင်မည့်ဆောင်လျှင် ပေတံကောင်းကိုသာ ဆောင်သင့်သည်။

 တိုင်းတာနိုင်သည့် ကိရိယာ၊ စံနှုန်းကို ပေတံဟု ဆိုလိုခြင်းဖြစ် သည်။ ကိုယ်အလေးချိန်ကို ပေါင်ဖြင့်၊ ကီလိုဂရမ်ဖြင့် တိုင်းမည်။ အချိန်ကို နာရီ၊ မိနစ်၊ စက္ကန့်ဖြင့်တိုင်းမည်။ စင်စစ် ပေတံ ဆိုသည်မှာ တန်ဖိုးဖြတ်သော စံသတ်မှတ်ချက် တစ်ခုပင်ဖြစ်သည်။ လူအပါအဝင် အရာရာကို ပေတံဖြင့် တိုင်းတာပြီး ကောင်း၏၊ မကောင်း၏၊ အရည် အချင်းပြည့်မီ၏၊ မပြည့်မီ၏ ဆုံးဖြတ်ရသည်။

ပေတံအမျိုးအစားကို လိုက်ကာ တန်ဖိုးဖြတ်ပုံ ဖြတ်နည်းတို့သည် လည်း ကွဲပြားသွားမည်။ ငွေကို တန်ဖိုးထားသူတို့က လူတစ်ယောက် တန်ဖိုးကို ငွေဖြင့်၊ ပညာတန်ဖိုးထားသူ တို့က ပညာဖြင့်တိုင်းမည်။ ရိုးသားမှုဖြင့် တိုင်းသလို လည်သလို ကြည့်လုပ်တတ်ခြင်း ဖြင့်လည်း တိုင်းကောင်းတိုင်းမည်။ လူအမျိုးမျိုး၊ တိုင်းနည်းအဖုံဖုံ၊ ပေတံ အထွေထွေ။

ပေတံတစ်ချောင်းဖြင့် တိုင်းလျှင် မိမိ ကြီးမားချင် ကြီးမားမည် ဖြစ်သော်လည်း အခြားပေတံဖြင့် တိုင်းသည့်အခါ မိမိ သေးကွေး ကျုံ့ဝင် သွားတတ်သည်။ ရှည်လိုက်၊ တိုလိုက်၊ ကျုံ့လိုက်၊ ပွလိုက်ဖြင့် ပေတံပြောင်းတိုင်း မိမိပုံစံ အမျိုးမျိုး ဖြစ်နေတတ်သည်။ ရှည်သည့် အချိန်၊ ကြီးသည့်အချိန်တွင် ပီတိဖြစ်ရသော်လည်း သေးကွေးပုတက် သည့် အချိန်တွင် စိတ်ထိခိုက်ရတတ်သည်။

အချို့က လူချင်းတွေ့လျှင်တွေ့ချင်း ခြေဆုံးခေါင်းဆုံး အဝတ်အစား ကိုကြည့်၊ စီးလာသောကားကို ကြည့်ပြီး အကဲဖြတ်သည်။ အဝတ်နွမ်း၊ ကားညံ့လျှင် အထင်သေးသော အမူအရာ ပေါ်လာတတ်သည်။ အဝတ်အစား၊ ကားတို့ကိုကြည့်ပြီး အကဲခတ်ရခြင်းသည် သက်သာသည်၊ လွယ်ကူ သည်။ စကားပြောကြည့်၊ အလုပ်အကိုင် သိပြီးမှ အကဲဖြတ်ခြင်းက ပိုမှန် နိုင်သည့်တိုင် အပေါ်ယံကြောဖြင့် အသုံးအဆောင်ကို ကြည့်ပြီးမှ အကဲဖြတ်လျှင် ငွေမှလွဲပြီး ဘာမျှ မရှိသူတို့ ကိုလည်း အထင်ကြီးသွား နိုင်သည်။ သို့သော် သူ့ပေတံနှင့်သူ ဘာမျှ ပြောရန်မရှိ၊ သူ့သဘောသူ ဆောင်လိမ့်မည်။ သူ့မျက်လုံးများကိုကြည့်ပြီး မိမိကိုယ်ပေါ်သို့ သူ့ပေတံ ရောက်လာခြင်းကို ကိုယ်ကိုယ်တိုင်က လက်မခံရန်သာ အရေးကြီး သည်။ သူ့မျက်လုံးများထဲတွင် မိမိကိုယ် သေးကွေး ကျုံ့ဝင်သွားသည် ကိုမြင်ပြီး မိမိပါ လိုက်ပါ ကျုံ့ဝင် မသွားရန်သာ လိုသည်။ "Nobody can make you feel inferior without your consent"  "မိမိသဘော တူညီချက်မပါဘဲ မိမိကို သိမ်ငယ်အောင် လုပ်မရ” ဆိုသည့်စကားမှာ သူ့ပေတံကို ကိုယ်လက်မခံ သေးသရွေ့ သူ့ပေတံတွင် ကိုယ်သေးကွေး နေစရာ အကြောင်းမရှိဟု ဆိုလိုခြင်း ဖြစ်သည်။

လူတစ်ယောက်တည်းပင် သေးလိုက် ကြီးလိုက်၊ တန်ဖိုးမြင့်လိုက် ကျလိုက် ဖြစ်ကြရသည်မှာ ပေတံ အမျိုးမျိုးဖြင့် အတိုင်းခံရသောကြောင့် ဖြစ်သည်။ အများသုံး ပေတံ အချောင်းချောင်းဖြင့် မိမိကို လာတိုင်းကြသည့်အတွက် မိမိ၏ တန်ဖိုးမှာ အမျိုးမျိုးဖြစ်ရသည်။ ကိုယ့်ပေတံနှင့် ကိုယ်ရှိလျှင် အခြားသူတို့ ကိုယ့်ကို သူတို့ပေတံနှင့် လာတိုင်းပြီး နိမ့်သည်ဟု သတ်မှတ်သွားခြင်းကြောင့် စိတ်မပျက် အားမလျော့နိုင်။ မိမိ၏ အတက်အကျကို မိမိကသာ သတ်မှတ်သောကြောင့် သူတို့ပေတံနှင့် မကိုက်လျှင်လည်း အလုံးအရပ်မလျော့။ ဥပမာ-ပညာသင်လျှင် ပညာတတ်ဖို့က အဓိကဖြစ်သည်။ မိမိအဝတ်အစား နုံနဲ့သောကြောင့် စိတ်ပျက် အားလျော့ရန် မလို။ မိမိအဝတ်အစားကိုကြည့်ပြီး ပေါင်းလို သင်းလိုသူ နည်းပါးလျှင် ယင်းသည် သူတို့၏ပြဿနာသာ ဖြစ်သည်။ မိမိ၏ပြဿနာမဟုတ်။

အချို့သူတို့သည် ပေတံ မကြာခဏပြောင်းသည်။ ဟိုခေတ်တွင် ဟိုပေတံ၊ သည်ခေတ်တွင် သည်ပေတံနှင့်။ အသက်အရွယ်အရ၊ အတွေ့အကြုံအရ၊ ဗဟုသုတအရ ပေတံများ ပြောင်းလဲနိုင်သည်မှာ ဓမ္မတာဖြစ်သော်လည်း မကြာခဏ ပြောင်းလဲနေခြင်းမှာ စိတ်ဓာတ် မခိုင်မာသည့် သဘော၊ ရောယိမ်းလိုက် ဘသားယိမ်းလိုက် သဘောကို ဖော်ပြသည်။ ထိုသူမျိုးများသည် ကိုယ့်ကိုယ်နှင့် သူများပေတံ ဖြစ် သည့်အတိုင်း စိတ်ချမ်းသာရန် ခဲယဉ်းသည်။
လက်ခုပ်သံ ဆိုသည်မှာလည်း ပေတံတစ်မျိုးပင်။ လက်ခုပ်သံ သည် လူတို့က တီးရခြင်း ဖြစ်သောကြောင့် လူတို့ ဘာတန်ဖိုးထားသလဲ ပေါ်တွင် အမြဲမူတည်သည်။ သူတို့စိတ်နှင့် တွေ့လျှင်၊ တိုက်ဆိုင်လျှင် လက်ခုပ်တီးကြမည်။ လက်ခုပ်သံညံတိုင်းလည်း အမှန်ဟု မဆိုနိုင် သည့်အတွက် လက်ခုပ်သံပျောက်မည်ကို စိုးရိမ်ပြီး မိမိ၏ အယူအဆ၊ အလုပ်အကိုင်ကို ပြောင်းလဲပစ်ခြင်းသည် ပေတံလက်ကိုင် မရှိသူတို့၏ စရိုက်ဖြစ်သည်။

အခြားသူ၏ ပေတံနှင့် အသက်ရှင်သောသူသည် မိမိကိုယ်ကို ယုံကြည်မှုလည်း နည်းတတ်သည်။ ဉာဏ်ကောင်း၊ အတွေးအခေါ် ကောင်းသောကြောင့် ကိုယ်ပိုင် အတွေးအကြံကောင်းတို့ ရနိုင်သော် လည်း အများဝေဖန် ခံရမည် စိုးသောကြောင့် ထုတ်မပြောရဲဖြစ်တတ် သည်။ "ဟုတ်မှန်ပြီး အကျိုးရှိသော စကား” ဆိုလျှင် အများ နားခါးနိုင် သော်လည်း ပြောဝံ့ရမည်။ မပြောဝံ့လျှင် ထိုသူသည် အများပိုင်ပေတံ ဖြင့် အသက်ရှင်သောသူ ဖြစ်လိမ့်မည်။ အများ မိုးခါးရေ သောက်သော ကြောင့် မိမိလည်း လိုက်သောက်ရပါသည် ဆိုသော ပုဂ္ဂိုလ်တို့မှာ တစ်ပါးသူတို့ ပေတံဖြင့် အသက်ရှင်နေရသူများ ဖြစ်သည်။

လူ့အဖွဲ့အစည်း တစ်ခုတွင် တန်ဖိုးထားသော အရာများသည် ထိုလူ့အဖွဲ့အစည်း၏ ပေတံများဖြစ်သည်။ ရိုးသားကြိုးစားခြင်းကို တန်ဖိုးထားသော လူ့အဖွဲ့အစည်း၏ ပေတံမှာ ရိုးသားကြိုးစားခြင်း ဖြစ်သည်။ လည်သူစားခြင်း၊ အားမထုတ်ဘဲ အချောင်လိုက်ခြင်းကို တန်ဖိုးထားသော လူ့အဖွဲ့အစည်း၏ ပေတံမှာ လည်သူစား၊ အချောင် လိုက်ခြင်းဖြစ်သည်။ ထိုပေတံများ အတိုင်း လူတို့ ကျင့်ကြံကြခြင်းဖြင့် နောက်ဆုံးတွင် ထိုလူ့အဖွဲ့အစည်းနှင့် ပေတံတို့သည် အတူတူဖြစ် သွားပြီး ပေတံနှင့် လူ့အဖွဲ့အစည်း ခွဲမရအောင် ဖြစ်သွားတတ်သည်။ လူ့အဖွဲ့အစည်း၏ ပေတံများကို လမ်းများပေါ်၊ ရပ်ကွက်ထဲ၊ ရုံးလုပ်ငန်းခွင် နေရာအနှံ့တွင် တွေ့နိုင်သည်။ တန်းမစီဘဲ မျက်နှာချင်းဆိုင် ယာဉ်ကြောမှ ကျော်တက်ကာ နေရာရလိုသော ကားများ၊ ဖြစ်သလို ပြီးစလွယ် လုပ်တတ်သော အလွယ်လိုက်စိတ်ဓာတ်များ၊ မတရား လှီးသူဖြတ်သူ ကျော်သူ ခွသူများကို ထက်မြက်သည်ဟု လေးစား အားကျခြင်းများသည် လူ့ဘောင်၏ ပေတံများကို လှစ်ဟပြနေသည်။

လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင် ခေတ်စားနေသော ပေတံများသည် မိမိပင် မသိလိုက်ဘဲ မိမိကိုယ်တွင်းသို့ တိတ်တဆိတ် တံခါးမခေါက် အသံမပေးဘဲရောက်လာတတ်ကာ မိမိပိုင်ပေတံများ ဖြစ်သွား တတ်သည်။ ပေတံကောင်း ပေတံမွန်များ ရောက်လာပါက အတိုင်းထက် အလွန်ဖြစ်သော်လည်း ပေတံဆိုး ပေတံညံ့တို့ ဝင်သွားလျှင် ဘဝပျက်ပြီ။ ခေတ်ဆိုးခေတ်ကျပ်၊ လူတို့ တရားမစောင့်၊ ကမ္ဘာမီးလောင် သားကောင်ချနင်း၊ နိုင်ရာစားခေတ်တွင် လူဖြစ်လာသူတို့တွင် ပေတံဆိုးတို့ ကိန်းဝင်လာရန် လွယ်ကူလှသည်။ ဟိုလူ့ကြည့်လည်း ဒီပေတံဆိုး၊ ဒီလူ့ကြည့်လည်း ဒီပေတံဆိုး ဖြစ်သည့်အတွက် အများပိုင် ပေတံဆိုးတို့ မိမိပေတံ ဖြစ်သွားနိုင်သည်။ ကိုယ်ခံအားကောင်းပါမှ မိမိပိုင် ပေတံကို ဖက်တွယ်ထားနိုင်စွမ်းရှိပြီး မိမိကိုယ်ကို အကြည်ညို မပျက် ရှိနေလိမ့်မည်။

လူသားတို့ တွေးပုံခေါ်ပုံ၊ လုပ်ကိုင်ပုံတို့ကို အမြစ်ကစ ပြောင်းလဲ တော်လှန်ခဲ့သည့် ပုဂ္ဂိုလ်ထူးများသည် အခြားသူများ သူတို့ကို မည်သို့ မြင်မည် တစ်နည်း ယင်းတို့ပေတံဖြင့် လာတိုင်းမည်ကို ထွေထွေထူးထူး ဂရုမစိုက်သူများ ဖြစ်ကြသည်။ မိမိမြင်လျှင် မြင်သည့်အတိုင်း ထုတ်ပြော သည်၊ လက်ခံ မခံက အခြားသူတို့အပိုင်း။ သူတို့မြင်သည့်အတိုင်း လိုက်မမြင်နိုင်သေးသောကြောင့် ဝေဖန် ဆန့်ကျင်ကြခြင်းကို သဘော ပေါက်သည့် အတိုင်း ပြောစရာရှိသည်ကို ပြောသည်။ ပြစ်တင် ရှုတ်ချ ခံရခြင်းကြောင့် ပုထုဇဉ် လူ့သဘာဝ စိတ်မကောင်းဖြစ်တတ်သော် လည်း အခိုက်အတန့်သာ၊ ကြာရှည် ဆွေးမနေအား။ သူတို့တွင် လုပ်စရာ ကိုင်စရာ များပြားလှသည့်အတိုင်း လုပ်သင့်သည်များကိုသာ ဆက် လုပ်တတ်သည်။

လောကဓံတွင် ကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း ရှိသည်။ ချီးမွမ်း ခံရချိန်တွင် ပျော်မဆုံးမော်မဆုံး၊ ကဲ့ရဲ့ခံရချိန်တွင် လင်းတမှိုင်မှိုင်ရလျှင် လောကဓံကို မခံနိုင်သေး။ ချီးမွမ်းချိန်တွင် သင့်ရုံလောက်သာ ကြည်နူးပြီး ကဲ့ရဲ့ခံရချိန်တွင်လည်း မမှုမှသာ လောကဓံဒဏ်ကို ခံနိုင်သူဖြစ်သည်။ မိမိပေတံနှင့် မိမိရှိသူသည် အောင်မြင်မှုကြောင့် ချီးမွမ်းလာလျှင် မိမိပေတံ ဖြင့်တိုင်းကာ အသင့်အတင့် နှလုံးသွင်းနိုင်သည်။ ကဲ့ရဲ့ခံရချိန်တွင် လည်း မိမိပေတံဖြင့်တိုင်းကာ သူတို့ မသိလို့သာဟု စဉ်းစားနိုင်သည်။

နေကို ကမ္ဘာက လှည့်ပတ်ကြောင်း သိသူသည် ကမ္ဘာကို နေက လှည့်ပတ်သည်ဟု ထင်သူများကြားတွင် ရဲရဲဝံ့ဝံ့နေနိုင်ခြင်း၊ အမှန်ကို ထုတ်ဖော်ဝံ့ခြင်းမှာ ကိုယ်ပိုင် ပေတံကြောင့်သာဖြစ်သည်။ လူ့အဖွဲ့အစည်း တွင်း ပေတံကောင်းများ ကြီးစိုးရန် လိုသည်။ ပေတံကောင်းများ မကြီးစိုး သေးလျှင် ကိုယ်ပိုင်ပေတံ ကောင်းကောင်း တစ်ချောင်း လက်ဝယ်မြဲရန် လိုသည်။

ဇေယျသူ

Read 823 times Last modified on Saturday, 12 January 2013 06:50
Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.