Thu, 17th April, 2014
Wednesday, 09 January 2013 09:08

ပါဝါနှင့် ကာလာ

Written by  အောင် (လောင်းလုံး)

 

တကယ်တော့ ဒီခေါင်းစဉ်ပါ စကားလုံးများကို ကျွန်တော် မသုံးချင်ပါဘူး။ မြန်မာစာကို မြန်မာစကားလုံး စစ်စစ်များနဲ့သာ ကျွန်တော် ရေးသား လိုပါတယ်။ ဒါပေမဲ့ ခေတ်ပေါ် စကားလုံး၊ အများ နားလည်လွယ်တဲ့ စကားလုံးတွေ ဖြစ်နေလို့ အင်္ဂလိပ်အသံနဲ့ ဖလှယ်ထားတဲ့ စကားလုံးတွေနဲ့ပဲ ခေါင်းစဉ် တပ်လိုက်ရပါတယ်။

ပါဝါဆိုတာ ဆေးသကြား တစ်မျိုးကို ဆိုလိုပါတယ်။ အစား အသောက်တွေကို ပိုစားကောင်းအောင် လုပ်ပေးနိုင်စွမ်း ရှိတဲ့ ဓာတု ပစ္စည်းကို အများက ခေါ်နေကြတဲ့ စကားလုံးပါ။ အချိုမှုန့်နဲ့ ဆေးသကြား ဆိုတဲ့ ဓာတုပစ္စည်းတွေကို ကျွန်တော်တို့ သုံးစွဲလာတာ ကြာပါပြီ။ အခုခေတ်မှာ ထပ်တိုးလာတာက ပါဝါသကြား ဆိုတာပါ။ ဟင်းချက်တဲ့အခါမှာ ထည့်သုံးလေ့ မရှိပါဘူး။ သရေစာအဖြစ်၊ ဟင်းခတ်အဖြစ် သုံးတဲ့ စားသောက်ကုန်တွေမှာ ထည့်သုံးလေ့ ရှိပါတယ်။

ကာလာဆိုတာ စားသောက်ကုန် အမျိုးမျိုးမှာ ထည့်တဲ့ ဆိုးဆေး အမျိုးမျိုးကို ဆိုလိုပါတယ်။ စားသောက်ကုန် အားလုံးလိုလို မှာ ကာလာမပါတာ မရှိသလောက်ကို ရှားပါတယ်။ လူတွေအတွက် အန္တရာယ် မရှိနိုင်တာတွေ ပါသလို လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အထည်ဆိုးဆေးတွေကိုလည်း သုံးနေကြပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဌာနတွေက စစ်ဆေးပြီး အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓာတု ပစ္စည်းပါ စားသောက်ကုန်တွေရဲ့ တံဆိပ်အမှတ် အသားတွေကို မကြာခဏထုတ်ပြန်ပေးနေပါတယ်။ ဒါပေမဲ့ ပါဝါနဲ့ ကာလာသုံးစွဲမှုတွေက လျော့မသွားပါဘူး။ ဘယ်အထိတောင် ကျယ်ပြန့်နေသလဲဆိုရင် လမ်းဘေးအကြော်ဆိုင် တွေအထိပါပဲ။ တစ်ခါတော့ အကြော်ဆိုင်မှာရောင်းတဲ့ ငှက်ပျောသီး ကော်ပြန့်ကြော်ဆိုတာ စားမိပါတယ်။ အကြော်ထဲက ငှက်ပျောသီး ဟာ ချိုသင့်တာထက် ပိုချိုနေပါတယ်။ ပါဝါထည့်ထားတာ သေချာ နေပါပြီ။

ပါဝါနဲ့ ကာလာ အပြင် အနံ့အတု အမျိုးမျိုးကလည်း ရှိနေသေး တယ်။ ဘယ်လောက်ထိများလဲ ဆိုရင် ပလာတာကြော်ရောင်းတဲ့သူ တောင်မှ ထောပတ်နဲ့ ကြော်ထားတယ် ထင်ရအောင်လို့ ထောပတ် အနံ့ထွက်တဲ့ ဓာတုပစ္စည်းကို ပလာတာကြော်ရာမှာ သုံးကြတယ်။ ပါဝါရော၊ ကာလာရော၊ မွှေးရနံ့အတု အမျိုးမျိုးရောဟာ ဓာတုပစ္စည်းတွေ ဖြစ်လေတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ လူကို အန္တရာယ်ပေးမှာ သေချာပါတယ်။ အဲဒါကိုသိလို့ နိုင်ငံတော် အစိုးရ က ကြီးကြပ်စစ်ဆေး တားဆီးတာတွေ လုပ်နေပေမယ့် သုံးစွဲမှု၊ ထုတ်လုပ်မှုတွေ လျော့မသွားတာဟာ ဘာကြောင့်ပါလဲ။

ထုတ်လုပ်သူနဲ့ ရောင်းဝယ်ဖောက်ကား သူကုန်သည် ပွဲစား တွေဆိုတာ စားသုံးသူ ဝယ်ယူမယ့် စားသောက်ကုန်များကိုသာ ထုတ်လုပ် ရောင်းချ မှာ သေချာပါတယ်။ စားသုံးသူက ပါဝါကို တောင်းနေတယ်။ ကာလာကို တောင်းနေတယ်၊ အဲဒါတွေ မကောင်းပါဘူး၊ ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ထုတ်လုပ်သူက ပြောပါ့မလား။ ရောင်းချသူက ပြောပါ့မလား။

ပြောမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ထုတ်လုပ်သူရဲ့ ကုန်စည်ကို ဝယ်သူရှိမှ ထုတ်လုပ်သူ ရပ်တည်နိုင်မယ်။ ရောင်းချသူ ရဲ့ ကုန်စည်ကို ဝယ်သူရှိမှ ရောင်းချသူ စီးပွားဖြစ်မယ်။ စားသုံးသူတွေ အန္တရာယ်ဖြစ်နိုင်မယ့် ပစ္စည်းကို မထုတ်လုပ်စတမ်း၊ မရောင်းချ စတမ်း၊ မိမိစီးပွားရေးကို ရှေ့တန်း မတင်ဘဲ စားသုံးသူရဲ့ ကျန်းမာရေး ကိုပဲ ဦးစားပေးမယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ရပ်ပါ။

စားသုံးသူ အများစုရဲ့ အခြေအနေကို လေ့လာ တီးခေါက်ကြည့် တော့ အာဟာရဖြစ်ဖို့ထက် လျှာစွဲဖို့ကိုပဲ ဦးစားပေးကြတယ်။ လျှာတစ်ခုတည်းနဲ့ စားတာလည်းမဟုတ်ပြန်ဘူး။ မျက်စိနဲ့လည်း စားတယ်။ နှာခေါင်းနဲ့လည်းစားတယ်။ စားစရာတစ်ခုကို ပါးစပ်ထဲ မထည့်ခင် အရောင်လည်းရွေးတယ်၊ အနံ့လည်းရွေးတယ်။ အဲဒီတော့ ဓာတုပစ္စည်း ကျွမ်းကျင်သူတွေက အရသာအတုတွေသာမက တော့ဘဲ အရောင်အတုရော၊ အနံ့အတုရော ဖန်တီးကြပါတော့တယ်။ ကျန်းမာ ရေးအတွက် ဆိုးကျိုးတွေ လာပြီပေါ့။

အထူးသဖြင့် လူငယ်တွေဟာ မိမိရဲ့ အာသာဆန္ဒကို မထိန်း သိမ်းနိုင်ဘူး။ လူငယ်တွေလို့သာ ဆိုရပေမယ့် လူကြီးတော်တော် များများလည်း ပါတယ်။ မိမိလျှာက တောင့်တလာတဲ့ ဆန္ဒကို မလွန်ဆန်နိုင်တဲ့ အခါကျတော့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို သူမစဉ်းစား နိုင်တော့ပါဘူး။ ဒီနေရာမှာ စားသုံးသူတွေကို အုပ်စုသုံးစု ခွဲနိုင်ပါတယ်။ ပထမ အုပ်စုက ကျန်းမာရေး ဗဟုသုတ အားနည်းသူတွေပါ။ ဘယ်အစားအသောက်က လူတွေကို ဘယ်လို ဒုက္ခပေးမယ်ဆိုတာ သူတို့ မသိကြ ဘူး။ ပါဝါတွေ၊ ကာလာတွေ၊ အနံ့အတုတွေ အကြောင်းလည်း သူတို့ သိပ်မသိကြဘူး။ စိတ်လည်း မဝင်စားဘူး။ အန္တရာယ်ဖြစ်လိမ့်မယ် လို့လည်း မတွေးမိဘူး။

ဒုတိယအုပ်စုကတော့ ကျန်းမာရေး ဗဟုသုတရှိတယ်။ ခေတ်ပညာတတ်တွေလည်း ပါတယ်။ ဆေးရုံဆေးခန်းတွေမှာ ရောဂါ ပေါင်းစုံကို နေ့စဉ် တွေ့မြင်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေတောင် ပါသေးတယ်။ ပါဝါတွေ၊ ကာလာတွေဆိုတာ ကျန်းမာရေး ထိခိုက်စေနိုင်တယ်ဆိုတာ သူတို့သိတယ်။ ဒါပေမဲ့ နောင်ခါလာနောင်ခါဈေး ဖြစ်ကာမှဖြစ်ရော၊ လျှာမတွေ့တာတော့ မစားချင်ဘူးတဲ့။ သူတို့က တော့ အသက်ထက် အရသာကို ပိုမက်သူတွေ။ ရောဂါ ဝေဒနာခံစား ရမှာ မကြောက်ဘူး ဆိုသူတွေ။

ပါဝါတွေ၊ ကာလာတွေကြောင့် ကျန်းမာရေး ထိခိုက်မှာ စိုးရိမ် တယ်။ မစားရဲဘူး၊ မစားချင်ဘူး ဆိုသူ တတိယ အုပ်စုတွေကတော့ နည်းနည်းပဲ ရှိတယ်။ ဒါပေမဲ့ ပါဝါ၊ ကာလာ မပါတာကို သူတို့ ဘယ်မှာ ဝယ်ရမလဲ။ ဘယ်မှာစားရမလဲ။ တချို့နိုင်ငံကြီးတွေမှာ တော့ သဘာဝ မြေသြဇာသာ သုံးတဲ့၊ ဓာတုပိုးသတ်ဆေး သုံးမထားဘူး ဆိုတဲ့ သဘာဝ အသီးအနှံ (Organic) တွေ တွင်တွင်ကျယ်ကျယ် ရှိနေတယ်လို့ ဆိုကြတယ်။ ဈေးလည်း တော်တော်ကြီး သတဲ့။ ကျွန်တော်တို့ ဆီမှာလည်း အော်ဂဲနစ်ဆိုတာ ကြားတော့ကြားနေရ တယ်။ ဒါပေမဲ့ ဈေးကွက်မှာတော့ မတွေ့ရသေးဘူး။ အဲဒီတော့ ရွေးချယ်စရာ မရှိတဲ့ အနေအထားမှာ ကြောက်ကြောက်နဲ့ပဲ ဆင်ဆင် ခြင်ခြင် စားနေကြရပါတယ်။

နိုင်ငံတော်အစိုးရ အနေနဲ့ ထုတ်လုပ်သူ၊ ရောင်းချသူတွေကို စည်းကမ်း ဥပဒေတွေ ထုတ်ပြီး ဘယ်လိုပဲ ကြီးကြပ်ကြီးကြပ် ပါဝါ ၊ ကာလာတွေ လျော့သွားဖို့ ခဲယဉ်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြီးမားလှတဲ့ စားသုံးသူထုကြီးက တောင်းဆိုနေတယ်လေ။ ဖမ်းတုန်းခဏ၊ စစ်တုန်း ခဏတော့ ရှောင်နေလိုက်မယ်၊ လျှော့ထား လိုက်မယ်။ တာဝန်ရှိသူတွေကရော ဘယ်လောက်ကြာကြာ၊ ဘယ်လောက်စိပ်စိပ် စစ်ဆေးနိုင်မှာလဲ။ စားသုံးသူ ကာကွယ်ရေးအသင်း အဖွဲ့တွေဆိုတာ ကျွန်တော်တို့ဆီမှာ သိပ်မပီပြင် လှသေးဘူး။ ပီပြင် လာတယ်ပဲထားဦး။ အင်မတန်ကြီးမားတဲ့ စားသုံးသူ လူအုပ်ကြီးက တောင်းဆိုနေတယ် ဆိုရင် ထုတ်လုပ်သူ၊ ရောင်းချသူများ အနေနဲ့ စီးပွားအပျက်ခံပြီး ပါဝါ၊ ကာလာတွေကို ပစ်ပယ်လိမ့်မယ် မဟုတ် ပါဘူး။

စားသုံးသူ အများစုကြီးက ကိုယ်တိုင် သဘောပေါက်ပြီး ရှောင်ရှားလာမယ်၊ ငြင်းပယ်လာမယ် ဆိုပါမှ ပါဝါ၊ ကာလာတွေ တဖြည်းဖြည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။ ဝယ်သူမရှိရင် ရောင်းသူ မရှိနိုင်ဘူး။ ရောင်းသူမရှိရင် ထုတ်လုပ်သူ မရှိနိုင်ဘူး။ ကျွန်တော်ဆိုချင်တာက ဥပဒေ စည်းမျဉ်း စည်းကမ်းများ အတိုင်း ဖမ်းဆီး အရေးယူမှုကိုလည်း တင်းတင်းကျပ်ကျပ် ပြုလုပ်ရ မယ်။ တစ်ဖက်မှာလည်း ပညာပေး လုပ်ငန်းတွေကို ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်ရမယ်။ စားသုံးသူ ကာကွယ်ရေး အဖွဲ့တွေကလည်း ပညာပေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ရမယ်။

ကျန်းမာရေးကို အန္တရာယ်ပေးမယ့် အစားအသောက်တွေ လျော့နည်း ပပျောက်ဖို့ ဆိုရာမှာ ဖမ်းတာဆီးတာ အရေးယူတာ ရှိရ မှာဖြစ်ပေမယ့် စားသုံးသူတွေရဲ့ ကျန်းမာရေးဗဟုသုတကြွယ်ဝလာ ခြင်းကသာ ပိုမို ထိရောက်တဲ့ တွန်းအား ဖြစ်မှာပါလို့ ယူဆမိကြောင်းပါ။
(ကိုယ့်အသက်ထက် အရသာကို ပိုမက်သူများကတော့ စားလိုရာ စားကြပါတော့ခင်ဗျား။)

Copyright © 2013 The Voice
All rights reserved
Powered by The Voice