Fri, 25th April, 2014
Tuesday, 11 June 2013 14:09

ရာဂမီးတောက်သူများကြားမှ မလုံခြုံသည့် ကလေးများဘဝ

Written by  (အယ်ဒီတာတစ်ဦး)

 

၂၀၁၃ ခုနှစ် မေလအတွင်းကဖြစ်သည်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမြို့တော် နယူးဒေလီရှိ အဆောက် အအုံတစ်ခု မြေညီထပ်မှ ငါးနှစ်သမီးလေး တစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။ ဖြစ်ပြီးမှ ကယ်တင်ခဲ့ရသည့် ထုံးစံအတိုင်း မမြင်ရက်မရှုရက်စရာ အဖြစ်ဆိုးကြီးကို ခံစားနေရသူလေး အား တွေ့မြင်သူတိုင်း ရင်ထုမနာ ဖြစ်ကြရသည်။

ထိုကလေးကို လူငယ်နှစ်ဦးက အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့သည့် အပြင်၊ မပြောပြနိုင်လောက်သည့် ရက်စက်မှုပေါင်းများစွာဖြင့် ပြုကျင့်ထားခဲ့ကြသည်။ ကလေးကို နှစ်ရက်ခန့် ကြိုးဖြင့် တုပ်ထားခဲ့ပြီးမှ အိမ်နီးချင်းကောင်လေးနှင့် သူငယ်ချင်းဖြစ်သူ တို့က အဓမ္မကျင့်ခဲ့ကြခြင်း ဖြစ်သည်။

ကလေးပျောက်နေစဉ် ကတည်းက မိဘများသည် ရဲစခန်းသို့ အကြောင်းကြား ခဲ့သော်လည်း ရဲများက အမှုကို လျစ်လျူရှု ခဲ့ကြကြောင်းကို “ကျွန်တော်တို့ ရဲစခန်းကို သွားတိုင်တယ်။ အရေးပေါ်ဖုန်းလိုင်း ကလည်း တိုင်တယ်။ သူတို့က ခပ်အေးအေးပဲ။ ကျွန်တော်တို့က ကလေးကိုရှာတွေ့မှ သူတို့ရောက် လာတာ။ ပြီးတော့ ရဲတွေက ကျွန်တော့်ကို ပိုက်ဆံလာပေးတယ်။ ခင်ဗျားသမီး အသက်ရှင်နေတာပဲ ကံကောင်းတယ်လို့ ပြောသေးတယ်ဗျာ” ဟု ကလေး၏ ဖခင်ဖြစ်သူက ဆွေးမြည့်စွာ ပြောလာသည်။

ထိုတစ်လတည်းမှာပင် အိန္ဒိယနိုင်ငံ မဒ္ဒရာပရာဒက်ရှ် တွင်လည်း နောက်ထပ် ငါးနှစ်သမီးလေး တစ်ယောက် ထပ်မံ အဓမ္မကျင့်ခြင်း ခံလိုက်ရပြန်သည်။ ထိုကလေးမှာ ကံဆိုးစွာဖြင့် အသက်ဆုံးရှုံး သွားခဲ့ရသည်။ ထိုကလေးမှာလည်း တနင်္လာနေ့ကတည်းက ပျောက်နေခဲ့ပြီး ဗုဒ္ဓဟူးနေ့မှ မြေအောက်ခန်းတစ်ခုအတွင်း ငိုသံကြားသဖြင့် ပြန်တွေ့ခဲ့ရခြင်းဖြစ်သည်။ယင်းအမှုတွင်လည်း ရဲများက မိဘများကို ရူပီး ၂၀၀၀ (၃၇ ဒေါ်လာခန့်) လာပေးပြီး အမှုနှင့်ပတ်သက်၍ နှုတ်ဆိတ်နေရန် ခြိမ်းခြောက်ခဲ့ကြသည်။ နောက်တနင်္ဂနွေနေ့တွင် ကလေးအခြေအနေ မကောင်းတော့ကြောင်း ဆရာဝန်က ထုတ်ဖော် ကြေညာခဲ့သည်။ အဓမ္မကျင့်ခြင်းထက် မဟုတ်တရုတ် လုပ်ထားသည့် ဒဏ်ရာတွေက ကြီးမားသဖြင့် သွေးလွန်ကာ သေဆုံးသွားခဲ့ရသည်။

ရက်အနည်းငယ်သာ ခြားပြီး ရွယ်တူကလေးနှစ်ဦး အဓမ္မအကျင့်ခံ ရခြင်းကြောင့် အမျိုးသမီးတွေ၊ မိခင်တွေ ဒေါသပုန် ထခဲ့ကြရသည်။ ၅ နှစ်သမီးလေး တစ်ယောက်ကို အသက်သေသည်အထိ ရက်စက်စွာ အဓမ္မကျင့်ခံလိုက်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး မကျေနပ်မှုများဖြစ်ကာ အစိုးရကို တိုက်ပွဲ ဆင်ခဲ့ကြသည်။ အမျိုးသမီးတွေက မိမိတို့ဘဝနှင့် ကလေးများဘဝ မလုံခြုံမှုကို ဆန္ဒ ဖော်ထုတ် ကြသည်။ ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် နှိမ်နင်းရသည်အထိ ပြဿနာများက ကြီးထွားသွားခဲ့သည်။
ရာပေါင်းများစွာသော ဆန္ဒပြသူများ နယူးဒေလီ ရဲစခန်းရှေ့သို့ ရောက်လာကြသည်။ ရဲတပ်ဖွဲ့၏ တာဝန်ရှိသူများကို ဖြုတ်ပေးရန် ဝိုင်းပြီး တောင်းဆိုကြသည်။ ထို့နောက် ငါးနှစ်သမီးလေး ဆေးကုသ နေသည့် ဆေးရုံသို့လာပြီး စုဝေးခဲ့ကြသည်။

အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီကလည်း အစိုးရအား စကားလုံးများဖြင့် အရေးယူနေခြင်းဖြင့် မုဒိမ်းမှုများကို ရပ်တန့်မသွားစေနိုင်ကြောင်း ပြင်းထန်စွာ သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အစိုးရက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် သုံးဦးကို ရာထူးချ အရေးယူထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ထိုရဲများထဲမှ နှစ်ဦးမှာ ကလေးပျောက်တိုင်စဉ် ချက်ချင်း အရေးမယူခဲ့ သူများဖြစ်သည်။
ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကလည်း မကြာမီ မိန့်ခွန်းတစ်ခု ပြောကြားခဲ့သည်။ သူက အမျိုးသမီးများနှင့် ကလေးများဘဝ လုံခြုံစိတ်ချရမှု ရှိစေရမည်ဟု အာမခံသွားသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဘတ်စ်ကား စီးလာသည့် အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေး တစ်ဦးကို သူမ၏ ရည်းစားဖြစ်သူရှေ့တွင်ပင် မုဒိမ်းသမားငါးယောက်က အဓမ္မကျင့်ပြီး ကားပေါ်က ပစ်ချသဖြင့် ထိုကျောင်းသူလေး သေဆုံးခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများဘဝ အမှန်တကယ် အကာအကွယ် မဲ့လာပြီလား ဆန်းစစ်စရာ ဖြစ်ခဲ့ရသည်။

၂၀၀၁ ခုနှစ်ကတည်းက အိန္ဒိယ နိုင်ငံတွင် ကလေးသူငယ် ဆိုင်ရာ အဓမ္မမှုပေါင်း ၃၃၆ ရာခိုင်နှုန်း တိုးတက်လာသည် ဟု NCRB (Citing National Crimes Record Bureau) ၏ အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထား သည်ကို တွေ့လိုက်ရသည်။ ကြောက်ခမန်းလိလိ အရေအတွက် ပင်ဖြစ်သည်။

အာရှလူ့အခွင့်အရေး စင်တာ (ACHR) ၏ အစီရင်ခံစာ တွင်လည်း ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ကလေး အဓမ္မမှုပေါင်း ၄၈၃၃၈ မှုရှိကြောင်း၊ ၂၀၀၁ ခုနှစ်တွင် ၂၁၁၃ မှုသာရှိသဖြင့် ၃၃၆ ရာခိုင်နှုန်းခန့် တိုးလာသည် ဆိုခြင်းမှာ အဆိုးမဆိုသာ။ ၂၀၁၁ ခုနှစ် တစ်နှစ်တည်း တွင်ပင် ကလေး အဓမ္မမှုပေါင်း ၇၁၁၂ မှု ရှိသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကလေးအဓမ္မမှု များကို ပြန်လည် ခြေရာကောက်ကြည့်ရာ မဒ္ဒရာပရာဒက်ရှ်တွင် ၉၄၆၅ မှု၊ မဟာရာရှ်တရ တွင် ၆၈၆၈ မှု၊ ဥတာပရာ ဒက်ရှ်တွင် ၅၉၄၉ မှု၊ ဒါမန်နှင့် ဒီဥတွင် ၉ မှု၊ ဒါဒရာနှင့် နာဂါဟာဝိလီတွင် ၁၅ မှု၊ နာဂါလန်တွင် ၃၈ မှုရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရှိရသည်။
“ဒါ့ထက်မက အမှုတွေအများကြီး ရှိနိုင်သေးတယ်။ ကလေးတွေဖြစ်တဲ့ ပြဿနာတွေကို ရဲမတိုင်တာ တွေလည်း အများကြီးရှိတယ်။ ကလေးတွေ အပေါ်ကို မဖော်ပြနိုင်တဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ လုပ်ဆောင် နေကြတာတွေလည်း အများကြီးရှိတယ်” ဟု ACHR မှ ဒါရိုက်တာ စူဟာ့စ်ချကမာက ပြောကြား ခဲ့သည်။

အရွယ် မရောက်သေးသည့် ကလေးသူငယ်ဆိုင်ရာ အဓမ္မမှုများ အစီရင်ခံစာ တစ်ခုဖြစ်သည့် ‘အိန္ဒိယငရဲတွင်းများ’ တွင် နိုင်ငံအတွင်းရှိ ကလေးသူငယ်ဆိုင်ရာ အဓမ္မမှုပေါင်း ၇၃၃ မှုသည် ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာများတွင် ဖြစ်ပျက်ခဲ့သည့် အမှုများဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွင်း ကလေးသူငယ် အဓမ္မမှုပေါင်း ၃၉ မှုဖြစ်ခဲ့ရာ အစိုးရဂေဟာတွင် ၁၁ မှုဖြစ်ခဲ့ပြီး၊ ပုဂ္ဂလိက သို့မဟုတ် NGO များက ဖွင့်လှစ်ထားသည့် ကလေးဂေဟာများတွင် ၂၇ မှု ဖြစ်ခဲ့သည် ဟု ဆိုသည်။

လူကြီးများက ပြန်လည်တိုက်ခိုက် ရန်ပြုတတ်သဖြင့် ရာဂမီးတောက်သူ များ၏ ပစ်မှတ်သည် ကလေးများ ဖြစ်လာသည်။ အရက်သေစာ သောက်စားမှု များပြားလာခြင်း၊ ကာမရာဂ ကြွစရာ ညစ်ညမ်းရုပ်ရှင်တွေကို နေရာအနှံ့ ပေါများစွာရရှိနိုင်ခြင်း စသည်တို့မှာ ကလေးများ ဘဝအတွက် စိတ်မအေးစရာ အနေအထားများ ဖြစ်သည်။

အိန္ဒိယတွင် နိုင်ငံခြား ခရီးသွားဧည့်သည် အမျိုးသမီးများကိုပါ မချေမငံ ပြောဆိုခြင်း၊ ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်းများ ရှိလာခြင်းကြောင့် သတိပေးထားရမှုများ ရှိလာသည်။ လမ်းပေါ် တွင် ကစားနေကြသည့် ကလေးများဘဝ မလုံခြုံသည်သာမက မိဘမဲ့ဂေဟာ များတွင် အစောင့်အရှောက်ခံ နေကြရသော ကလေးသူငယ်များ ဘဝသည်ပင် လုံခြုံမှု မရှိတော့ကြောင်း ACHR အစီရင်ခံစာများက ဖော်ပြလာသည်။

အပြစ်မဲ့သည့် ကလေးများဘဝ ခြေချစရာ မရှိသည့် လောကတွင် အသက်ရှင်နေရသော သူတို့အတွက် ကရုဏာသက်စရာ ဖြစ်ပါသည်။ နိုင်ငံတိုင်း၊ နေရာတိုင်း၊ ဒေသတိုင်းတွင် ရာဂမီး တောက်လောင်မှုများ ရှိနိုင်ပါသည်။ ထိုရာဂမီးကို မည်သူတွေ ငြှိမ်းသတ်ကြမည်နည်း။ မည်သို့ ငြှိမ်းသတ်မည်နည်း။ အဖြေ မရှိသေးသည့် ပုစ္ဆာကို တွက်ချက်နေချိန်တွင် ကလေးများ ဘဝသည် ငရဲတွင်းသို့ သက်ဆင်း နေကြရပြီ ဖြစ်သည်။

(၂၀၁၃ ခုနှစ် ဧပြီလမှ မေလအတွင်း ထုတ်ခဲ့သည့် www.nytimes.com, www.ipsnews.net, www.smh.com.au, www.sify.com, www.hindustantimes website များတွင် ရေးသား ထားသည့် သတင်းများကို ကိုးကားပါသည်။)

Copyright © 2013 The Voice
All rights reserved
Powered by The Voice