Fri, 18th April, 2014
Wednesday, 13 March 2013 12:55

ရိုးဖြောင့်သောအစိုးရ ပေါ်ပေါက်ရေး

Written by  မြင့်အောင်ရှိန်

 

(Reader’s Digest, December 1951 မှ ‘He Cared About Honesty in Government’ ဆောင်းပါးကို မြင့်အောင်ရှိန် ဘာသာပြန်ဆိုသည်။)

လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်၊ ၁၉၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ တွင် သီယိုဒိုရူးဇ်ဗက်လ်တ် သည် လုပ်ကြံသတ်ဖြတ်ခြင်း ခံရသော ဝီလီယံမက်ကင်လီ၏ သမ္မတရာထူးကို ဆက်ခံခဲ့သည်။ ရူးဇ်ဗက်လ်တ်သည် ငယ်ရွယ်၍တက်ကြွပြီး ရိုးဖြောင့်သူဖြစ်ကာ ၄င်းသမ္မတရာထူး ထမ်းဆောင်နေသမျှ ကာလပတ်လုံး ဖြောင့်မတ်သည့် အစိုးရအဖွဲ့ကို အုပ်ချုပ်သွားမည်ဟု သန္နိဋ္ဌာန် ချမှတ်ထားသူဖြစ်သည်။ များမကြာမီတွင်ပင် ၄င်း၏သန္နိဋ္ဌာန် ချမှတ်မှုကို သက်သေပြရန် အကြောင်း ပေါ်ပေါက်လာခဲ့သည်။

ပေါ်ပေါက်လာသည့်ကိစ္စမှာ ၁၉၀၃ ခုနှစ်က ဝါရှင်တန်မြို့တော်၌ ပေါ်ထွက်သည့် သားမွေးကုတ်အင်္ကျီ၊ အအေးခန်း စသည်တို့နှင့် ဆက်စပ်သည့် အရှုပ်တော်ပုံမျိုး မဟုတ်ပေ။ သို့သော် ၁၉၅၁ ခုနှစ် အရှုပ်တော်ပုံ ကဲ့သို့ပင် အာဏာရပါတီမှ ပုဂ္ဂိုလ်ကျော်တို့ ပါဝင် ပတ်သက်နေပေသည်။ ဤအရှုပ်တော်ပုံ သည် စာတိုက်ဌာနကြီးတွင် အခြေတည် ခဲ့သည်။ ယခင်သမ္မတများ ဖြစ်ကြသော မက်ကင်လီ၊ ကလီဗ်လန်နှင့် ဟယ်ရစ်စင် တို့ ခန့်အပ်ခဲ့သည့် ဝန်ထမ်းများ ပါဝင် ပတ်သက်နေကြသည်။ လက်အောက် ဝန်ထမ်းတို့က ယင်းတို့အကြီးအကဲများ ကို တစ်ခုခု ချို့ယွင်းနေကြောင်း မကြာခဏ တိုင်ကြားခဲ့ကြ၍ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ကြရသည်။

မက်ကင်လီ၏ သမ္မတသက်တမ်း ကုန်ဆုံးလုနီး အချိန်တွင် စတုတ္ထ လက်ထောက်စာတိုက်မင်းကြီး (Fourth Assistant Postmaster General) ဂျိုးဇက်ဖက်၊ အယ်လ်၊ ဘရစ္စ်တိုက အမေရိကန်တို့ သိမ်းပိုက်ထားသော ကျူးဘားနိုင်ငံ၏ စာတိုက်လုပ်ငန်းဌာန တွင် ဖြစ်ပေါ်နေသည့် မသမာမှုများကို တွေ့ရှိခဲ့သည်။ ၄င်းသည် ကျူးဘားနိုင်ငံမှ ပြန်ရောက်လာပြီးနောက် ဝါရှင်တန်ရှိ စာတိုက်ဌာနကြီးကို စုံစမ်း စစ်ဆေးရန် အကြံပြုခဲ့သည်။ ပထမ လက်ထောက်ဝန်ကြီး (First Assistant) ပယ်ရီ၊ အက်စ်၊ ဟိသ် ကအော်ဟစ်၍ အကူအညီ တောင်းခံခဲ့သည်။ သြဇာတိက္ကမ မရှိသည့် ပုဂ္ဂိုလ်ကျော်တို့က စတင် လှုပ်ရှားကြသည်။ သို့သော် စုံစမ်း စစ်ဆေးရေးကို မလုပ်ခဲ့ပါ။

သို့သော် ဘရစ္စ်တိုက ၄င်း၏ မွေးရပ်မြေ ကင်းဆပ်စ်ပြည်နယ်မှ လူငယ်သတင်းစာ အယ်ဒီတာ ဝီလီယံ ဝှိုက်တ်ဆိုသူအား သူသိထားသည့် လာဘ်ပေးလာဘ်ယူကိစ္စကို ပြောသည်။ ဝှိုက်တ်က သမ္မတရူးဇ်ဗက်လ်တ် အား တစ်ဖန် ပြန်ပြောသည်။ ရူးဇ်ဗက်လ်တ်က ပထမ လက်ထောက် စာတိုက်မင်းကြီး (First Assistant Postmaster General) သစ် ရောဘတ်၊ ဂျေ၊ ဝိုင်းန် (Robert J. Wynne) အား သီးခြားစုံစမ်းစစ်ဆေးရန် တာဝန်ပေးသည်။ ဝိုင်းန်က စုံစမ်း စစ်ဆေးရာတွင် မသမာမှုမြောက်မြားစွာ တွေ့ခဲ့သည်။

သမ္မတရူးဇ်ဗက်လ်တ် မလိုလားဆုံး အရာမှာ ဝန်ကြီးဌာနများ၌ အပုပ်နံ့များ ပေါ်ပေါက်ခြင်းဖြစ်သည်။ လာမည့်နှစ်တွင် သမ္မတရွေးကောက်ပွဲကျင်းပရန် ရှိသည်။ မမျှော်လင့်ဘဲ ရာထူးရခဲ့သည့် သမ္မတသည် မိမိကိုယ်ပိုင် အရည်အချင်းဖြင့် သမ္မတရာထူးနေရာကို ရွေးချယ်တင်မြှောက်ခြင်း ခံလိုသည်။ ၄င်း၏အတိုက်အခံတို့က ဤသို့အပုပ်နံ့ ပေါ်ထွက်ခြင်းကို လိုလားကြသည်။ သို့သော် ရူးဇ်ဗက်လ်တ်က ၄င်း မြွက်ဆိုခဲ့သည့်အတိုင်း ကျင့်ကြံရန် သန္နိဋ္ဌာန်ချထားသည်။ ဘရစ္စ်တိုအား အထူးစုံစမ်းစစ်ဆေးရေးမှူး ခန့်အပ်သည်။

စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်သည့် သတင်းထွက်ပေါ်သည်နှင့် တစ်ပြိုင်နက် ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တို့က သမ္မတအား ဖိအားပေးကြသည်။ အဂတိလိုက်စားမှုအား အဆုံးသတ်ခြင်း ကို ၄င်းတို့က ဝမ်းမြောက်ကြောင်း၊ သို့သော် အပုပ်နံ့ပေါ်ထွက်ခြင်းကို ရှောင်ရှားပေးစေလိုကြောင်း၊ ထို့ကြောင့် တစ်ဦးတစ်ယောက်ကို စံနမူနာအဖြစ် အပြစ်ပေးပြီး ကျန်လူတို့ကို အသာတကြည် နုတ်ထွက်စေသင့်ကြောင်း တိုက်တွန်းကြသည်။ ရူးဇ်ဗက်လ်တ်က နိုင်ငံရေးနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ အပြစ်ကျူးလွန် သူအားလုံးကို အရေးယူမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။

ဘရစ္စ်တိုက လုပ်ငန်းမစတင်မီ မှာပင် စာတိုက်ကြီး၏ အပုပ်နံ့မှာ ဘူးပေါ်သလို ပေါ်လာခဲ့သည်။ ထိပ်တန်း အရာရှိနှစ်ဦးတို့ ကန်ထရိုက်တာများ ထံမှ လာဘ်စားမှုဖြင့် အဖမ်းအဆီးခံ ကြရသည်။ နောက်တစ်ဦးမှာ ရာထူးမှ နုတ်ထွက်ပြီး စတုတ္ထတစ်ဦးမှာ ထုတ်ပယ် ခြင်းခံရသည်။
နောက်ထပ်မည်သူ အရေးယူခံရ ပြီး မည်သည့်ကိစ္စ ထပ်မံပေါ်ပေါက်မည်ကို တစ်နိုင်ငံလုံးက နားစွင့်နေကြသည်။ အလားတူပင် ပါတီခေါင်းဆောင် တို့ကလည်း သတင်းစောင့်စားနေကြသည်။ စာတိုက်ဝန်ထမ်း တစ်ဦးဦးနှင့်ပတ်သက်၍ စွဲချက်အသစ်များ ပေါ်ထွက်သည့် အခါတိုင်း စာတိုက်မင်းကြီး ဟင်နရီ၊ စီ၊ ပိန်း (Henry C. Payne) က ၄င်းတို့ မှာ ကောလာဟလသာဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားသည်။ သို့သော် သမ္မတက စာတိုက်ဝန်ကြီး ဌာနတစ်ခုလုံး၌ မရိုးဖြောင့်မှုနှင့် ပတ်သက်၍ သံသယလုံးဝ ကင်းစင်သွားသည်အထိ သုတ်သင်ရှင်းလင်းပစ်မည် ဖြစ်ကြောင်း စာတိုက်မင်းကြီးကို ပြောကြားသည်။

ရက်သတ္တပတ်များ ကုန်ဆုံးသည် နှင့်အမျှ သတင်းအပုပ်နံ့သည် ပို၍ ပို၍ ဆိုးရွားလာခဲ့သည်။ နေ့စဉ် ပြစ်မှုအသစ်များ ပေါ်ထွက်လာခဲ့ရာ အသေးစား လာဘ်စားမှုမှ အကြီးစားလာဘ်စားမှု၊ အကျပ်ကိုင် ခြိမ်းခြောက်ငွေညှစ်မှု၊ ပူးပေါင်းကြံစည် လိမ်လည်မှု စသည့် သတင်းများ နေ့စဉ်ပေါ်ထွက်ခဲ့သည်။ ရီပတ်ဘလီကန်ပါတီ အမာခံတို့၏ မိတ်ဆွေများလည်း ပါဝင်ပတ်သက် နေကြသည်။
ပါတီအကျိုးကို ထောက်ရှုခြင်း အားဖြင့် စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်ရန် တိုက်တွန်းကြသည်။ နောက်ဆုံးတွင် နယူးယောက်ပြည်နယ်မှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့က သမ္မတကို သွား ရောက်တွေ့ဆုံပြီး အကယ်၍ ထိပ်တန်း ပြည်နယ် အမတ်တစ်ဦးတစ်ယောက် စွဲချက်တင်ခံရလျှင် ၁၉၀၄ ခုနှစ် ရွေးကောက်ပွဲတွင် နယူးယောက်မြို့ အရေးနိမ့်မည်ဖြစ်ကြောင်း သတိပေး စကားပြောကြားခဲ့သည်။

သမ္မတရူးဇ်ဗက်လ်တ်က မိမိသည် နယူးယောက်မြို့၌ အနိုင်ရရန် တစ်ပါးသူထက် ဆန္ဒပိုမိုပြင်းပြကြောင်း၊ သို့သော် နိုင်ငံရေးရလဒ် မည်သို့ပင် ရှိစေ၊ မိမိ၏ကြိုးပမ်းအားထုတ်မှုကို လျှော့ပေးမည် မဟုတ်ကြောင်း ပြောကြားသည်။

စုံစမ်းစစ်ဆေးမှုကို ဆက်လက် ဆောင်ရွက်သလို တစ်ဖက်မှလည်း ၄င်းကို အဆုံးသတ်ရန် ဖိအားပိုမို ကြီးထွားခဲ့သည်။ တရားရေးဝန်ကြီး ဌာနက လုပ်ငန်းဆောင်ရွက်မှု နှေးကွေး သည်ဟု ယူဆပြီး ရူးဇ်ဗက်လ်တ်က နိုင်ငံရေးပါတီ နှစ်ရပ်လုံးမှ ပုဂ္ဂိုလ်များ ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုကို အရှိန် တိုးမြှင့်စေခဲ့သည်။

၁၉၀၃ ခုနှစ် အောက်တိုဘာလ ကုန်ဆုံးချိန်တွင် ရူးဇ်ဗက်လ်တ်က စစ်ဝန်ကြီး အယ်လီဟူရု(တ်) (Elihu Root) အား စာဖြင့် ဆက်သွယ်ရေးသား ရာတွင် စာတိုက်ဌာန အရှုပ်တော်ပုံကို အဆုံးသတ်နေပြီ ဖြစ်ကြောင်း၊ အတွင်း ကျကျ စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ အပြစ်ရှိသူ တစ်ယောက်မျှ မကျန်အောင် ရာထူးမှ ထုတ်ပယ်ပြီးဖြစ်ကြောင်း ဖော်ပြသည်။ ဘရစ္စ်တို၏ အစီရင်ခံစာ ကို ရူးဇ်ဗက်လ်တ်၏ အမှာစာနှင့် ပူးတွဲ၍ နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ RFC စုံစမ်းစစ်ဆေးရေး၊ Kefauver ကြားနာမှု၊ “၅ ရာခိုင်နှုန်း” နှင့် ကင်းဆက်စ်မြို့တော် မဲခိုးမှုစသည့် အမှုကိစ္စများကို အမှတ်ရနေကြသည့် ပြည်သူတို့အတွက် ရူးဇ်ဗက်လ်တ်၏ ဝေါဟာရ အသုံးနှုန်းတို့မှာ ယနေ့တိုင် ရာစုနှစ်ထက်ဝက်နီးပါး အကြားကာလ တွင် အကျွမ်းဝင်ဆက်စပ်မှု ရှိနေသည်။

“ရိုးဖြောင့်၍ မှန်မှန်ကန်ကန် ကျင့်ကြံသော အစိုးရ၏ အခြေအမြစ်၌ တည်ရှိသည့် ယခုကဲ့သို့သော ပြဿနာ နှင့် တိုင်းသူပြည်သားတို့ ရင်ဆိုင်ရသည့် အခါတွင် ပါတီမူဝါဒနှင့် သက်ဆိုင်သော သဘောထား ကွဲလွဲမှုတို့မှာ အရေးပါ အရာရောက်ခြင်း မရှိတော့ပါ။ နောက်ဆုံးအဆင့် ဆောင်ရွက်မှု အနေနှင့် လျော်ကန်သင့်မြတ်သော ဥပဒေများနှင့် မှန်ကန်သော အုပ်ချုပ်မှုစနစ်သည် ပြည်သူတို့၏ မှန်ကန်သော သဘော ထားအမြင်၏ ကျယ်ပြန့်သော အခြေခံအပေါ် ရပ်တည်ရပေမည်။ ပည်သူတို့၏ နုံအသော အသိစိတ်၊ အဂတိလိုက်စားမှုကို မျက်စိစုံမှိတ်၍ လိုက်လိုက်လျောလျော လက်ခံမှုတို့မှ ပြည်သူတို့၏ ဘဝအရည်အသွေးနှင့် အဆင့်အတန်းကို မလွဲမသွေ နိမ့်ကျစေ ပြီး ထိုသို့နိမ့်ကျမှုမှ တစ်ဆင့် လွတ်လပ် သောဌာန အဖွဲ့အစည်းများကို ယိုယွင်း ပျက်စီးစေသည်။ လွတ်လပ်မှုဟူသည် မရိုးဖြောင့်သော အမူအကျင့်တို့ကို မိုက်မဲစွာ သည်းခံ ခွင့်လွှတ်သူတို့၏ လက်ထဲ၌ ကြာရှည်ခိုင်မြဲနေမည့် ပဏ္ဏာလက်ဆောင် မဟုတ်။"

ဤဖြစ်ရပ်မှာ လွန်ခဲ့သည့် ရာစုနှစ် ထက်ဝက်က ပေါ်ပေါက်ခဲ့သည့် အရှုပ်တော်ပုံ ဇာတ်လမ်းဖြစ်သည်။ နောက်ဆက်တွဲ စာကြွင်းအဖြစ် တင်ပြရလျှင် စာတိုက်အမှု စုံစမ်းစစ်ဆေးပြီး တစ်နှစ်အကြာတွင် သီယိုဒိုရူးဇ်ဗက်လတ် သည် သမ္မတလောင်းအဖြစ် တစ်ခဲနက် ရွေးချယ်ခံရပြီး သမိုင်းတွင် ထိုအချိန်ကာလအထိ ပြည်သူ့မဲအရေ အတွက် အများဆုံးဖြင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice