Sat, 19th April, 2014
Saturday, 29 June 2013 11:27

အဆင့်မြှင့်ဦးမည့် အဆင့်မြင့်ပညာရေး

Written by  လဲ့ရည်မြင့်

 

မြန်မာနိုင်ငံ ဗြိတိသျှကောင်စီက ဦးဆောင်ကာ ပညာရေးဝန်ကြီးဌာန အပါအဝင် အခြားဝန်ကြီး ဌာနများ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် ပြင်ပပညာရှင်များ စုပေါင်း ဆွေးနွေးမည့် ပထမဆုံး အဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲရေး နှီးနှောဖလှယ်ပွဲကို ဇွန်လ ၂၉ ရက်နေ့တွင် စတင်ကျင်းပ တော့မည် ဖြစ်သည်။

အစိုးရ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို အရာမထင်ဟု သုံးသပ် ပြောကြားနေကြသော ပြင်ပပညာရေး လေ့လာ စောင့်ကြည့်သူများနှင့် ပညာရေး ဝန်ကြီးဌာနတို့ကြား ထိပ်တိုက်ဆွေးနွေး မည့်ပွဲဟုလည်း သတ်မှတ်နိုင်သည်။

အစိုးရဝန်ကြီးဌာနများ၏ ပညာရေးပိုင်းဆိုင်ရာ လက်တွေ့ ဆောင်ရွက်နေသူများ၊ လွှတ်တော်တွင်း ပညာရေး ဥပဒေများ ရေးဆွဲနေသော ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ ပညာရှင်များ ဆွေးနွေး ဖလှယ်ပြီး ရရှိသည့် အချက်အလက်များကို လတ်တလော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် နေသော အဆင့်မြင့်ပညာရေး ဥပဒေကြမ်း ရေးဆွဲရာတွင် အသုံးပြုသွားရန်ရှိကြောင်း ဆွေးနွေးပွဲ ဖိတ်ကြားခံရသော နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်မှ ဒေါက်တာသိန်းလွင်က ပြောဆိုသည်။

ယင်းဆွေးနွေးပွဲကို အဆင့်မြင့် ပညာရေးဆိုင်ရာ ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီနှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်တို့လည်း ပါဝင် ဆွေးနွေးသွားရန်ရှိကြောင်း အဆိုပါပွဲကို စီစဉ်သည့် ဗြိတိသျှကောင်စီက ထုတ်ပြန်သည်။ နှီးနှောဖလှယ်ပွဲတွင် အဓိက ဆွေးနွေးမည့် အကြောင်းအရာများသည် အဆင့်မြင့်ပညာရေး အဖွဲ့ အစည်းများ၏ ကိုယ်ပိုင်ဆုံးဖြတ် လုပ်ဆောင်ခွင့်၊ အဆင့်မြင့် ပညာရေးကဏ္ဍ တန်းတူ ပါဝင်နိုင်ခွင့် အပြင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်ရည် မြင့်တက်စေရန် အတွက် နည်းလမ်းများ ရှာဖွေခြင်းတို့ ဖြစ်သည်။

“ပညာရေးအတွက် ကူညီ ပံ့ပိုးပေးဖို့ နိုင်ငံတကာက စိတ်ဝင်စားမှုတွေ အများကြီးရှိတယ်။ ဒါကို နည်းလမ်းတကျ လမ်းကြောင်း ဖော်ပေးနိုင်ဖို့ပဲ မျှော်လင့်တယ်” ဟု ဇွန်လ ၂၈ နှင့် ၂၉ ရက်နေ့တို့တွင် ကျင်းပမည့် နှီးနှောဖလှယ်ပွဲ အကြောင်း ဗြိတိသျှကောင်စီ (မြန်မာ) ညွှန်ကြားရေးမှူး ကယ်ဗင် မက်ကန်ဇီက ပြောကြားသည်။
အဆိုပါ ပထမအကြိမ်ပွဲကို ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့် မေလအတွင်း ဗြိတိန်နိုင်ငံသို့ ၁၀ ရက်တာ လေ့လာရေးခရီးစဉ် နောက်ပိုင်း စီစဉ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိသျှကောင်စီ အသိုင်း အဝိုင်းက သိရသည်။

အဆင့်မြင့်ပညာရေး ပြုပြင် ပြောင်းလဲရေးတွင် အဓိကအကျဆုံးမှာ တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေးဖြစ်ပြီး လက်ရှိ ရေးဆွဲနေသော အဆင့်မြင့်ပညာရေး ဥပဒေကြမ်းတွင်လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို အထောက်အကူ ဖြစ်စေသော ဥပဒေပုဒ်မများ ရေးဆွဲသင့်ကြောင်း ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာ ခင်ဇော်က သုံးသပ် ပြောဆိုသည်။

ယခုနှစ်အတွင်း အပြီးသတ်ရန် စီစဉ်နေသော တက္ကသိုလ်ပညာရေး ဥပဒေကြမ်းအတွက် ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေး လေ့လာသုံးသပ်ရေး အစီအစဉ် အစီရင်ခံစာများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်၏ အမျိုးသား ပညာရေး မူဝါဒ (မူကြမ်း) နှင့် ဗြိတိန်နိုင်ငံသို့ လေ့လာရေး ခရီးစဉ်အတွင်း လေ့လာ တွေ့ရှိချက်များကို ချပြ ဆွေးနွေးကြမည်ဖြစ်ကြောင်း ၄င်းက ဖြည့်စွက် ပြောကြားသည်။

“ဆွေးနွေးပွဲကနေ အားလုံး လက်ခံနိုင်တဲ့ အချက်ကိုယူပြီး တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းထဲ ပြဋ္ဌာန်းမယ်” ဟု ဒေါက်တာသိန်းလွင်က ရှင်းပြသည်။

အစိုးရသစ်လက်ထက် ပညာရေး ဥပဒေကြမ်းများတွင် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းသည် ပထမဆုံး ကဏ္ဍစုံညီ ဖြေရှင်းခဲ့သော ပထမဆုံး ဥပဒေကြမ်းဖြစ်သည်ဟု မှတ်ကျောက်တင်နိုင်သည်။

“တက္ကသိုလ်က ပညာရှင်များတော့ တက္ကသိုလ် ဥပဒေကြမ်းက ပြည့်စုံသွားပြီပေါ့။ အခြေခံပညာက ကဏ္ဍပိုကြီးတော့ ဒီလိုနည်းအတိုင်း လုပ်ဖို့မလွယ်ဘူး” ဟု ဒေါက်တာခင်ဇော်က သုံးသပ်သည်။

အလားတူ အခြားသော ပညာရေးဆိုင်ရာ ဥပဒေကြမ်းများကိုလည်း နှီးနှောဖလှယ်ပွဲ ကျင်းပကာ အချက်အလက်များ ပြည့်ပြည့်စုံစုံ စုစည်းမည်ဆိုလျှင် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို လက်တွေ့ ကျသည်ဟု အတည်ပြုနိုင်သည်။

အစိုးရဖြစ်စေ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ ပညာရေး အဖွဲ့အစည်းများကဖြစ်စေ နိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုများ အသက်ဝင်ရေး ဝိုင်းဝန်း ကြိုးပမ်းချိန် ရောက်ရှိနေသည့်အတွက် မြန်မာ့ပညာရေး နိုင်ငံတကာ အဆင့်မီရေးသည် အလှမ်းမဝေးနိုင်တော့ဟု မျှော်လင့်ထားရတော့မည် ဖြစ်သည်။

ယခင် လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ၂၀၁၂ ခုနှစ် တက္ကသိုလ် ဥပဒေကြမ်းကို ၁၉၇၃ ခုနှစ် တက္ကသိုလ် ဥပဒေကြမ်းဟောင်းကို မှီငြမ်းထားသည့်အတွက် လက်ရှိ ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသောကြောင့် ပယ်ချခဲ့ရာမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ပြန်လည် ရေးဆွဲခဲ့သည်။

ပညာရေး လေ့လာစောင့်ကြည့်သူ အသိုင်းအဝိုင်းကလည်း တက္ကသိုလ် ပညာရေး ဥပဒေကြမ်းတွင် အဓိကအကျဆုံး အပိုင်းမှာ တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဆရာများ သမဂ္ဂ၊ ကျောင်းသားများ သမဂ္ဂများ ပေါ်ပေါက်လာရန် မျှော်လင့်ကြောင်း ဒေါက်တာခင်ဇော်က ဆိုသည်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice