Fri, 18th April, 2014
Thursday, 27 June 2013 11:47

အဟောင်းစနစ်ကို အကောင်းအသစ်ဖြစ်စေခြင်း

Written by  အယ်ဒီတာတစ်ဦး

 

တရုတ်ပြည်တွင် ၁၉၇၇ ခုနှစ်ကစတင်ပြီး “တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ” (National Entrance Examination, China’s SAT) စနစ်ကို ပုံစံပြောင်းကာ ပြန်လည် အသက်သွင်းခဲ့သည်။ ထိုစာမေးပွဲကို အင်္ဂလိပ်လို အတိုကောက်အားဖြင့် NEEC ဟုခေါ်သလို တရုတ်လို ဂေါင်ကောင်း (Gaokao) ဟုလည်း လူသိများသည်။

ဂေါင်ကောင်းစာမေးပွဲကို ၁၉၆၆ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှုများကြောင့် ရပ်ဆိုင်း ထားခဲ့ရသည်။ ကွန်မြူနစ်စနစ် အားကောင်းနေချိန် ဖြစ်သဖြင့် အလုပ်သမား၊ လယ်သမားနှင့် စစ်သားများအတွက် အထက်တန်းပညာကို ဆည်းပူးခွင့် ရရန်ဆိုကာ မူဝါဒ အမျိုးမျိုး ပြောင်းလဲ သတ်မှတ် ကျင့်သုံးခဲ့သည်။ ထိုကာလတွင် ပညာအရည်အသွေးထက် နိုင်ငံရေးနှင့် မိသားစု နောက်ခံကို ကြည့်ပြီး ဆုံးဖြတ်ကာ တက္ကသိုလ်တက်ခွင့်ကို သတ်မှတ်ခဲ့သည်။ ယခင်တက္ကသိုလ်တွင် ပညာဆည်းပူးခွင့်ကို လေးနှစ် သတ်မှတ်ခဲ့သော်လည်း ထိုကာလတွင် ပညာသင်နှစ်ကို သုံးနှစ်နှင့် နှစ်နှစ်အထိ လျှော့ချခဲ့သည်။ ကွန်မြူနစ်များ ကြီးစိုး လွှမ်းမိုးခဲ့သည့် ထိုကာလ တက္ကသိုလ် ကောလိပ် ကျောင်းသားများကို “အလုပ်သမား- လယ်သမား-စစ်သားကျောင်းသားများ” ဟု ခေါ်ကြသည်။

ကွန်မြူနစ်တို့ ပြင်ဆင် သတ်မှတ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စနစ်ကို ၁၉၇၇ ခုနှစ် အောက်တိုဘာလ တွင် ဖျက်သိမ်းလိုက်သည်။ ပညာ အရည်အသွေးအလိုက် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ခြင်း စနစ်ကို ပြန်လည် ကျင့်သုံးခဲ့သည်။ ၁၉၇၇ ခုနှစ် ဆောင်းရာသီတွင် ကျောင်းသားပေါင်း ၅ ဒသမ ၇ သန်း စာမေးပွဲဝင် ဖြေကြသည်။ ထိုအထဲတွင် တက္ကသိုလ်ဝင်ခွင့် ရရှိသူမှာ ၂၇၃,၀၀၀ ဦးသာ ဖြစ်သည်။ နောက်နှစ် ၁၉၇၈ ခုနှစ်တွင် တရုတ်ကျောင်းသား ၆ ဒသမ ၁ သန်း ဝင်ဖြေသည်။ တက္ကသိုလ် ဝင်ခွင့်ရသူ ၄၀၂,၀၀၀ ဦး ဖြစ်လာသည်။

တရုတ် လူနေမှုစနစ်တွင် စာမေးပွဲစနစ်သည် ဘုရင်ခေတ်ကတည်းက အရေးပါခဲ့သည်။ ၁၉၇၇ ခုနှစ် ကွန်မြူနစ် ပညာတတ် နှိမ်နင်းရေးခေတ်လွန်တွင် ပညာဖြင့်သာကျေးလက်က ရုန်းထွက်နိုင်မည် ဆိုသော စိတ်ဓာတ်များ ပြန်လည်နိုးထလာခဲ့သည်။ ပညာတတ်တွေ ပုန်းနေရသောခေတ်မှ ‘ပညာတတ်လူငယ်’ ဆိုသည့်ဘဝကို ပြောင်ပြောင်တင်းတင်း ရင်ကော့ပြီး ထွက်လာနိုင်သည့် အခြေအနေသို့ ရောက်လာသည်။

ဂေါင်ကောင်းကို ရပ်စဲထားသည့် ကာလတွင် မြို့နေလူတန်းစားတို့ ကောလိပ်လည်း တက်ခွင့်မရှိ၊ အလုပ်လည်း မရခဲ့ကြပေ။ ပညာသင်ကြားရမည့်အစား မြို့နေ တရုတ်ကျောင်းသား ၁၈ သန်းတို့ကို ကျေးလက်သို့ အပို့ခံလိုက်ရသည်။ မြို့နေ ပညာတတ်တို့ကို ကျေးလက်သို့ ပို့သည့်စနစ်သည် ၁၉၈၀ ပြည့်နှစ်လောက်တွင် ရပ်ဆိုင်းသွားခဲ့သည်။
တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာ၏ လေ့လာဆန်းစစ်ချက်အရ ၁၉၇၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ဂေါင်ကောင်း စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့သူ ၁၀၀၀ တွင် တစ်ဦးတစ်ယောက်မျှ ထွန်းထွန်းပေါက်ပေါက် ဖြစ်ခဲ့သူ မရှိကြောင်း ဖော်ပြထားချက်ကို တွေ့ရသည်။

ကျေးလက်မှ မြို့သို့ ပြန်လာကြသည့် တရုတ်ကျောင်းသားတို့သည် မျှော်လင့်ချက် ကြီးစွာဖြင့် ပညာရေးကို လွမ်းဆွေး နေခဲ့ကြရသည်။ ဂေါင်ကောင်းဆိုသည့် အဓိပ္ပာယ်ကို သူတို့က ဒုက္ခမှ လွတ်မြောက်ခြင်းဟု ခံယူထားခဲ့ကြသည်။ တက္ကသိုလ်ဝင်ခွင့်ကို ပညာအရည်အချင်းအလိုက် မရွေးဘဲ၊ မိဘနောက်ခံ၊ ပါတီနောက်ခံဖြင့် ရွေးချယ် ခဲ့ခြင်းကြောင့် တရုတ်ပြည်တွင် ဆယ်စုနှစ်တစ်စု ပညာတတ်များ တိမ်ကောခဲ့ရသည်။

ဂေါင်ကောင်းစာမေးပွဲသည် တရုတ်ပြည် လူနေမှုကို အလွှမ်းမိုးဆုံး စာမေးပွဲစနစ်တစ်ခုဟု ဆိုနိုင်သည်။ တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ဇွန်လ ပထမပတ်တွင် ကျင်းပလေ့ရှိသည်။ ဆရာရော ကျောင်းသားတွေ အပေါ်ပါ အလွန်ဖိစီးမှုများသော စာမေးပွဲတစ်ခု ဖြစ်ပြီး မိဘများပါ အကဲဆတ်ကြသည့် စာမေးပွဲလည်း ဖြစ်သည်။
ဆရာများ အနေဖြင့်လည်း မိမိကျောင်းမှ တက္ကသိုလ်ဝင်ခွင့် အများဆုံးရသည်ကို ဂုဏ်ယူလိုသဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများကို အတင်းတွန်းကာ မောင်းကြသည်။ ဘာသာ ရပ်တစ်ခုကို နှံ့စပ်စွာ သင်ကြားမည့်အစား စာမေးပွဲတွင် မေးနိုင်သည့် မေးခွန်းများကိုသာ ထပ်ကာတလဲလဲ လေ့ကျင့် ဖြေဆိုခိုင်းသည်အထိ ဖြစ်လာသည်။ ထိုစနစ်သည် ကျောင်းသားများအား ပီကင်းဘဲကို အစာသွပ်သလို (Cramming) ဖြစ်စေခဲ့သည်။ ဆရာက ထည့်ပေးလိုက်သမျှကိုသာ ဦးနှောက်အတွင်း မှတ်သားထားပြီး ဒါမေးဒါဖြေ လောက်သာ သိကြတော့သည်။

စာမေးပွဲ ဖြေရမည့် အကြောင်းအရာလောက်ကိုသာ သင်ခြင်းက ဖန်တီးတွေးခေါ် စဉ်းစားဆင်ခြင်နိုင်စွမ်း (Critical Thinking) ကို အားနည်းစေသည်။ ကျောင်းသား၏ သင်ယူနိုင်စွမ်းနှင့် စိတ်ခံစားချက် များကို လျစ်လျူရှုခြင်း၊ တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးကို ဂရုမပြုခြင်းများကြောင့် ကျောင်းသားများသည် သက်မဲ့ စက်ရုပ်များပမာ ဖြစ်လာသည်ဟု ဝေဖန် ပိုင်းဖြတ်မှုများ ရှိလာသည်။ ကျောင်းသားများ၏ စိတ်တွင် မေးခွန်းမတိုးမည်ကို စိုးရိမ်သောက များသောကြောင့် အချို့ဆိုလျှင် စာမေးပွဲခန်း အတွင်းသို့ ဝင်ရမည်ကိုပင် ကြောက်ရွံ့ထိတ်လန့် နေကြကြောင်း တွေ့ရသည်။

ဂေါင်ကောင်းတွင် ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်မျိုး ရှိသည်။ ကောင်းကျိုးများမှာ အရည်အချင်းနှင့် စွမ်းရည်ကို မျှတစွာ ရွေးချယ်သည့် စာမေးပွဲတစ်ခုဟု သတ်မှတ်ကြသည်။ ပညာရေးတွင် အဆင့်တစ်ဆင့် အနေဖြင့် ဂုဏ်မြင့်စွာ သတ်မှတ်ခြင်း ခံထားရသည့် စာမေးပွဲ ဖြစ်သည်။ ကျေးလက်နေ ကျောင်းသားကျောင်းသူများကို စီးပွားရေးနှင့် လူမှုရေးအမြင်များ ပြောင်းလဲသွားစေ နိုင်ခဲ့သည်။ အသိပညာ အတတ်ပညာ အဆင့်အတန်းတစ်ခုကို သတ်မှတ်ပေးနိုင်ခြင်း ဖြစ်သည်။
ဆိုးကျိုးများ အနေဖြင့် ပြည်နယ်အလိုက် စာမေးပွဲရမှတ်များကို ခွဲခြားသတ်မှတ်ကာ ကျောင်းဝင်ခွင့် လက်ခံခြင်း ဖြစ်သည်။ လူနေထူထပ်သည့် ပြည်နယ်ဒေသများတွင် စာမေးပွဲဝင်သည့် ကျောင်းသားက များပြီး၊ ကျေးလက်များတွင် ကျောင်းသားနည်းခြင်းကြောင့် ရမှတ် ခွဲခြားပိုင်းဖြတ်လိုက်ခြင်းကြောင့် လူနေထူထပ်သည့် ပြည်နယ်ဒေသများမှ ကျောင်းသားများကို နစ်နာစေသည်။ ရမှတ်နှင့် အောင်လက်မှတ် ဆိုသည်မှာ မတူညီပေ။ ရမှတ် ကောင်းသူများကို တက္ကသိုလ်ဝင်ခွင့် လက်ခံပြီး အမှတ်အလိုက် ဖြတ်ချခြင်းကြောင့် အမှတ်ကောင်းပြီး၊ အရည်အချင်း မရှိသူများလည်း ရှေ့တန်း တက်လာနိုင်သကဲ့သို့ ဖြစ်သွားသည်။ စာမေးပွဲရမှတ်ကိုသာ အလေးထားခြင်းကြောင့် သင်ကြားသူရော၊ သင်ယူသူတို့ပါ ဘာသာရပ်တစ်ခုတွင် နှံ့စပ်စွာ တတ်မြောက်ရန် အလေးမထားတော့ဘဲ စာမေးပွဲတွင် အမှတ်ကောင်းစေရန်သာ ကြိုးစား ကြတော့သည်။

၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် တရုတ်ပြည်၌ ဂေါင်ကောင်း စာမေးပွဲကို တစ်ပြည်လုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့သည်။

တရုတ်ပြည်တွင် ဂေါင်ကောင်း ဖြေဆိုမည့်လတွင် အထူးသဖြင့် တိတ်ဆိတ်နေတတ်သည်။ ကားဟွန်းများပင် မတီးရန် ကန့်သတ်ထားခြင်း ခံရပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားကြရသည်။ ထိုကာလများတွင် ပြည်တွင်း သတင်းစာများ၌ ကျောင်းသားများ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဆိုသည့် သတင်းမှာ ခေါင်းကြီးပိုင်း သတင်းများ ဖြစ်နေတတ်သည်။ နှစ်စဉ် ဂေါင်ကောင်း စာမေးပွဲ ကျင်းပတိုင်း အနည်းဆုံး သုံးဦးခန့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ဖြစ်ပွားခဲ့သည်။

စာမေးပွဲက နှစ်ရက်သာ ကျင်းပသည်။ ပထမရက် နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ဘာသာစကားနှင့် ယဉ်ကျေးမှု စာမေးပွဲကို ဖြေဆိုကြရသည်။ ယခုနှစ်တွင် စာလုံး ရေ ၈၀၀ ခန့်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းသည်။ ခေါင်းစဉ်က “အကယ်၍ သောမတ်စ် အယ်ဒီဆင်သာ ၂၁ ရာစုတွင် ရှိခဲ့လျှင် မိုဘိုင်းလ်ဖုန်းကို မည်သို့စဉ်းစားမည် ထင်ပါသနည်း” ဟူ၍ ဖြစ်သည်။ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ သင်္ချာဘာသာ ဖြေရသည်။ တက္ကသိုလ်အဆင့်တွင် လုံးဝ မမျှော်မှန်းနိုင်သည့် ဗြိတိန်မှ ခက်ခဲရှုပ်ထွေးသည့် သင်္ချာ ပုစ္ဆာတစ်ပုဒ်လည်း ပါလာသည်။

ဒုတိယနေ့တွင် နံနက်ပိုင်း၌ လူမှုရေး ဘာသာရပ် သို့မဟုတ် သိပ္ပံဘာသာကို ဖြေရသည်။ ထိုနှစ်ဘာသာကို စိတ်ကြိုက် တစ်ဘာသာ ရွေးချယ်ဖြေဆိုခွင့် ပြုထားသည်။ လူမှုရေး ဘာသာရပ်တွင် နိုင်ငံရေးဆိုင်ရာ မေးခွန်းများပါသည်။ ဥပမာ- မော်စီတုံး အတွေးအခေါ်နှင့် ကျန်ဇီမင်းတို့၏ အတွေး အခေါ်များကို မေးတတ်သည်။ ယနေ့ ကွန်မြူနစ်ပါတီတွင် ရေပန်းစားနေသည့် သဘောတရား တစ်ခုဖြစ်သော ‘သုံးဦး ကိုယ်စားလှယ်’ အကြောင်းကို ရေးခိုင်းသည်။ ညနေပိုင်းတွင် နိုင်ငံခြားဘာသာစကား တစ်ခုကို ဖြေရသည်။ များသောအားဖြင့် အင်္ဂလိပ်စာကိုသာ ဖြေဆိုကြရသည်။

ဂေါင်မင်ကျိသည် ဘေကျင်းနိုင်ငံရေးနှင့် ဥပဒေတက္ကသိုလ်သို့ တက်ရောက် ပညာသင်ကြားလိုသူ ဖြစ်သည်။ သို့သော်သူမသည် လူမှုရေးဘာသာအစား သိပ္ပံဘာသာတွဲကိုသာ ဖြေဆိုခဲ့သည်။“ကျွန်မ က အများကြီး မှတ်မိနိုင်စွမ်း မရှိဘူး” ဟုဆိုသည်။ တရုတ် ပညာရေးစနစ်တွင်လည်း ဒါဖတ်၊ ဒါမှတ် စနစ်သာ လွှမ်းမိုးနေသဖြင့် ဘာသာရပ် ကျွမ်းကျင်မှုကို အလေးထား၍ မရပေ။
ဂေါင်မင်ကျိက “ဂေါင်ကောင်းမှာ မှားမှန်ရောထွေး အမှန်ရွေး (Multiple Choice) အနေနဲ့ မေးနေသေးတာ လုံးဝအဓိပ္ပာယ် မရှိဘူး။ တက္ကသိုလ်ပဲတက်တက်၊ တခြားလိုင်းတွေကိုပဲ သွားသွား အဲဒီစနစ်က သုံးစားမရပါဘူး” ဟု ဝေဖန်သွားသည်။ ဂေါင်က ဆက်ပြီး “ဂေါင်ကောင်းကို ဖြေရတာ သေချင်လောက်အောင် ပင်ပန်းတယ်။ စိတ်လည်း ကုန်တယ်။ ဒါပေမဲ့ ကျွန်မတို့မှာ အခြားရွေးချယ် ခွင့်လည်း မရှိဘူးလေ” ဟု ဝေဖန်သွားသည်။

ယခုနှစ်အတွင်း တရုတ်တွင် ဂေါင်ကောင်း စာမေးပွဲဖြေဆိုသူ ကိုးသန်းရှိသည် ဆိုသဖြင့် ဆွီဒင်နိုင်ငံ လူဦးရေခန့် ရှိသည်။ ထိုကိုးသန်း နောက်ကွယ်တွင် မိဘတွေ၊ ဆရာတွေက သောကတွေဝေပြီး ရှိနေကြရသေးသည်။ သန်းပေါင်းများစွာ ပြည်သူတို့ ယခုလအတွင်း တရုတ်ပြည်တွင် စိတ်မောလူမော ဖြစ်ခဲ့ကြရသည်။

ကမ္ဘာတစ်ဝန်းလုံးတွင် တရုတ်ကျောင်းသားတွေ ရလဒ်ကောင်း၊ အမှတ်ကောင်းကြောင်း သတင်းကြီးပါသည်။ အမေရိကန်ပြည်ထောင်စုတွင် မီဒီယာများက အာရှတွင် တရုတ်ပြည်မှ ကျောင်းသားများသည် စာမေးပွဲစနစ်နှင့် ယဉ်ပါးပြီး စည်းကမ်း တင်းကျပ်သည့် စာမေးပွဲကို အချိန် ကုန် အပင်ပန်းခံပြီး ကြိုးစား ဖြေဆိုကြကြောင်း၊ သူတို့ သင်ရိုးညွှန်းတမ်းများသည် သူတို့စနစ်နှင့် အံဝင်ခွင်ကျ ဖြစ်စေရန် ဖန်တီးထားပြီး သူတို့နိုင်ငံတွင် သိပ္ပံနှင့် သင်္ချာကို အလေးပေးနေမှုမှာ အောင်မြင်မှုများ ရနေကြောင်း ရေးသားဝေဖန်ခဲ့ကြသည်။

စာမေးပွဲကို ဗဟိုပြုသည့် ပညာရေးစနစ်ကို တစ်ကမ္ဘာလုံးက ဝေဖန်ပြီး ပြုပြင် ပြောင်းလဲမှုများ ရှိနေသည်။ နိုင်ငံတကာ ပညာရေးစနစ်တွင် မူကြိုမှသည် အလယ်တန်း အထက်တန်းအဆင့်အထိ သင်ကြားသင်ယူခြင်း ပုံစံတွေ ပြောင်းလဲနေကြပြီ ဖြစ်သည်။ ကျောင်းသားများကို စာမေးပွဲဖြင့် ခြိမ်းခြောက်ရန်မဟုတ်၊ နိုးကြားတက်ကြွသည့် စိတ်ဓာတ်ဖြင့် တီထွင်မှု ရှိစေရန်၊ Critical Thinking များလုပ်တပ်စေရန် လေ့ကျင့်ပျိုးထောင် ပေးရမည်ဟု ခံယူထားပြီး ပညာရေး လမ်းကြောင်းကို ပြောင်းလဲပေးနေပြီ ဖြစ်သည်။

တရုတ်ပြည် ပညာရေး ပြုပြင် ပြောင်းလဲမှုမှာ အလှမ်းဝေးလှသေးသည်။ ဆယ်စုနှစ်ပေါင်းများစွာ ရပ်ဆိုင်းထားခဲ့သည့် စာမေးပွဲစနစ်ကို ပြန်လည် အသက်သွင်းသည်။ ထိုစာမေးပွဲစနစ်ကလည်း ပညာရေးတွင် အတန်းတက်ရေးသာ ဖြစ်နေပြီး ရှေ့ဆက်ရန် ခရီးအတွက် အလှမ်းဝေးလှသည်။ ပညာတတ်သော်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးမှုက ဘွဲ့တစ်ခုသာ အဖတ်တင်ပြီး နိုင်ငံခြားသွားကာ အလုပ်ရှာခြင်းမှာ တရုတ်၏ နောက်ဆုံးပေါ် စိတ်ကူးအိပ်မက်များ ဖြစ်နေပြန်သည်။

တရုတ်ပြည်က ထူးချွန်သူများကို နိုင်ငံခြားထွက်ပြီး အလုပ် လုပ်ကိုင်ခွင့်ပြုသည်။ သူတို့နိုင်ငံက ကျောင်းသား ပညာတတ်တွေကို တရုတ်အစိုးရကလည်း လိပ်ကလေးများဟု သဘောထားသည်။ လိပ်ကလေးတွေက ဘယ်နေရာ ဘယ်အရပ် ရောက်ရောက် ကိုယ့်မွေးသည့် နေရာသို့သာ ပြန်လာလေ့ရှိသည် မဟုတ်ပါလား။ ထို့ကြောင့် နိုင်ငံတကာသို့ထွက်ပြီး ပညာတတ် တရုတ်တွေ အလုပ်လုပ်၊ အတတ်ပညာ အသိပညာတွေ စုံလာလျှင် ကိုယ့်တိုင်းပြည်ကိုယ်ပြန် ကိုယ့်နိုင်ငံအကျိုးကို လုပ်ရင်း လူသားရင်းမြစ်များ၊ ပညာရင်းမြစ်များ၊ အတွေ့အကြုံ ရင်းမြစ်များ၊ အသိပညာ ရင်းမြစ်များ စုဆောင်းမိထားသည့် တရုတ်သည် အနာဂတ်တွင် မည်သူ ယှဉ်လို့ရပါတော့နိုင် အနေအထားသို့ ရောက်ရှိနေမည်မှာ မလွဲဧကန် ဖြစ်ပါတော့သည်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice