Thu, 24th April, 2014
Sunday, 23 June 2013 13:26

နေပြည်တော်သို့ WEF ခရီးလမ်း

Written by  ဘုန်းဝေညွန့်လူ

 

မကြာသေးခင်က နေပြည်တော် အရပ်တွင် ဝှဲချီး ကျင်းပသွားသော ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ World Economic Forum (WEF) သို့ တက်ရောက်ရန် မိတ်ဆွေကြီး တစ်ဦး၏ ကားကြုံဖြင့် ချီတက်ခဲ့သည်။ ပြည်ပခရီးမှ ပြန်ရောက်စ ဖြစ်သလို မျက်လုံး ထိခိုက်သောကြောင့် ဆရာဝန်က အနားယူခိုင်း ထားသော်လည်း တစ်သက် တစ်ခါလောက် ကြုံရမည့် ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ ဆိုတော့ မဖြစ်မနေ သွားခဲ့သည်။

နေပြည်တော်-ရန်ကုန် အမြန်လမ်းကြီးက နာမည် သတင်းကြီး သည့်အတွက် လူတိုင်းက စိတ်ပူကြသည်။ ကျွန်တော်တို့လည်း ထိုအပူ အနည်းနှင့်အများ ရိုက်ခတ်သောကြောင့်ထင့် မောင်းသည့် ကားဆရာကို ‘ကျွန်တော်တို့ အလျင်မလိုဘူး’ ဟု ပြောထားကြသည်။ ဒီတော့ သူကလည်း သတိနှင့် မောင်းသည်။ ကမ္ဘာအနှံ့ ဖြန့်ကြက်ထားသော လုပ်ငန်းကြီးတစ်ခု၏ အာရှဒေသ အကြီးအကဲ နိုင်ငံခြားသား အမှုဆောင် အရာရှိချုပ် နှစ်ယောက် ကျွန်တော်တို့ ကားပေါ်တွင်ပါသည်။ သူတို့ကလည်း နေပြည်တော် ခရီးကို အစိမ်းသက်သက်၊ မြန်မာပြည်ကို အစိမ်းသက်သက်တွေ ဆိုတော့ မေးချင်၊ မြန်းချင်၊ သိချင်တာတွေလည်း များလှ၊ ကိုယ်တွေကလည်း သူတို့၏ နိုင်ငံတကာ အတွေ့အကြုံ၊ ဗဟုသုတ၊ ဉာဏ်ပညာတွေကို သိချင်လိုချင်သူတွေ ဆိုတော့ စကားဝိုင်းက အပြန်အလှန် အသိအမြင် ဖလှယ်ကြရင်း မြိုင်ဆိုင်လှသည်။

သူတို့က မြင်ကွင်းရှင်းရှင်း Open Space တွေကို ကြိုက်သည့် သူတွေပီပီ နေပြည်တော် လမ်းပေါ်တက်ပြီး မကြာခင်မှာပင် လူခြေသူခြေ အိုးအိမ် မမြင်ရသည့် အခြေအနေကို အတော်သဘောကျသည်။ ‘လယ်ယာစိုက်ပျိုးရေး လုပ်ရင် သေချာပေါက် ကြီးပွားမယ့်နိုင်ငံ’၊ ‘မြေလွတ်မြေရိုင်းတွေ ပေါလိုက်တဲ့နိုင်ငံ’။ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲကို လာတက်သည့် စီးပွားရေး နယ်ပယ်မှ ဝါရင့်များပီပီ အလိုလို မြန်မာ့စီးပွားရေး အကွက်အကွင်းများကို အကဲ ခတ်လျက်သားလည်း ဖြစ်နေပုံရသည်။ မြန်မာနိုင်ငံ၏ မြေယာ သယံဇာတ ကြွယ်ဝပုံ တို့ကို သဘောကျရင်း သူတို့ လေသံထဲတွင် ‘အသုံးမချနိုင်လေခြင်း’ ဟု မချင့်မရဲ ဖြစ်သံလည်း သတိထား နားထောင်လျှင် ကြားရသည်။ လယ်ယာ စိုက်ပျိုးရေးနိုင်ငံ အမည်ခံထားပြီး ကျေးလက်နေ လူထုက နိုင်ငံ၏ သုံးပုံနှစ်ပုံ ရှိသော်လည်း လယ်ယာကဏ္ဍသည် ရုန်းထဆဲ အနေအထားသာ ရှိသည်။ လူလည်းပေါ၊ မြေလည်းပေါ၊ ရေလည်းပေါ၊ လယ်ယာ လုပ်ကိုင်ရန် ရေခံမြေခံကောင်းများ ကြွယ်ဝသော်လည်း မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ်သို့ပင် မရောက်သေး။ လယ်ယာကို အခြေခံပြီး စက်မှုနိုင်ငံအဆင့် တက်လှမ်းရေး ပိုပြီး အလှမ်းဝေးနေသေးသည်။ တစ်ဖက်တွင် ပြည်တွင်း ဈေးကွက်ရော ပြည်ပ ဈေးကွက်ပါ ရှိနေသည့် လယ်ယာစိုက်ပျိုးရေးကို ပြည်တွင်း ပြည်ပ အရင်းအနှီးများ၊ နည်းပညာများ ထည့်သွင်း ထောင်မတ်လိုက်နိုင်လျှင် အစိမ်းရောင် တော်လှန်ရေး အောင်မြင်နိုင်မည်။

နိုင်ငံခြားသား နှစ်ဦးက သဘောမနောလည်း ကောင်းပုံရသလို အတွေ့အကြုံလည်း ကြွယ်သည်။ စကားစရ လွယ်သူများ ဖြစ်ကြသောကြောင့် သူမေး ကိုယ်ဖြေ၊ ကိုယ်မေးသူဖြေ ဖြင့် စကားလည်း ဖောင်ရင်း ကားဆရာ အိပ်ငိုက်နိုင်ခြေ ရှိမရှိကိုလည်း တစေ့တစောင်း အကဲခတ်ရင်းဖြင့် နေပြည်တော်သို့ ရောက်ခဲ့သည်။ နေပြည်တော် ရောက်ခါနီးမှ သိရသည်က ကားဆရာသည်လည်း နေပြည်တော်သို့ တစ်ကြိမ်မျှ မရောက်စဖူး။ ကျွန်တော်တို့ကလည်း အေးအေးဆေးဆေး မောင်းပါဟု မှာထား၊ သူကလည်း သတိဖြင့် မောင်းခဲ့သောကြောင့်နှင့် တူသည် နေပြည်တော်သို့ ညနေစောင်းခါမှ ရောက်သည်။

နေပြည်တော် မရောက်ဖူးသော ကားဆရာနှင့် နေပြည်တော်သို့ ရောက်ခဲလှသည့် ကျွန်တော်တို့ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ ကျင်းပရာ အရပ်ကို ရော်ရမ်း မှန်းဆ ရှာဖွေကြသည်။ ဆိုင်းဘုတ်များ နောက်သို့လည်းကောင်း၊ ရဲကားများ ရဲသားများ ရပ်နေရာ၊ စုရုံးရာအတိုင်း လိုက်ခြင်းဖြင့် လည်းကောင်း ချောချောမောမောဖြင့် Myamar International Convention Center သို့ရောက်သည်။ ခမ်းနား ကြီးကျယ်လှသည့် နိုင်ငံတကာအဆင့် အဆောက်အအုံကြီးပင်။ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးကို မြန်မာနိုင်ငံ သက်ဆိုင်ရာနှင့်တွဲကာ World Economic Forum က အဓိက တာဝန်ယူ ထားပုံရသည်။

WEF မြန်မာနိုင်ငံတွင် ကျင်းပခြင်းသည် ၂၀၁၄ တွင် အာဆီယံ အစည်းအဝေးကြီးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံ အတွက် ပွဲမဝင်ခင် အပြင်ကကျင်းပ သင်ယူခွင့် ရခြင်းပင်။ ကျင်းပရမည့် အာဆီယံ အစည်းအဝေများက ထောင်ဂဏန်း ရှိသည့်အတွက် စီမံခန့်ခွဲရေး၊ ကြိုဆို ဧည့်ခံရေး၊ လုံခြုံရေးစသော မြားမြောင်လှသည့် နိုင်ငံတကာအဆင့် ဦးနှောက် ခြောက်စရာများက အာဆီယံ ဥက္ကဋ္ဌသစ် မြန်မာနိုင်ငံကို စောင့်မျှော်နေသည်။ မကြာမီ ကျင်းပတော့မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင်လည်း အတွေ့အကြုံများ တနင့်တပိုး ရဦးမည်။

စီးပွားရှာရန် လောက်လောက်လားလား ကျန်သေးသည့် နောက်ဆုံးဌာနဟု ထောမနာ ပြုခံရသည့် မြန်မာနိုင်ငံကို World Economic Forum WEF က နောက်တစ်ဆင့် စင်တင်ပေးလိုက်ခြင်း ဖြစ်သည်။ WEF ကျင်းပခြင်းသည် မြန်မာနိုင်ငံကို အနီးကပ် မလေ့လာချင် လေ့လာချင်အောင် ကမ္ဘာ့စီးပွားရေး အသိုင်းအဝိုင်းကို တွန်းအား ပေးလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံကို လေ့လာရင်း မြန်မာနိုင်ငံကို တွန်းနေသည့် ပုဂ္ဂိုလ်များကိုပါ လေ့လာခွင့် ရအောင်လည်း ဖန်တီးပေးထားသည်။ အဓိက ဆွေးနွေးသည့် ပုဂ္ဂိုလ်များတွင် မြန်မာနိုင်ငံမှ အရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ ပညာရှင်များကို မပါမနေရ ထည့်သွင်းထားသည့် အတွက် ထိုသူများကို နိုင်ငံခြားသားများ အထူး အာရုံစိုက် အကဲခတ်ကြသည်။ မြန်မာနိုင်ငံသား ထိုထိပ်တန်း ပုဂ္ဂိုလ်များ၏ တွေးပုံကြံပုံ ဗဟုသုတတို့ကို သဘောပေါက်လျှင် မြန်မာနိုင်ငံတွင် မည်သို့ လှုပ်ရှားရမည်ကို သိပြီ။

ဆွေးနွေးပွဲကြီးကို စီမံခန့်ခွဲနေသည့် ဆွေးနွေးပွဲ၏ နှလုံးသားဆိုရမည့် နေရာကား အောက်ထပ်ရှိ ရုံးခန်းမကြီး တစ်ခု။ WEF အဖွဲ့သားများနှင့် မြန်မာနိုင်ငံ ဝန်ကြီးဌာန အချို့ ပူးပေါင်း ရုံးထိုင်ကြသည်။ မူလက မြန်မာအဖွဲ့က တစ်ခန်း၊ WEF က တစ်ခန်း ဖြစ်သော်လည်း ညှိနှိုင်း ဆောင်ရွက်ရသည်မှာ လွယ်ကူစေရန် တစ်နေရာတည်း ထိုင်လိုက်ကြခြင်းဟု သိရသည်။ ကောင်းလေစွ၊ ကောင်းလေစွ။ ကြိုးနီစနစ်ကို ဘေးဖယ်ထားလိုက်နိုင်ခြင်းဟု ပြောရမည်။ ဌာနဆိုင်ရာ အရာရှိကြီးများမှာ ရက်ပေါင်း များစွာ ဆက်တိုက်အလုပ် လုပ်ထားရသောကြောင့် ပင်ပန်းနွမ်းနယ် နေသည့်တိုင် နိုင်ငံအတွက် အရေးကြီးသော အလုပ်ကို ဆောင်ရွက်နေရသည့်အတွက် ပီတိ ဖြစ်နေကြသည်။ မိမိနှင့် မဆိုင်လှသော ဘေးပန်း အလုပ်များနှင့်သာ အချိန်မကုန်တော့ဘဲ အဓိက အလုပ်ကို အဓိက လုပ်နေရခြင်းလောက် ချမ်းသာခြင်းသည် ရှိပါ့မလား။

မြန်မာနိုင်ငံတွင် ကျင်းပခြင်း ဖြစ်ပြီး မြန်မာကလည်း ကမ္ဘာတွင် ရေပန်းစားနေသည့်အတွက် World Economic Forum on East Asia သည် World Economic Forum on Myanmar သို့မဟုတ် Myanmar Economic Forum သဖွယ်လည်း ဖြစ်နေသည်။ မည်သည့် အကြောင်းအရာ ဆွေးနွေး ဆွေးနွေး မြန်မာပြည် အကြောင်းက တစ်ထောင့် တစ်နေရာမှ ပါလာရသည်။ မြန်မာပြည် အကြောင်း ကဏ္ဍအလိုက် ဆွေးနွေးပွဲငယ်များကိုမူ ထည့်ပြောရန်ပင် မလို။ သဲကြီးမဲကြီး စိတ်ဝင်တစား ဆွေးနွေးကြသည်၊ မေးမြန်းကြသည်၊ တွေးတောကြသည်။ အချို့က တွေးတွေးဆဆ၊ အချို့က စိတ်အားထက် ထက်သန်သန်။ ပြောချင်သူက ဖောင်လောက်အောင် ပြောသလို နားထောင်သမားက လည်း ခပ်များများ၊ ဘက်မျှသည်ဟု ဆိုနိုင်သည်။ တက်ရောက်လာသူ နိုင်ငံခြားသားရော မြန်မာရော အားလုံးလိုလို၏ တူညီသော သဘောထားမှာ မြန်မာ့ အလားအလာနှင့် ပတ်သက်ပြီး အားတက်ကြခြင်း ဖြစ်သည်။

မုန့်၊ အချိုရည်၊ လက်ဖက်ရည်၊ ကော်ဖီတို့ ချထားပေးပြီး ကြိုက်သလောက် ယူစားခွင့် ပေးထားသော ကော်ဖီဆိုင်လေးများတွင် ထိုင်နေလျှင် အနောက်တိုင်းဝတ်စုံ၊ မြန်မာအမျိုးသား ဝတ်စုံတို့ဖြင့် ပျားပန်းခပ် သွားလာနေသူများကို မြင်ကြရသည်။ အရေးတကြီးဟန်ဖြင့် သုတ်ခြေ တင်နေသူများ ရှိသလို စိတ်အေးလက်အေး လျှောက်နေသူများလည်း ပါသည်။ ကင်မရာကြီး နှစ်လုံးကို တစ်ဖက်တစ်ချက်တွင်လွယ်၊ သုံးချောင်းထောက်ကို ထမ်းပြီး သုတ်ခြေတင်နေသူ မီဒီယာ သမားများ၊ အခြွေအရံမပါ မြန်မာဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ သုံးယောက်တစ်တွဲ လေးယောက်တစ်တွဲ စကားကောင်းနေ၊ မိတ်ဖွဲ့နေသူများ၊ အင်တာဗျူးနေသူများ၊ ဘယ်အခန်းသွား နားထောင်ရမလဲ စဉ်းစားနေသူများတို့နှင့် WEF ခန်းမများ အပြင်ရှိ စင်္ကြံလမ်း များသည်လည်း သူ့နည်းသူ့ဟန်နှင့် သူအလုပ်များသည်။

ဆွေးနွေးပွဲအပြီး ညနေခင်းများတွင် ပြုလုပ်သည့် ညစာစားပွဲ၊ ဧည့်ခံပွဲတို့သည်လည်း အဓိက ဆွေးနွေးပွဲကြီး ကဲ့သို့ပင် အရေးကြီးသည်။ စိတ်အေးလက်အေး စားရင်းသောက်ရင်း မိတ်ဖွဲ့ကြသည်၊ သတင်းပလင်း ဖလှယ်ကြသည်၊ တစ်ဦးနှင့်တစ်ဦး အကဲခတ်ကြသည်။ ပေါ့ပေါ့ပါးပါး အအေး၊ အရက်၊ အချိုအချဉ် စားစရာများ စားကြသောက်ကြသည့် ပွဲများဆိုလျှင်ပိုပြီး လွတ်လွတ်လပ်လပ် ရှိသောကြောင့် တက်လိုသူတို့ မနည်းလှ။ အချို့ကတော့ တစ်နေကုန် ပင်ပန်းထား၊ ခရီးပန်း ထားသောကြောင့် ဟိုတယ်သို့သာ ပြန်အိပ်ကြသည်။ မနက်ခင်းတွင်လည်း ကုမ္ပဏီ ခပ်ကြီးကြီးတို့က နံနက်စာကို ဧည့်ခံ ကျွေးမွေးသည့် အစီအစဉ်တို့ ရှိပြန်သည်။ အချို့ နံနက်စာဆိုလျှင် ဆွေးနွေးပွဲပါ ပါသေးသည်။ ဝန်ကြီး၊ ကမ္ဘာကျော် ပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်ကြီးစသည့် ထိပ်တန်း ပုဂ္ဂိုလ် လေးငါးယောက်ကို စင်ပေါ်တင်ပြီး ဆွေးနွေးစေကာ ပရိသတ်က နံနက်စာ စားရင်း မေးမြန်း ဆွေးနွေးနိုင်သည့် အစီအစဉ်မျိုး ဖြစ်သောကြောင့် သုတလည်းရ၊ ဝမ်းလည်းဝ။

ရည်မှန်းချက် ပြီးမြောက်ပြီ ဖြစ်သည့်အတွက် ရန်ကုန်သို့ ကျွန်တော်တို့အဖွဲ့ ပြန်လည် ချီတက်ခဲ့သည်။ ပြန်ပါလာသည့် နိုင်ငံခြားသား မိတ်ဆွေကို ‘မျှော်မှန်းသည့် အတိုင်း ဖြစ်မြောက်ရဲ့လား’ ဟုမေးသည့် အခါ သူက ‘မျှော်မှန်းသည်ထက်ပင် ပိုပါတယ်’ ဟုဖြေသည်။ အားနာလို့ ဖြေခြင်း ဟုတ်ပုံမရဘဲ တကယ်လှိုက်လှိုက်လှဲလှဲ။ ရင်းနှီးသွားပြီ ဖြစ်သည့်အတိုင်း အပြန်လမ်းတွင် စကားဝိုင်းက ပိုမြိုင်သည်။ စီးပွားရေး၊ ကြီးပွားရေး၊ တိုင်းရေးပြည်ရေး၊ နိုင်ငံတကာအရေးတို့ သာမက သားရေးသမီးရေး၊ ဘဝဒဿနတို့ပါ ပါလာသည်။ စကားဝိုင်းက လေးနက်လိုက်၊ ပေါ့ပါးလိုက်၊ နှေးလိုက် မြန်လိုက်။ တစ်မှေးမှေးလိုက်ကြ၊ ပြန်နိုးလာပြီး ရောက်တတ်ရာရာ ပြောလိုက်ကြနှင့် ရန်ကုန်သို့ ရောက်မှန်းမသိ ရောက်ခဲ့သည်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice