Wed, 16th April, 2014
Sunday, 31 March 2013 10:50

ဒီမိုကရေစီက ကွက်ကြားမိုးလို နေရာကွက်ပြီး ရတာမျိုးလား

Written by 

 

သို့
အယ်ဒီတာ

၁၇.၁၂.၂၀၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် အိုးဘိုအကျဉ်းထောင် အိပ်ဆောင် (၄)၊ အခန်း (၅) မှာ အကျဉ်းဦးစီးညွှန်ချုပ် ပြောခဲ့တဲ့ "မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာ အပြင်မှာပဲရမယ်။ မင်းတို့ဒီထဲမှာတော့ ဘယ်တော့မှ ဒီမိုကရေစီ မရဘူးမှတ်" ဆိုတဲ့ စကားကြောင့် ဒီစာကို ရေးဖြစ်တာပါ။ အဲဒါဆို မြန်မာနိုင်ငံ ဒီမိုကရေစီက တစ်နိုင်ငံလုံးရတာ မဟုတ်ဘဲ ကွက်ကြားမိုးလို နေရာ ကွက်ပြီး ရတာမျိုးလား။ ညွှန်ချုပ်ကြီးစကားကိုပဲ ရည်ညွှန်းပြီး ပြောတာပါ။

အကျဉ်းဒဏ် ကျခံနေရတဲ့သူတွေဟာ မြန်မာနိုင်ငံက တည်ဆဲ ဥပဒေတစ်ခုခုကို ချိုးဖောက်လို့ အပြစ်ဒဏ်ကျခံနေရတယ် ဆိုပေမယ့် တကယ်လုပ်လို့ ကျတဲ့လူတွေ ရှိသလို၊ ဆွဲခေါ်၊ ဆွဲထည့်၊ ချောက်ချလို့ တကယ်မကျူးလွန်ရဘဲ ကျခံနေရသူတွေလဲ အများကြီးပါ။ အပြစ်ဒဏ် ကျခံနေရသူတွေဟာလဲ အထဲမှာ မိမိတို့လုပ်အားနဲ့ နိုင်ငံတော်ကို ပြန်ပေးဆပ်နေကြတာပဲ။ ဘယ်သူမှ အလကားမထားပါဘူး။ ဒါတောင် အထဲမှာ ဘယ်တော့မှ ဒီမိုကရေစီ မရဘူးဆိုတော့ ဘာများ ထပ်လုပ်နေချင်သေးတာလဲလို့ မေးချင်ပါတယ်။

ဌာနရဲ့ညွှန်ချုပ်ကြီးက ငါပြောလို့ရတယ်။ ပြောခွင့်ရှိတယ်။ ပြောချင်တိုင်း ပြောမယ်ဆိုရင် အကြောင်းမဲ့ အပြောခံရတဲ့သူတွေ ဘက်ကကြည့်ရင် "လူ့အခွင့်အရေး ချိုးဖောက်ခံရတာပါပဲ"

အပြစ် ဒဏ်ခံနေရတဲ့သူတွေက အထဲမှာပဲ တစ်သက်လုံး နေသွားရမယ့်သူတွေ မဟုတ်ပါဘူး။ အပြင်ရောက်ရင် နိုင်ငံတော် တိုးတက်ရေးလုပ်ငန်းမှာ တစ်ထောင့်တစ်နေရာက ပါဝင်ကြဦးမယ့် လူတွေပါ။ သူတို့အပြင် ရောက်လာလို့ ညွှန်ချုပ်ကြီးပြောတဲ့ စကားကို ပြန်ပြီးလက်ဆင့်ကမ်း တယ်ဆိုရင် နောက်လာနောက်သား တွေက "မြန်မာနိုင်ငံမှာ အကျဉ်း ဦးစီးဌာနတွေဆိုတာ ဒီမိုကရေစီကင်းမဲ့ဇုန်" လို့ မြင်သွားမှာ စိုးရိမ်မိတဲ့ အတွက် ဒီစာကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

(ပြည်သူတစ်ဦး)

Copyright © 2013 The Voice
All rights reserved
Powered by The Voice