Wednesday, 22nd May 2013
Wednesday, 23 January 2013 08:40

အယ်ဒီတာခင်ဗျား

Written by 
Rate this item
(0 votes)

 

အယ်ဒီတာခင်ဗျား

မည်သို့ပင်ဖြစ်စေ၊ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ကိစ္စနှင့် ပတ်သက်၍ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားသည့်အပေါ် များစွာ စိတ်ချမ်းမြေ့ သွားခဲ့ရပါသည်။ များမကြာမီ အချိန်ကမူ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာဆိုသကဲ့သို့ နေ့စဉ်မြင်တွေ့ ကြားသိနေရမှု အပေါ် စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါသည်။ သို့သော် ယခု Online စာမျက်နှာများ ပေါ်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ သတင်း ထုတ်ပြန်ချက်တွင် "မီးခိုးဗုံး”ဟု သုံးစွဲခဲ့သည့်အတွက် မကျေမနပ် ဖြစ်နေကြောင်း၊ လက်ပံတောင်းတောင် ဒေသရှိ ဝက်မြှေးနှင့် ဆည်တဲရွာ တို့တွင် သပိတ်စခန်းများ ပြန်လည်ဖွင့်လှစ် နေသည့် အကြောင်း၊ ကော်မရှင်မှ မည်မျှပင် တရားနည်းလမ်းကျစွာ ဆုံးဖြတ်ဆုံးဖြတ်၊ ကြေးနီတောင် စီမံကိန်း လုံးဝ မရပ်ဆိုင်းသမျှ ဆက်လက် ဆန္ဒဖော်ထုတ် နေဦးမှာဖြစ်ကြောင်း စသည့်သတင်းများကို ဖတ်နေရဆဲဖြစ်ရာ ရင်ထဲ တွင် အပြည့်အဝ စိတ်မအေးနိုင်သေးသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။

အားလုံး သိရှိကြသည့်အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်၍ အားလုံး ကျေနပ်မည့်အဖြေ ထွက်မည်မဟုတ်ကြောင်း၊ သို့သော် ကော်မရှင် အနေဖြင့် အမှန်တရားကို ဖော်ထုတ်မည်ဖြစ် ကြောင်း၊ နိုင်ငံ၏ ရေရှည်အကျိုးစီးပွား၊ ပြည်သူတွေရဲ့ ရေရှည် အကျိုးစီးပွား၊ ဒီမိုကရေစီရဲ့ ရေရှည်အကျိုးစီးပွားတွေကို ကြည့်ပြီး မြင်ရင်မြင်တဲ့အတိုင်း တင်ပြသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ အမှန်တကယ်လည်း သူပြောသည့် အတိုင်း ဆောင်ရွက် သွားမည်ဟု ယုံကြည်ပါသည်။ ယခုပင်လျှင် ကော်မရှင်၏ စစ်ဆေး ဆောင်ရွက်နေမှုများကို သတင်းထုတ်ပြန်ချက်များ အရ သိရှိနေရပြီ ဖြစ်ပါသည်။ သို့သော် မျှော်လင့်ထားသည့် အတိုင်း ကျေနပ်သူများ ရှိနိုင်သကဲ့သို့ မကျေနပ်သူများလည်း ရှိနိုင်ပါသည်။ စာရေးသူ စိုးရိမ် မိသည်မှာ မကျေနပ်သူများ၏ တုံ့ပြန်မှုဖြစ်ပါသည်။

ယခု ဤစာရေးဖြစ်သည်မှာလည်း ဤစိုးရိမ်မှုကြောင့်ပင်ဖြစ်ပါသည်။ ပြောရလျှင် မကြာသေးခင်က ဖြစ်ပွားခဲ့သော မြင်ကွင်းမျိုး၊ အသစ်အသစ် သော ဆန့်ကျင်လှုပ်ရှားမှုမျိုးများ ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ် မိပါသည်။ စာရေးသူ၏ သဘောဆန္ဒ အရ ပြောရလျှင် ကော်မရှင်၏ အဆုံးအဖြတ်ပေါ်တွင် မိမိတို့ သဘောနှင့် မတိုက်ဆိုင်သော်လည်း ငြိမ်းချမ်းစွာ လက်ခံစေချင်ပါသည်။

အကယ်၍ ဤသို့ မဟုတ်ပါမူ မလိုလားအပ်သော အရေးယူ ဆောင်ရွက်မှုများကို မလွဲမသွေ တွေ့မြင် ရဦးတော့မည် ဖြစ်ပါသည်။ ထိုကဲ့သို့ မဆောင်ရွက်ပါလျှင်လည်း မေးခွန်းထုတ်စရာများစွာ ရှိနေ သော မြန်မာနိုင်ငံ၏ ဥပဒေမှာ မေးခွန်းထုတ်စရာ တစ်ခု ထပ်မံတိုး လာဦးမည်ဖြစ်ပါသည်။ ယခုစာရေးသူ ပြောမည့် စကားကို စာဖတ်သူ တို့ နှစ်သက်နိုင်မည် မဟုတ်သည်ကို မှန်းဆမိသော်လည်း ပြောကြည့် လိုပါသည်။

"ယခု ဖြစ်ပျက်ခဲ့သမျှ ဖြစ်စဉ် အားလုံးကို လူမှုရေး ရှုထောင့်မှ မရှုမြင်ဘဲ ဥပဒေ ရှုထောင့်မှ ရှုမြင်လျှင် စိတ်ပျက်စရာများ ကို တွေ့မြင်ရမည်ဖြစ်ပါသည်။" ထို့ပြင် "ဥပဒေ အထက်တွင် မည်သူမျှမရှိ”ဟူသော စကားရပ်မှာလည်း ပြက်ရယ်ပြုစရာ အဖြစ်သို့ ရောက်ရှိ သွားတော့မည်ဖြစ်ပါသည်။ ပို၍ အရုပ်ဆိုး သွားစေနိုင်သည် မှာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်နေသော တရား ဥပဒေစိုးမိုးရေး လုပ်ငန်းများ ကိုလည်းကောင်း၊ လွတ်လပ်သည့် စုံစမ်း စစ်ဆေးသည့်အဖွဲ့ကို ဖွဲ့ရန် အတည်ပြု ပေးခဲ့သည့် "လွှတ်တော်”ကို လည်းကောင်း မထီမဲ့မြင်ပြုရာ ရောက်သွားခြင်းပင် ဖြစ်ပါသည်။

စာရေးသူသည် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ သတင်းမီဒီယာများပေါ်မှ နှစ်ဖက်ဖော်ပြချက်များ၊ Facebook စာမျက်နှာများပေါ်မှ သတင်းဓာတ်ပုံများ၊ စာများနှင့် Comment များကို စဉ်ဆက်မပြတ် ဖတ်ရှု သုံးသပ်ခဲ့ပါသည်။ အားလုံးသည် သူ့အမှန်တရားနှင့် သူချည်း ဖြစ်ပါသည်။ သို့သော် Negotiators interests are directly opposed ဆိုသကဲ့သို့ အကျိုး စီးပွားများ လုံးလုံးလျားလျား ဆန့်ကျင်နေခြင်းဖြစ်၍ ညှိနှိုင်းမရဖြစ် နေရခြင်းဖြစ်သည်ဟု ယူဆပါသည်။ ဆက်လက်၍ မိမိတို့ လက်ကိုင် ပြုထားသော အမှန်တရား တစ်ခုတည်း ပေါ်တွင်သာ ဆက်လက် ဇွတ်မှိတ် ရပ်တည်နေကြမည်ဆိုပါက ပြေလည်သော အဖြေတစ်ခုကို ရနိုင် လိမ့်မည်မဟုတ်ဟု ထင်မြင်ပါသည်။

သို့ဖြစ်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ဖော်လာမည့် ကောက်ချက်များ၊ သုံးသပ်အကြံပြုချက်များကို ဖြေလျှော့သော စိတ်တို့ဖြင့် ပူးပေါင်းကြမှသာ ရှဥ့်လည်း လျှောက်သာ၊ ပျားလည်းစွဲသာ အခြေအနေများကို ဖန်တီးနိုင်မည် ဖြစ်ပြီး သားရွှေအိုးထမ်းလာသော မြင်ကွင်းမျိုးကို မြင်တွေ့ရမည်ဖြစ် ကြောင်း အယ်ဒီတာမှ တစ်ဆင့် တင်ပြ လိုက်ရပါသည်။

ခင်မောင်ဆွေ(ပြည်)

Read 1361 times
Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.