Thu, 24th April, 2014
Tuesday, 25 June 2013 08:56

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အဖွဲ့အစည်းမှ အမှုဆောင် စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Masaki Takahara နှင့်တွေ့ဆုံခြင်း

Written by  ရွှေစင်ဦး

 

မြန်မာနိုင်ငံသို့ ၁၉၉၇ ခုနှစ်ကပင် စတင်ရောက်ရှိ လာခဲ့သော ဂျပန်နိုင်ငံ အစိုးရ လက်အောက်ရှိ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အဖွဲ့အစည်း (JETRO) သည် ပွင့်လင်းမြင်သာစ ပြုလာသော မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးလျက် ရှိသည်။ ယင်းအဖွဲ့အစည်းကြီး၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်၊ ဂျပန် ကုမ္ပဏီများ၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု အခြေအနေ၊ အခက်အခဲများနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အဖွဲ့အစည်းမှ အမှုဆောင် စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Masaki Takahara နှင့် တွေ့ဆုံ မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : အရင်ဆုံး JETRO ရဲ့ အဓိက တာဝန်နဲ့ ရည်ရွယ်ချက်ကို ရှင်းပြ ပေးပါလား။

MST : ဂျပန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အဖွဲ့အစည်းကြီးက ဂျပန် အစိုးရရဲ့ လက်အောက်မှာ ရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီးတော့ ဒီအဖွဲ့အစည်းရဲ့ အသုံးစရိတ်ကလည်း ဂျပန် အစိုးရကနေ ချပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက တာဝန်တွေက ဂျပန်နိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ကြားမှာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ မြှင့်တင်ဖို့ကို အဓိကထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းက မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇၁ ခုမှာ ရုံးခန်းတွေ ဖွင့်လှစ်ထားပါတယ်။ ကျွန်တော်တို့ ရန်ကုန် ရုံးခွဲကို ၁၉၉၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီးတော့ ၂၀၁၁ ခုနှစ် အပြောင်းအလဲများ မတိုင်ခင် အထိတော့ ရုံးခန်း တစ်ခုတည်း ကဏ္ဍတစ်ခုတည်း ကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။
၂၀၁၁ နောက်ပိုင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာသွားပြီးတဲ့ နောက်မှာတော့ နိုင်ငံတကာ ကုန်သွယ်ရေး အဖွဲ့အစည်းတွေ၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းတွေ အများကြီး ဝင်လာကြတယ်။ ကျွန်တော်တို့ ဂျပန်နိုင်ငံကလည်း အလားတူ ဝင်လာကြတာတွေ ရှိနေတော့ ကဏ္ဍတစ်ခုတည်းနဲ့ မနိုင်တော့ တဲ့အတွက် နောက်ကဏ္ဍသုံးခု ထပ်တိုးလိုက်ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက် ပေးနေတာတွေကတော့ ဂျပန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဘယ်လို ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အလားအလာ ကောင်းတယ် ဆိုတာတွေ ချပြပေးတယ်၊ ဟောပြောပွဲတွေ လုပ်ပေးတယ်။ နောက်တစ်ခုက ဂျပန်နိုင်ငံရဲ့ နာမည်ကြီးပြီး အရည်အသွေးပြည့် ကုန်ပစ္စည်းတွေကို မြန်မာစားသုံးသူတွေ အတွက် ပြပွဲတွေ လုပ်ပြီးတော့ ရောင်းချပေးတယ်။
ပြောရရင် တင်သွင်းကုန် ဈေးကွက်ရှာတဲ့ သဘောပေါ့။ နောက်တစ်ခု ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းတွေ ဖြစ်တဲ့ အထည်ချုပ် လုပ်ငန်းတွေ၊ အစားအစာ ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ ထောက်ပံ့ပေးတာတွေ ရှိသလို မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကိုလည်း ချပြပေးတာတွေ ပြုလုပ်ပေးနေပါတယ်။

Voice : ဒီနှစ်အတွင်းမှာ JETRO ကနေတစ်ဆင့် မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ ကုမ္ပဏီ ဘယ်နှခုလောက် ရှိပါသလဲ။

MST : ကျွန်တော်တို့ ဒီမှာ ရန်ကုန်မြို့တော် အခြေစိုက် ဂျပန် ကုန်သည်များကြီး အသင်းချုပ် (JCCY) ဆိုတာ ရှိပါတယ်။ အဲ့ဒီမှာ ယနေ့အထိ စစ်တမ်းများအရ ဂျပန် ကုမ္ပဏီ ၁၀၄ ခု ရှိနေပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ကုမ္ပဏီ ၅၃ ခု ပဲ ရှိခဲ့တာပါ ။ တစ်နှစ်ဆိုတဲ့ ကာလထဲမှာကို သိသိသာသာ နှစ်ဆနီးပါး မြင့်တက်တာ တွေ့ရတယ်။ ဒီ ရက်ပိုင်းထဲမှာလည်း ကုမ္ပဏီ ဆယ်ခုကျော်က အသင်းဝင်ချင်လို့ အမည်စာရင်းသွင်း ထားတာ ရှိပါတယ်။ အဲ့ဒါကြောင့် နောက်လ တွေမှာလည်း ထပ်ပြီးအသင်းဝင်တွေ တိုးလာဖို့ပဲ ရှိပါတယ်။

Voice : ဒါဆို အခုလို နှစ်ဆမြင့်လာတဲ့ အကြောင်းအရင်းကရော။

MST : ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းတွေ ကဏ္ဍစုံလင်စွာနဲ့ ဝင်ရောက်လာတာ တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်လည်း သူတို့ကို မေးဖြစ်တာတစ်ခု ရှိပါတယ်။ ဘာလို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို့ ရတာလဲပေါ့။ သူတို့ ပြောကြာတာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ် ဆိုရင် အားသာချက်နှစ်ခု ရှိပါတယ်။ တစ်ခုက လုပ်သားအင်အား တောင့်တင်းတယ်၊ နောက်တစ်ခုက စားသုံးသူ ဈေးကွက်က အရမ်းကြီးတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ကျော် ရှိနေတော့ စားသုံးသူ ဈေးကွက် ကြီးတာပေါ့။

အဲ့ဒါတွေ အားလုံးထက် အားသာချက်တစ်ခုက မြန်မာနိုင်ငံက နိုင်ငံရေးအရ၊ စီးပွားရေးအရ ပြုပြင် ပြောင်းလဲမှုတွေ အင်တိုက်အားတိုက် လုပ်နေတယ်။ ဒီလိုအချိန်မျိုးမှာ လတ်တလော နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံကို စိတ်ဝင်စားလာတာ တွေ့ရတယ်။ ဒါပေမဲ့ အခုမြန်မာ့စီးပွားရေး နယ်ပယ်ထဲမှာတော့ သိသိသာသာ ပြိုင်ဘက်တွေဆိုတာ မရှိသေးဘူး။ အနောက်နိုင်ငံတွေ ၊ အာရှ နိုင်ငံတွေက ပြိုင်ဘက်တွေ မလွှမ်းမိုးနိုင်သေးတဲ့ အချိန်မှာ ဂျပန်ကုမ္ပဏီတွေက အလျင်အမြန် နေရာယူထားတဲ့ သဘောပါပဲ။

Voice : စီးပွားရေး ပိတ်ဆို့မှုတွေလည်း မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ပမာဏက ဘာလို့ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေရတာလဲ။

MST : အင်း ဟုတ်ပါတယ်။ အဲ့ဒီကိစ္စကို ကျွန်တော် ဖြေရှင်းချင်ပါတယ်။ အခုဆိုရင် အစိုးရ ရဲ့ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ၁၁ ခုမြောက် ကုန်သွယ်ဖက် နိုင်ငံ ဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ တရုတ်နဲ့ ထိုင်းနိုင်ငံ တွေကြည့်မယ်ဆိုရင် သူတို့ရင်းနှီးမြှုပ်နှံမှု ပမာဏက ဂျပန်နိုင်ငံထက် ၁၀ဆလောက်ကို များနေတာ တွေ့ရတယ်။ တကယ်တမ်း ဘာဖြစ်လို့လဲဆိုရင် သူတို့တွေက မြန်မာနိုင်ငံရဲ့ အဓိက သယံဇာတ ဖြစ်တဲ့ စွမ်းအင်ကဏ္ဍတွေမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံ နေကြတာ ဖြစ်တယ်။ ဂျပန်ကုမ္ပဏီတွေ ကတော့ ကုန်ထုတ်လုပ်မှုကို ဦးစားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို အဓိက လုပ်ကိုင်တယ်။ ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် သုံးစွဲတဲ့ ကုန်ကျစရိတ်က စွမ်းအင်ကဏ္ဍတွေမှာ သုံးစွဲမှုလောက် မများပါဘူး။ အဲ့ဒါကြောင့် စွမ်းအင်ကဏ္ဍတွေကိုသာ အဓိက ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင် ပမာဏ နည်းနေတာပဲ ဖြစ်တယ်။

Voice : ဂျပန်ကုမ္ပဏီတွေက ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ အများစုမှာ အဓိကထား ရင်းနှီးမြှုပ်နှံ ကြတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံကနေ နာမည်ကြီး ကုန်ထုတ် လုပ်ငန်းကြီးတွေ ဝင်လာတာ မတွေ့ရ သေးဘူး။ အဲ့ဒါ ဘာဖြစ်လို့လဲ။

MST : အဲဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစားနဲ့ လာရောက် လေ့လာကြတဲ့ ဂျပန်လုပ်ငန်းရှင် အချို့ကို ကျွန်တော်တွေ့ဆုံ မေးမြန်းဖူးပါတယ်။ သူတို့တွေ ဒီမှာလာ လေ့လာကြတယ်။ စုံစမ်း မေးမြန်းကြတယ်။ အဲ့ဒါတွေအားလုံး လုပ်ပြီးတဲ့အခါမှာ သူတို့အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ရာအတွက် ကြီးမားတဲ့ အခက်အခဲနှစ်ခု ရှိနေတယ်လို့ ပြောကြပါတယ်။ ပထမဦးဆုံး တစ်ခုကတော့ အခြေခံ အဆောက်အဦး ကဏ္ဍပဲ ဖြစ်တယ်။
အခက်အခဲတွေထဲမှာ အဆိုးဆုံးက ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန် ကောင်းကောင်းတွေ မရှိတာပါပဲ။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ရန်ကုန်မြို့မှာ ရှိတဲ့ မင်္ဂလာဒုံ စက်မှုဇုန်တစ်ခုပဲ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ တည်ဆောက်ထားတာလို့ ပြောလို့ရတယ်။ ကျန်တဲ့ စက်မှုဇုန်တွေမှာ မြေဝယ်ပြီး လုပ်ငန်းတစ်ခု တည်ဆောက်လို့ ရပါတယ်။ဒါပေမဲ့ လျှပ်စစ်မီး မရှိဘူး၊ ရေမရဘူး။ ကိုယ်ပိုင်ရေတွင်း တူးရတာတွေ ရှိနေတယ်။

နောက်တစ်ခု အရေးကြီးတာ စက်မှုလုပ်ငန်းတွေက ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်နိုင်တဲ့ စနစ်တွေ မရှိဘူး။ မင်္ဂလာဒုံ စက်မှုဇုန် တစ်ခုမှာပဲ အဲဒီစနစ်တွေ ရှိနေတာ တွေ့ရတယ်။ အဲဒီလို နိုင်ငံတကာ စံနှုန်းနဲ့ အညီရှိနေတဲ့ မင်္ဂလာဒုံ စက်မှုဇုန်ကြီးကလည်း နေရာလွတ်တွေ မရှိဘဲ ပြည့်နေတာ တွေ့ရတယ်။ နောက်အခက်အခဲ တစ်ခုကတော့ လျှပ်စစ်မီး မလုံလောက်မှုဘဲ။ အဲဒါကတော့ အကြီးမားဆုံး ပြဿနာလို့တောင် ပြောလို့ရတယ်။ မြန်မာနိုင်ငံရဲ့ ၄၇ ရာခိုင်နှုန်းသော လျှပ်စစ်ဓာတ်အားတွေက ရေအားလျှပ်စစ် စီမံကိန်းကနေ ရရှိနေတာ တွေ့ရတယ်။ မြန်မာနိုင်ငံဟာ ပထဝီ အနေအထားအရ အဓိက မိုးရာသီနဲ့ နွေရာသီ နှစ်ခုကို ဖြတ်သန်းနေရတာ ဖြစ်တယ်။ မိုးရွာသီမှာ ရေအားလျှပ်စစ် စီမံကိန်းကနေ လျှပ်စစ် အလုံအလောက် ရနိုင်ပေမယ့် နွေရာသီမှာတော့ လျှပ်စစ် ထုတ်လုပ်မှု အင်မတန်မှ နည်းလွန်းတာကြောင့် လျှပ်စစ် အလုံအလောက် မရနိုင်တာ တွေ့ရတယ်။ အဲ့ဒီတော့ စက်မှုဇုန်တွေကို လျှပ်စစ်မီးပေးမှုကို အစိုးရကနေ အချိန်ပိုင်း နဲ့ ဖြတ်တောက်လာတွေ ရှိခဲ့တယ်။ ဒီနှစ် အခြေအနေတွေ ပိုပြီး ဆိုးလာတွေ့ရတယ်။ ဒီနှစ် ဇန်နဝါရီလ အစောပိုင်းမှာတော့ ညဘက်တွေကို လုံးဝ ဖြတ်တောက်လိုက်တာ တွေ့ရတယ်။ ဖေဖော်ဝါရီလလယ် လောက်မှာတော့ ညဘက်တွေ ဖြတ်တောက်တဲ့ အပြင် နေ့ဘက်တွေပါ ငါးနာရီလောက် ပိုပြီး ဖြတ်တောက်လာတာ တွေ့ရတယ်။ မတ်လ လယ်လောက်ကနေ စပြီးတော့ ၂၄နာရီ လျှပ်စစ် ဖြတ်တောက်မှုတွေ လုပ်လာတာ တွေ့ရတယ်။

ဒါတွေအပြင် လျှပ်စစ် ဖြန့်ဖြူးမှုတွေမှာလည်း မီးအတက်အကျ မငြိမ်တာ တွေတွေ့ရတယ်။ အဲဒီအခါ ဂျပန်လုပ်ငန်းရှင်တွေက ကိုယ်ပိုင် မီးစက်တွေနဲ့ လုပ်ငန်း လည်ပတ်လာရတော့ ကုန်ပစ္စည်းတိုင်းရဲ့ ကုန်ကျစရိတ်က နှစ်ဆနီးပါး မြင့်တက် လာနိုင်တာ တွေ့ရတယ်။ ဒါတွေကြောင့် အထည်ချုပ် လုပ်ငန်းတို့လို ကုန်ကျစရိတ် သိပ်မများတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြတာ ဖြစ်တယ်။ ကုန်ထုတ်လုပ်မှု လုပ်ငန်းကြီးတွေ လာရောက် လုပ်ကိုင်ဖို့အတွက် အထက်က ပြောခဲ့တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ လိုအပ်မယ် ထင်ပါတယ်။

"အခက်အခဲ တစ်ခုကတော့ လျှပ်စစ်မီး မလုံလောက်မှုဘဲ။ အဲဒါကတော့ အကြီးမားဆုံး ပြဿနာလို့တောင် ပြောလို့ရတယ်..."

Voice : မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သားတွေ မရှိဘူးလို့လည်း အခြားရင်းနှီးမြှုပ်နှံ လိုသူတွေထံက ပြန်ကြားရတာလည်း ရှိနေတော့ အဲ့ဒီအတွက်ရော ဂျပန်အစိုးရဘက်က အကူအညီပေးဖို့ အစီအစဉ်တွေများ ရှိပါသလား။

MST : ကျွန်တော်တို့ ဘက်ကတော့ စနစ်တကျ စီမံဆောင်ရွက်ထားတဲ့ အစီအစဉ်တွေတော့ မရှိပါဘူး။ ဒါပေမဲ့ လာမယ့် သြဂုတ်လ အတွင်းမှာ ဂျပန်အစိုးရ လက်အောက်မှာရှိတဲ့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က မြန်မာနိုင်ငံ UMFCCI ၁၁ လွှာ မှာ ဂျပန်စင်တာဆိုပြီး ဖွင့်ဖို့ ရှိပါတယ်။ ဒီကလူငယ်တွေ အတွက်ပေါ့။ သူတို့တွေ ကျွမ်းကျင်သူတွေ ဖြစ်လာဖို့အတွက် ရည်ရွယ်ပါတယ်။အဓိကကတော့ စီးပွားရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ ကျွမ်းကျင်သင်တန်း တစ်ခုပဲ ဖြစ်တယ်။ အမှန်တော့ ဒီလိုသင်တန်းတွေ အများကြီး လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုဆို မြန်မာနိုင်ငံက ပွင့်လင်းမြင်သာမှု ရှိလာတာနဲ့အမျှ နိုင်ငံခြား ကုမ္ပဏီတွေ အမြောက်အမြား ဝင်လာတော့မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိလာတော့မယ်။ အဲဒီအချိန်မှာ ဒီဘက်ကလည်း ကျွမ်းကျင် လုပ်သားတွေ ဖြစ်နေဖို့က အလွန် အရေးကြီးပါတယ်။

Voice : ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသော လူဦးရေက လယ်ယာ စိုက်ပျိုးရေးကဏ္ဍမှာ လုပ်ကိုင် အမှီပြုနေကြရတာ ဆိုတော့ အဲ့ဒီကဏ္ဍမှာရော ဂျပန်ကုမ္ပဏီတွေရဲ့ စိတဝင်စားမှု အခြေ အနေက ဘယ်လိုရှိနေပါသလဲ။

MST : ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကို နိုင်ငံတော်အစိုးရက နေဦးဆောင်ပြီးတော့ မြှင့်တင်ပေးဖို့လို အပ်ပါတယ်။ ဒါကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာတစ်ခု အပါအဝင် ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်တော် သိသလောက်တော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍဟာ ဆိုရင် မိသားစုလုပ်ငန်း တစ်ခုလိုပဲ တွေ့နေရတယ်။ သူတို့အတွက် လုံလောက်တဲ့ စက်ပစ္စည်းတွေ၊ နည်းပညာ အထောက်အပံ့တွေ မရှိဘူး။ အားလုံးက တစ်နိုင်တစ်ပိုင်ပဲ လုပ်နေကြတာ တွေ့နေရတယ်။ အဲ့ဒီ ပြဿနာတွေကို အစိုးရကနေ ဦးဆောင်ပြီးတော့ ဖြေရှင်းပေးရင်တော့ မြန်မာ့စိုက်ပျိုးရေး ကဏ္ဍကလည်း တစ်ခဏတည်းမှာ ပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဂျပန် ကုမ္ပဏီတွေကလည်း မြန်မာ့စိုက်ပျိုးရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါတယ်။ အခုလာမယ့် ဇူလိုင်လ အတွင်းမှာတောင် ဂျပန်လုပ်ငန်းရှင် အချို့က မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံဖို့ လာရောက် လေ့လာကြဖို့ ရှိပါတယ်။

နောက်တစ်ခု ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ မစ်ဆူရီ ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ ဆန်စက်တွေ တည်ဆောက် ပြီးတော့ နှစ်စဉ် ဆန်တန်ချိန် သုံးသိန်း ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ နောက် ၂ နှစ်၊ သုံးနှစ်တည်းမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒီနှစ်ထဲမှာလည်း မြန်မာနိုင်ငံကနေပြီးတော့ ဂျပန်အစိုးရက နှစ်ပေါင်း ၄၀ ကျော် ကြာပြီးတဲ့နောက်မှာ ပထမဦးဆုံး ဆန်တန်ချိန် ၅၀၀၀ ကျော် ဝယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ဆန်တွေကို အရည်အသွေး မြှင့်တင်ဖို့ အများကြီး လိုအပ်နေပါတယ်။ တစ်ချိန်က ဆန်စပါး တင်ပို့မှုမှာ ထိပ်ဆုံး ကနေ ရပ်တည်ခဲ့တယ်။ အခုအခါမှာလည်း အရည်အသွေး ပြည့်ဝတဲ့ ဆန်စပါးတွေကို ထုတ်လုပ်နိုင်မယ်ဆိုရင် အဲ့ဒီ အခြေအနေကို ပြန်ရရှိနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။ ကျွန်တော်တို့ မနှစ်ကဆိုရင် မြန်မာနိုင်ငံကနေ စိုက်ပျိုးရေးကဏ္ဍနဲ့ အဓိက ပတ်သက်နေတဲ့ အရာရှိ အချို့နဲ့ လုပ်ငန်းရှင် အချို့ကို ဂျပန်နိုင်ငံကို ဖိတ်ခေါ်ပြီးတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် လေ့လာခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါသေးတယ်။

Voice : မြန်မာနိုင်ငံမှာ လက်တလော ဖြစ်နေတဲ့ ပြည်တွင်း မငြိမ်သက်မှုကိုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ဂျပန်လုပ်ငန်းရှင်တွေကို ရိုက်ခတ်မှု ရှိပါသလား။

MST : ဘယ်လိုမှ မရိုက်ခတ်စေပါဘူး။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလို ကိစ္စမျိုးတွေက နိုင်ငံတကာမှာ အနည်းနဲ့အများ ဖြစ်နေတဲ့ ကိစ္စတွေပဲ။ ကျွန်တော်တို့ဘက်က လူတွေအတွက် ဘယ်လိုမှ ထိခိုက်စရာလည်း အကြောင်း မရှိပါဘူး။ ကျွန်တော်တို့ သတင်းမီဒီယာတွေမှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အကျဉ်းလောက်ပဲ ဖော်ပြပေးတာ။ အခြား အနောက်နိုင်ငံက မီဒီယာကြီးတွေလို မီးမှောင်းထိုးပြီး အသေးစိတ် ဖော်ပြလေ့ကို မရှိတာ။ အဓိက ကျွန်တော်တို့ဘက်က အသိပေးတာတွေက မြန်မာနိုင်ငံမှာ ရရှိနိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာ အခြေအနေတွေကိုလည်း ထောက်ပြပေး၊ အသိပေးတာတွေပဲ လုပ်ပေးလေ့ ရှိပါတယ်။

Voice : အခုဆိုရင် မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တချို့ကို ဒေသခံပြည်သူတွေက ဆန့်ကျင် ဆန္ဒထုတ်ဖော်နေတာတွေ တွေ့ရတယ်။ ဂျပန်ကုမ္ပဏီကိုရော ဆန့်ကျင်မှုတွေ ပြုလုပ်လာကြရင် ဘယ်လို ဖြေရှင်း ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

MST : ဟုတ်ပါတယ်။ ကျွန်တော် သိရသလောက်ဆို တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ဆန့်ကျင်နေကြတာ တွေ့ရတယ်။ တကယ်တမ်းတော့ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွေ အတွက် တစ်စိတ်တစ်ပိုင်းကနေ ပါဝင် ကူညီနေကြတာပဲ။ ဒါကို ဒေသခံ ပြည်သူတွေက ဘာလို့ မုန်းနေကြတာလဲ။ အဲဒါတော့ ကျွန်တော် နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ကျွန်တော် နားလည်ထားသလောက်ကတော့ တရုတ်ကုမ္ပဏီတွေက အချိန်တို အတွင်းမှာ အကျိုး အမြတ်တွေကို မြန်မြန်ဆန်ဆန် ရချင်ကြတယ်။ နောက် မြန်မာနိုင်ငံကိုလည်း အချိန်တို အတွင်းမှာ တိုးတက်စေချင်ကြတယ်။ အဲဒီတော့ ဒေသခံတွေရဲ့ အမြင်မှာတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မတရား ရယူသွားတယ်လို့ မြင်ကောင်း မြင်မိတာ ဖြစ်တယ်။
ကျွန်တော်တို့ကတော့ ရေရှည် အကျိုးကို မျှော်မှန်းကြတာ ဖြစ်တယ်။ ဒီစီမံကိန်း တစ်ခုကနေ အကျိုးအမြတ်ကတော့ ဘယ်လောက်၊ အကျိုးသက်ရောက်မှုကတော့ ဘယ်လောက် ဆိုပြီး အကြိမ်ကြိမ် ပြန်လည် ဆန်းစစ်မှုတွေ လုပ်ပြီးမှ ဆောင်ရွက်ကြတာ ဖြစ်တယ်။ ကျွန်တော်တို့ မျှော်မှန်းတာကတော့ အများနဲ့ မတူတဲ့ ရေရှည် လက်တွဲမှု ဖြစ်ဖို့ပါပဲ။

Copyright © 2013 The Voice
All rights reserved
Powered by The Voice